ပုဂံရဲ့ ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ ယွန်းထည်လုပ်ငန်းဈေးကွက်ဆက်တိုက်ကျဆင်းနေ

ဇွန် ၂၁/၂၀၂၆
NM(VOM)
ရှေးနှစ်ပေါင်း တထောင်ခန့်ကတည်းက ထွန်းကားလာခဲ့တဲ့ ပုဂံရဲ့ ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ ယွန်းထည်‌ေတွရဲ့ဈေးကွက်ဟာ ဆက်တိုက်ကျဆင်းနေတယ်လို့ မျိုးရိုးစဉ်ဆက် ယွန်းထည်လုပ်ငန်းလုပ်ကိုင်လာတဲ့ Bagan House တည်ထောင်သူ ဒေါ်မော်မော်အောင်ကပြောပါတယ်။
ကိုဗစ်ကာလကထဲက ကျဆင်းလာခဲ့တဲ့ ယွန်းထည်လုပ်ငန်းဈေးကွက်ဟာ လက်ရှိမှာတော့ ယခင်ဈေးကွက်‌‌ေရာင်းအားရဲ့ ၂ရာခိုင်နှုန်းကနေ ၅ရာခိုင်နှုန်း အထိသာ ရောင်းအားရှိနေတယ်လို့ဆိုပါတယ်။
“အရင်တချိန်တုန်းကတော့ ကျမတို့ဆိုင်ကို တနေ့ကို နိုင်ငံခြားသားဧည်သည့်အဖွဲ့၂၀၊၃၀အဲ့လိုတွေဝင်တာဆိုတော့ Market က direct ပေါ့နော်။အခုကျတော့ နိုင်ငံခြားပို့တဲ့ Market က ပို့လို့ရတယ်။ဒါပေမယ့်ဝယ်တဲ့ customer နည်းသွားတယ်။မြန်မာပြည်တင်မကဘူး။နိုင်ငံတကာမှာလည်း စီးပွားရေးမကောင်းတဲ့ကာလဖြစ်သွားတော့ အရင်တုန်းက ကျမဆီမှာ ယွန်းဆရာ၊ဆရာမ၊ ယွန်းပညာရှင်ပေါင်း ၄၀လောက်ရှိတယ်။ အရောင်းစာရေးက ၁၀ဦးလောက်ရှိတယ်။ အခု၁၀ယောက်လောက်ပဲရှိတယ်။ ဒါတောင် ယွန်းပညာရှင်တွေမပျောက်ပျက်အောင်တော်တော်လေးကို ကျားကန်ထားခဲ့ရတာ” လို့ ဒေါ်မော်မော်အောင်ကပြောပါတယ်။
ယွန်းထည်ဈေးကွက် ပြန်လည်မြင့်တက်လာစေဖို့ ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းတွေကိုလည်း ထုတ်လုပ်နေပြီး အဆိုပါ ထုတ်ကုန်တွေကို လူငယ်တွေကပါစိတ်ဝင်စားဝယ်ယူကြတယ်လို့ဆိုပါတယ်။
“အရင်အဖိုးအဖွားတွေ လက်ထက်ကလုပ်ခဲ့တာ ယွန်းဆွမ်းအုပ်တွေ၊ ယွန်းထမင်းချိုင့်တွေ၊ ယွန်းလက်ဖက်အုပ်တွေ၊ ကွမ်းအစ်တွေ၊အဲ့လိုအပြင် ကျွန်မလက်ထက်မှာတော့ဆွဲကြိုးတွေ၊ စလင်းဘက်အိတ်တွေ၊ ယွန်းယပ်တောင်တွေ ခေတ်နဲ့အမီပေါ့ ဈေးကွက်အရ ပြုပြင်ပြောင်းလဲပြီး တချို့ဒီဇိုင်းတွေကို တီထွင်ပြုလုပ်ပါတယ်။ အခုချိန်မှာ စိတ်ဝင်စားမှုများတာက ယွန်းဆွဲကြိုးတို့၊ဖက်ရှင်နဲ့ ပတ်သက်တာပေါ့။ ယွန်းစလင်းဘက်အိတ်တို့ပေါ့။အဲ့တာတွေက လူငယ်တွေစိတ်ဝင်စားမှုများတယ်ပေါ့။ အဲ့ဒီအတွက်လည်း လူငယ်တွေ မြန်မာ့ယွန်းကိုအခုလိုထိန်းသိမ်းတဲ့စိတ်နဲ့ ဝင်ပြီးတော့ဝယ်ယူအားပေးကြတာ လေ့လာကြတာရှိလာတဲ့အတွက် ကျမတို့အနေနဲ့ တော်တော်ကြီးကို ဝမ်းသာပါတယ်” လို့ ဒေါ်မော်မော်အောင်က ဆက်လက်ပြောကြားပါတယ်။
ယွန်းလက်ကိုင်အိတ်တွေရဲ့ ဈေးနှုန်းက အနိမ့်ဆုံး၄သိန်း၅သိန်းကနေ ၈သိန်း၉သိန်းအထိရှိ‌ေနပြီး ရွှေအစစ်နဲ့ပြုလုပ်ထားတဲ့ ယွန်းလက်ကိုင်အိတ်တစ်လုံးကို ကျပ် ၁၅သိန်းအထိပေါက်ဈေးရှိ‌ေနပါတယ်။
ယွန်းထည် ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေနဲ့ ပတ်သက်ပြီး “ဒါကကျတော့ ရွှေဈေးတက်သွားတော့ ရွှေဆိုင်းဈေးတွေလည်း တက်သွားတော့ အိတ်တွေရဲ့ တန်ဖိုးလည်းတက်သွားတယ်။ နောက်ပြီးတော့ကုန်ကြမ်းပစ္စည်းတွေပေါ့။ အရင်တုန်းကသစ်စေးပုံးတစ်ပုံးကို၂သိန်း ၃သိန်းလောက်ကနေပြီး အခုသစ်စေးပုံးတစ်ပုံးကို ၁၀သိန်းလောက်ဖြစ်သွားတာ၊ပြီးတော့လည်းအထဲထဲမှာ ထည့်တဲ့ colour တွေပေါ့။ကျွန်မတို့ကတော့အမှန်အကန်ပေါ့နော်။နှစ်ပေါင်းရာနဲ့ချီပြီးခံတဲ့ အနီရောင်ဆေး ဟင်္သာပြဒါးပေါ့ တပိသာကို သိန်း၈၀လောက်အထိပေါက်တယ်။အရင်တုန်းက ၃/၄သိန်းကနေ အခုသိန်း၈၀ဆိုတော့ အရောင်ခြယ်ကာလာတွေမှာလည်းဈေးကြီးတယ်။ရွှေဆိုင်းတွေကလည်းဈေးကြီးတယ်။ နောက်တစ်ခါကျတော့ ကျမတို့ ယွန်းအနုပညာရှင်တွေပေါ့။ ယွန်းအနုပညာရှင်တွေလည်း အရင်တုန်းက၇၀၀၀လောက်ပေးလို့ရပေမယ့် ခုဆို နှစ်သောင်းလောက်အနည်းဆုံးပေးမှ သူတို့ရဲ့အသက်မွေးဝမ်းကျောင်းအတွက်အဆင်ပြေမှာပေါ့။ အစစအရာရာ ကုန်ဈေးနှုန်းတွေကြီးမြင့်လာတော့ လက်မှု လုပ်ငန်းတွေလည်းဈေးတွေကြီးမြင့်လာတာပေါ့” လို့ ပြောပါတယ်။
ယွန်းထည်ပစ္စည်းတွေကို ဝါးကနေသစ်စေးကိုင်ပြီး ကုန်ချောထွက်တဲ့အထိ ယွန်းအနုပညာရှင်‌​တွေ ကိုယ်တိုင်ပြုလုပ်တာဖြစ်ပြီး ယွန်းပစ္စည်းတခုဖြစ်ဖို့အနည်းဆုံး ၆လခန့် အချိန်ကြာမြင့်ကာ ယွန်းဆွမ်းအုပ်ကြီးတွေပြုလုပ်ရချိန်ဟာ အချိန် ၂နှစ်ခန့်ကြာမြင့်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW