ရွှေကူမြို့ပေါ်ရပ်ကွက်ထဲ ရှော့တိုက်ဒုံးကျလို့ မိခင်သေပြီး သမီးဖြစ်သူနဲ့ နောက်ထပ်ကျောင်းသူတယောက် ဒဏ်ရာရ

ဇွန် ၁၈ ၊ ၂၀၂၆
GG (VOM)
ကချင်ပြည်နယ် ၊ရွှေကူမြို့မှာ တိုက်ပွဲပြင်းထန်လာမှုနဲ့အတူ မြို့ပေါ်လူနေရပ်ကွက်ထိပါ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတယောက်သေဆုံးကာ နောက်ထပ်နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရှိ ရပါတယ်။
မနေ့က ဇွန် ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲလောက်မှာ ခုံခမ်းရပ်ကွက်ရှိ မူကြိုကျောင်းအနီး နဲ့ ၁၉ လမ်းမှာ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ကြောင်း ၊ သေဆုံးသူက စစ်ရှောင်အမျိုးသမီး ဒေါ်ဖြူဖြူအေးဖြစ်တယ်လို့ သိရပါတယ်။
” ပွဲချင်းပြီးတယောက်သေတယ်။သေတဲ့သူက ဗန်းမော်ကနေ စစ်ရှောင်လာတဲ့ အမျိုးသမီးပါ ။ ထိခိုက်ဒဏ်ရာ ရတဲ့သူထဲမှာ သေဆုံးသူရဲ့ သမီးလေးလည်းပါတယ်။ သမီးလေးကတော့ လက်မောင်းထိတယ် သိရတယ်။ နောက်တယောက်က ဆယ်တန်းကျောင်းသူလေးလို့သိရတယ်။ မြို့ပေါ်မှာတိုက်ပွဲမရှိဘဲ မြို့ပေါ်ကို ဘာလို့ ပစ်ကြတာလဲ စဥ်းစားမရဘူး ။ မပစ်ကြပါနဲ့ ။ ” လို့ မြို့ ခံက ပြောပါတယ် ။
ထိခိုက်ဒဏ်ရာ ရရှိသူနှစ်ယောက်လုံးကို ရွှေကူပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး ဒဏ်ရာရရှိတဲ့အထဲက ဦးခေါင်းနောက်စေ့ပွင့်ဒဏ်ရာရရှိခဲ့တဲ့ ဆယ်တန်းကျောင်းသူလေးကတော့ စိုးရိမ်ရတယ်လို့ သိရပါတယ် ။
ရွှေကူမြို့ပေါ်ကို ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲပြီးနောက်မှာ အစိုးရတပ်က တန်ပြန် လေကြောင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
” ဆိုင်ရှေ့က ဆိုင်ကယ်နဲ့ဖြတ်သွားတာတော့ ကလေးမလေး ၁၀ ကျော်သက်လေး ထိထားလို့ ဆိုင်ကယ်နဲ့ညှပ်တင်သွားတာ တွေ့လိုက်တယ်။ ရှော့တိုက်ဒုံးကျပြီး ခဏကြာတော့ လေယာဥ်နဲ့လာကြဲတယ်။ မြို့ပေါ်တော့မဟုတ်ဘူး ။အသံတွေတော့ကြားရတယ် ။ အခုဆို ကျောင်းနဲ့ကင်းကွာနေတဲ့ ကလေးတွေလည်း အထူးအစီအစဥ်နဲ့ စာမေးပွဲဖြေနေကြတယ်။ ” လို့ မြို့ခံက ဆိုပါတယ်။
လက်ရှိ ရွှေကူမြို့ပေါ် စာသင်ကျောင်းတွေမှာ အစိုးရရဲ့ အထူးအစီအစဥ်နဲ့ Placement Test ဖြေဆိုနေတဲ့ ကျောင်းသားကျောင်းသူ ထောင်နဲ့ချီ ရှိနေသလို မြို့ခံအများအပြားလည်း.စစ်မရှောင်ပဲ နေထိုင်နေကြတာဖြစ်လို့ မြို့ပေါ်ကို လက်နက်ကြီး ပစ်ခတ်တာမျိုး မပြုလုပ်ဖို့ မြို့ခံတွေက တောင်းဆိုမှုရှိနေပါတယ်။
ရွှေကူမြို့နဲ့အနီးမှာ ဇွန်လ ၁၁ ရက်နေ့ကစပြီး တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာ ဖြစ်ပြီး တိုက်ပွဲမစတင်ခင်မှာ မြို့နေပြည်သူလူထုကို ရွေကူမြို့ကနေ တိမ်းရှောင်ဖို့ KIA ကသတိပေးစာထုတ်ပြန်ခဲ့ပါတယ်။
ဒါအပြင် အစိုးရတပ်စစ်ကြောင်းတွေ ရွှေကူကနေတဆင့် ဗန်းမော်ကို အင်အားဖြည့်တင်းမှု မလုပ်နိုင်အောင် အစိုးရစစ်ကြောင်း သွားလာလှုပ်ရှားမယ့်ရွှေကူမြို့အဝင် လမ်းမကြီး နဲ့ ငါးအိုး-ရွှေကူလမ်းမကြီးလည်း ရက်အကန့်အသတ်မရှိ ပိတ်ကြောင်းနဲ့ တော်လှန် – လမ်းကူး – စီသာ – မိုးကင့် – စီဖွာလမ်းပိုင်းကိုသာ အသုံးပြုဖို့ တဆက်တည်း သတိပေးခဲ့ပါတယ်။
သတိပေးမှုကိုမလိုက်နာပဲ မြို့ထဲမှာ ဆက်လက်နေထိုင်ခြင်း ၊ကန့်သတ်လမ်းပိုင်းကို အသုံးပြုတာမျိုးလုပ်ပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ပြဿနာကို တာဝန်မယူဘူးလို့ စာမှာဖော်ပြခဲ့ပါတယ်။
လက်ရှိမှာ ရွှေကူမြို့ကနေ ဗန်းမော်ကိုသွားတဲ့ လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန် ဖြစ်ပွားနေပြီး အစိုးရတပ်တွေက ဗန်းမော်ကို အင်အားဖြည့်တင်းနိုင်ဖို့အတွက် စစ်ကြောင်းထိုး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW