သူတို့အိမ် အခန်း (၁၄၈)

ဆူးငှက်

မန္တလေးအနီးး မြို့လေးက ပွဲကြီး တစ်ပွဲ
——————————————

အခု လက်ခံရသည့် ပွဲကတော့ ပွဲကြီးဖြစ်သည်။ မျက်နှာကြီးပွဲလေ။ ပွဲက ထိုမြို့ရှိ ရပ်ဆွေ ရပ်မျိုး တစ်ယောက်က စပ်ဟပ်ပေးသည့် ပွဲ ဖြစ်သည်။ ပွဲက ထိုမြို့လေး၏ မြို့ထောင့် စေတီကြီး၄ဆူရှိသည့် အနက် အနောက်တောင်ထောင့်က မြို့ထောင့်စေတီကြီး တစ်ဆူကို ထီးတင်သည့် အလှူပွဲ ဖြစ်သည်။ ထီးဒကာက မန္တလေးက သူဌေးဘွဲ့ခံ မြို့မိမြို့ဖကြီး၏ သမီးမိသားစုဖြစ်သည်။ ထီးတင်ပွဲကို ဦးစီးကြီးကြပ် တင်လှူမှာက နာမည်ကြီး သီလရှင် ဆရာလေးတစ်ပါးတဲ့။ ထိုဆရာလေးက ထိုမြို့လေးမှာသာမက ရန်ကုန် မန္တလေး မုံရွာ စသော မြို့ကြီးများအထိ သြဇာကြီးကာ ဒကာဒကာမတွေ ဝိုင်းဝိုင်းလည်နေတာတဲ့။ အထူးသဖြင့် ဈေးချို က လုပ်ငန်းရှင် အမျိုးသမီးတွေ၊ ကျန်မြို့ကြီးများရှိ လုပ်ငန်းရှင် ပွဲကတော် စက်ပိုင်ကတော် ပွဲကတော် စသော ကတော်များအပြင် အပျိုလေး အပျိုကြီး များအထိ အရွယ်စုံ အမျိုးသမီး အများစုက ကိုးကွယ်ကြတာတဲ့။ ထိုဆရာလေးကလည်း ထိုမြို့လေး၏ အရှေ့မြောက်ထောင့်ရှိ မြို့ထောင့် စေတီတစ်ဆူအနီးမှာ ရိပ်သာကျောင်းကြီး တခမ်းတနား ရှိသည်။

ပွဲကို စပ်ဟပ်ပေးသော ရပ်ဆွေ ရပ်မျိုး ပုဂ္ဂိုလ်၏ သမီး အပျိုလေးကလည်း ထိုဆရာလေး၏ လက်ရင်း ဒကာမတစ်ဦးဖြစ်သည်။ ထို့ကြောင့် ပွဲရက်မတိုင်မီ ၁ရက်ကြိုပြီး ထိုဆရာလေး ရိပ်သာကျောင်းသို့ လာရန် ရပ်ဆွေရပ်မျိုး ဦးလေးနှင့် ချိန်းသောကြောင့် ညနေစောင်းတွင် သွားရ၏။ ကျောင်းက ထူထောင်တာ သိပ်ကြာသေးပုံမရ။ မုခ်ဦးနှင့် တံတိုင်းတွေက ပြီးစီးနေသော်လည်း အတွင်းက အဆောက်အအုံ အချို့က ဆောက်လက်စ ဖြစ်သည်။ ဆောက်လုပ် ပြီးစီးတာက တရားထိုင် အဆောင်များနှင့် ဆရာလေးသီတင်းသုံးသည့် အဆောင်ဖြစ်သည်။ ကျန်ပြီးစီး နေတာက စေတီနှင့် ရုပ်ပွားတော်ဖြစ်ကာ တစ်နေရာမှာ သူရဿတီ ဘိုးဘိုးအောင် စသော ရုပ်တုများကလည်း ဆေးခြယ်လက်စ ဖြစ်သည်။ ရိပ်သာ၏ အရှေ့ခြမ်းမှာ အဆောက်အအုံအသစ်တစ်လုံးဆောက်ရန် ပြင်ဆင်နေပုံရသည်။ တိုင်းထွာနေကြတာတွေ့သည်။ ကျွန်တော်တို့ ရောက်တော့ ဦးလေးကြီးက ဆရာလေး ကျောင်းပေါ် တက်ခဲ့ဖို့ ခေါ်သည်။

ဆရာလေး၏ ကျောင်းပေါ်မှာ
——————————-

ကျောင်းက နံကပ် တစ်ထပ်ကျောင်းဖြစ်သည်။ ၃ခန်းပတ်လည်လောက်ရှိမည်။ အပေါ်တက်သွားတော့ ခေါင်းရင်းမှာ ဘုရားခန်းက ခမ်းနားလှ၏။ ဘုရာခန်းမှာ ကန်တော့ပွဲတွေကလည်း အပြည့်ထိုးထားသည်။ ဘုရားခန်းဘေးက အနိမ့်တစ်နေရာမှာလည်း ဘိုးဘိုးအောင် သူရဿတီ ရုပ်တုများသာမက စိုင်းဘာဘာ အန့်ကုံး ကွမ်ယင် မယ်တော်စသော ရုပ်တုများလည်းရှိသည်။ ဘုရားခန်းရှေ့ ဘယ်ဘက်ဘေးမှာ ၂ယောက်အိတ် ခုတင်ကြီးတစ်လုံးရှိပြီး မွေ့ယာ အထူတွင် ကတ္တီပါ အိပ်ရာခင်း၊ ကတ္တီပါစွပ်ခေါင်းအုံး ၂ဆင့်နှင့် ကတ္တီပါမှီအုံး တစ်လုံးရှိကာ ကတ္တီပါ အနားကွပ် ယပ်တောင်ကြီး များလည်း ခုတင်တိုင်မှာ ထောင်ထား၏။

ဆရာလေးက ထိုခုတင် ဘေး အောက်မှာ ထိုင်နေသည်။ သူ့ဒကာမ အများစုက ဆရာလေးနှင့် မျက်နှာချင်းဆိုင် ခပ်ခွာခွာကနေ လက်အုပ်ချီကာ ဒူးတုပ် ထိုင်နေကြသည်။ ၁၀ဦး ၁၅ဦးလောက်ရှိမှာပေါ့။ ဦးလေးခေါ်လို့ ကျွန်တော်က ကင်မရာလွယ်ကာ ကျောင်းပေါ် တက်ပြီး ဦးလေးဘေးဝင်ထိုင်တော့ လှည့်ကြည့်ကြသည့် ဒကာမများထဲတွင် ကျွန်တော်သိသော ဒကာမအချို့ကိုလည်း တွေ့လိုက်ရသည်။ ဈေးချိုထဲက၊ ထိုးမုန့်တန်းက အသိ အမျိုးသမီးတွေပေါ့။ သူတို့က ရယ်ပြသည်။

ဆရာလေးရှေ့တွင် လက်အုပ်ချီနေကြသူတွေထဲက ခပ်ငယ်ငယ်လေးတစ်ယောက်က ထလာသည်။ သူက ဦးလေးရဲ့ သမီးတဲ့။ ၁၉ နှစ်လောက်တော့ရှိမည်။ ခပ်သွယ်သွယ် ခပ်ချောချော မြန်မာဆန်ဆန်လေးပါပဲ။ သူက သူ့အဖေဘေးလာပြီး ဆရာလေးက ဓာတ်ပုံဆရာကို မနက်စောစော ဆွမ်းကပ် စပြီးရိုက်ရမှာမို့ ကျောင်းမှာ ညအိပ်လို့လည်း ရကြောင်း၊ အရေးကြီးတာက မနက် ၆နာရီ ဆွမ်းကပ်အမီနှင့် ထီးတင်ပွဲကို အစအဆုံး အစီအစဉ်များ မလွတ်အောင် ရိုက်ပေးဖို့ မိန့်ထားကြောင်း လာပြောသည်။ အခုလည်း ကမ္ဘာဧစေတီ ပန္နက်တင်မှာကိုလည်း ဓာတ်ပုံရိုက်ပေးစေလိုကြောင်း ပြောပြသည်။

ကျွန်တော်က အစစ အဆင်ပြေစေ ရပါမယ်ဟု ပြောလိုက်သည်။ ဆရာလေးက ထိုင်ရင်း အခြားဒကာမ တစ်ယောက်နှင့် နက်ဖြန် ပွဲအစီအစဉ်တွေ ပြောနေလို့ ကျွန်တော်ရိုက်ရမည့် အစီအစဉ်ကို ဦးလေးသမီး ဒကာမလေးကို ကြိုတင်မှာထားပုံရသည်။ ဆရာလေးက မကြီးလှသေး။ ရှိလှ ၃၀ကျော်ပေါ့။ ၃၅နှစ်ဆိုတာ အလွန်ဆုံးရှိမည်။ ရွှေကိုင်းမျက်မှန်နှင့် ဖြစ်ကာ မျက်လုံးခပ်မှေးမှေး သွားဖုံး မောက်မောက်နှင့် မြင်ဖူးနေကျ ဝါကြီး ဝါရင့် ဆရာလေးများ ဥပတိမျိုး ဖြစ်သည်။ အသံသြဇာကလည်း ဝါကြီးဝါရင့် ဆရာလေးများ၏ အသံသြဇာ မျိုးပါပဲ။ လာပြောသော ဦးလေးသမီးက သူ့နေရာ ပြန်သွားပြီး မကြာမီ ပန္နက်တင်ဖို့ အခမ်းအနားစတော့မည်မို့ထင်သည်။ အားလုံးက ထကြသည်။

ဓာတ်စီးတာတဲ့
———————–

ဆရာလေးကလည်း ထိုင်နေရာက ထကာ အပေါ်ရုံကို သေသပ်အောင် ပြင်ဆင်သည်။ ပုခုံးတင် တစ်ထည်ကိုပင် ခေါက်ကာ တင်သည်။ ထို့နောက် ဆရာလေးက အောက်ဆင်းတော့ အားလုံးက သူ့နောက်က လက်အုပ်ချီ လိုက်ကြ၏။ စောစောက မြင်ခဲ့သည့် အဆောက်အအုံ အသစ်ဆောက်မည့် နေရာဆိုတာ ကမ္ဘာဧစေတီ တည်မယ့်နေရာပဲ။ ထိုနေရာသို့ ဆရာလေးက ဦးဆောင်၍ သွားသည်။ ထိုနေရာရောက်တော့ ကန်တော့ပွဲများနှင့် တင်မြှောက်ပြီး ပန္နက်ရိုက်သည်။ ပြီးသည်နှင့် ဆရာလေးအနီးရှိ အမျိုးသမီးတစ်ဦးက ဆန်ပန်းပေါက်ပေါက်များနှင့်အတူ ပိုက်ဆံများ ကျဲသည်။ ဆရာလေးက လက်အုပ်ချီကာ ဆုတောင်းနေသည်။ ထိုစဉ် ချက်ချင်းလက်ငင်းဆိုသလို ဆုတောင်းနေသော ဆရာလေးက ခံ့ညား ပီပြင်သော အသံမှ ကလေးသံလို အသံသေးနှင့်အတူ ဆုတောင်းသည့် စကားများမဟုတ်တော့ဘဲ အညုအနွဲ့ အပြောအဆိုဖြစ်လာ၏။

ထိုစဉ်အနားမှာရှိသော ခပ်ငယ်ငယ်အမျိုးသမီးလေးတစ်ဦးက ဆရာလေးဘေးသို့ အမြန်ကပ်၍ ခါးက ဖက်ထား၏။ အားလုံးက လက်အုပ်ချီထားကြရာမှ ဓာတ်စီးပြီ ဓာတ်စီးပြီဟု ပြောကြကာ ဆရာလေးနား ဝိုင်းအုံကြသည်။ ထို့နောက် ဆရာလေးက သူရုံသိုင်းထားသော အပေါ်ဝတ်ကို ဖယ်ချသည်။ ထို့နောက် အောက်က ဆွဲကာ ချွတ်ချလိုက်သည်။ အတော်များများက ကျွန်တော့်ဖက်လှည့်ပြီး ဓာတ်စီးတာကို ဓာတ်ပုံရိုက်လေ၊ ဓာတ်ပုံရိုက်ဟု အော်လိုက်ကြမှ ကျွန်တော်လည်း အသင့်ပြင်ထားသည့် ကင်မရာနှင့် ဆက်တိုက် ရိုက်လိုက်တော့သည်။ ဆက်၍ ဖြစ်သွားသော မြင်ကွင်းများက ကျွန်တော့်မှာ မျက်လုံးများပင် ပြာသွားကာ မယုံနိုင်ဖြစ်သွားရတော့သည်။

ဓာတ်စီးနေပြီတဲ့
——————–

သူတို့ကတော့ ဓာတ်စီးနေတာလေ၊ ဓာတ်ပုံရိုက်ထားပါ၊ ရိုက်ထားပါဟု ပြောသောကြောင့် ကျွန်တော်လည်း ရှေ့သို့ တိုဝင်လိုက်သည်။ ဆရာလေး၏ ဘေး ဝိုင်းနေကြသည့် အမျိုးသမီးအုပ်စုထဲက တစ်ယောက်က အသင့်ယူလာသည့် မီးခိုးရောင် တက်ထရက် ဘောင်းဘီရှည် တစ်ထည်ကို ဆရာလေး အောက်ပိုင်းမှာ ကျန်နေသည့် 007 တံဆိပ်ပါသည့် အပြာရင့်နှင့် ခရမ်းရောင် စပ်ကြား နိုင်လွန် အာက်ခံဘောင်းဘီ ဖုံးသည်အထိ အောက်က စွပ်ကာ ဝတ်ပေးလိုက်သည်။ ဆရာလေးကတော့ အသံသေးလေးနှင့် ဘာတွေ ပြောနေမှန်းမသိ။

ခပ်ငယ်ငယ် အမျိုးသမီးလေး ရင်ခွင်ကြား ခေါင်းခွေ့ တိုးနေသည်။ စောစောက ဘောင်းဘီရှည် ဝတ်ပေးသည့် အမျိုးသမီးကပဲ ဆရာလေး၏ အပေါ်ရုံကို ချွတ်ကာ အပြာရင့်နှင့် မီးခိုးကြား စပို့ရှပ်တစ်ထည် ဝတ်ပေးပြန်၏။ ထို့နောက် ထိုအမျိုးသမီးကပဲ ဝိုင်းနေသေယ လူအုပ်ထဲကို လှမ်း၍ ဦးထုပ်နဲ့ မျက်မှန်ဟု အော်လိုက်သည်။

အတိတ်ဘဝက ရဲနောင် ဆွေနု
————————————

ထို့ကြောင့် နောက်က တစ်ယောက်က အဖြူရောင် လျှာထိုးဦးထုပ်ကို လှမ်းပေးလိုက်သည်။ အနားရှိ အမျိုးသမီးက ဆရာလေးခေါင်းပေါ် ဦးထုပ်ဆောင်းပေးကာ ရွှေကိုင်းမျက်မှန်ကိုလည်း ဖြုတ်ပြီး နေကာမျက်မှန် တပ်ပေးလိုက်၏။ သူတို့ အချင်းချင်းပြောနေကြတာက အခုလို ဓာတ်စီးရင် ဆရာလေးက အရင်ဘဝက ရဲနောင် ဖြစ်သွားပြီး သူ့ကိုဖက်ထားသော အမျိုးသမီးလေးကလည်း ဟိုဘဝက သူ့ရည်းစား ဆွေနု တဲ့။ ထိုသို့ဓာတ်စီးပြီ ဆိုလျှင် ဆရာလေးက အသက်၂၀အရွယ် ရဲနောင် ဖြစ်သွားကာ သူ့ရည်းစားလေးက ၁၈နှစ်သမီး ဆွေနုတဲ့လေ။

ဓာတ်စီးနေချိန်တွင် သူတို့က သမီးရည်းစားများကဲ့သို့ ပြုမူကြသည်။ ဘောင်းဘီရှည်နှင့် စပို့ရှပ်နှင့် ဦးထုပ်နှင့် နေကာမျက်မှန်နှင့် ရဲနောင်က ၁၈နှစ်သမီး ချောချောလှလှလေးကို ပွေ့လိုက် ဖက်လိုက် တိုးတိုးပြောလိုက် ပါးနမ်းလိုက်၊ ကလေးမလေး ရင်ခွင်ကြားခေါင်းတိုးလိုက်၊ ထိုမျှမက ခါးဖက်ပြီး လမ်းလျှောက်ကာ အပြင်ဘက် မုခ်ဦးကြီးအနားထိ သွားတော့ နောက်က တအုံတမ လိုက်ကြသည်။ ကျွန်တော်ကလည်း မြင်သမျှ ရိုက်ပေါ့။ မုခ်ဦးကြီး အကွယ်ရောက်တော့ ရဲနောင်က ဆွေနုကို ထောင့်ကပ်ပြီး ခါးဖက်ကာ အင်္ဂလိပ်လို နမ်းသည်။ အားလုံက အောင်ပြီ အောင်ပြီ အောင်ပြီ ဟု ကြွေးကြော်ပြီး လက်ခုပ်တီးကြသည်။

ဆရာလေးကလည်း ဓာတ်စီးတာ ပြီးသွားပြီ။ ဘောင်းဘီချွတ် စပို့ရှပ်ချွတ် ဦးထုပ်ချွတ် မျက်မှန်ချွတ်ပြီး နဂို အဝတ်များပြန်ဝတ်၏။ မောနေသော ဆရာလေးကို ကျောင်းပေါ် ပွေ့ခေါ်သွားကြပြီး ယပ်ခပ်ကြ ရေတိုက်ကြသည်။ ခဏနေတော့ ဆရာလေးလည်း ရွှေကိုင်းမျက်မှန် တဝင်းဝင်းနှင့် လက်တင်ပါသည့် ကျွန်းသား ခုံကြီးပေါ် မြိန့်မြိန့်ကြီးထိုင်ကာ ဝါတော်လေးငါးဆယ်ရ ပုဂ္ဂိုလ်ကြီး ပြန်ဖြစ်သွားသည်။ သူ့ဘေးက တစ်တောင်လောက် မွေ့ရာနှင့် ခုတင်မှာ ညရောက်လျှင် ဘိုးဘိုးအောင် အစရှိသော ပုဂ္ဂိုလ်များ ကြွလာသတဲ့။ ကိုင်း သည်တော့လည်း ကျွန်တော်က သည်မှာ ညအိပ်ပြီး မနက်စော ဓာတ်ပုံရိုက်မည်ဟူသော အစီအစဉ်အစား အိမ်ပြန်ပြီး မနက်မလင်းခင် မရောက်ရောက်အောင် ပြန်လာခဲ့ပါမည်ဟု အာမဘန္တေခံကာ ကင်မရာအိတ်လွယ်ပြီး စက်ဘီးလေးနှင့် အိမ်သို့ ပြန်လိုက်တော့သည်။ ဘယ့်နှယ် အဲသည်မှာဖြင့် မအိပ်ရဲပေါင်ဗျာ။

ထီးတော် ပင့်လှူ ပူဇော်ပွဲ
—————————

မတတ်နိုင်၊ အိမ်မှာခဏတဖြုတ်နားကာ တစ်မှေးလောက်မှေးပြီး မနက်၅နာရီမထိုးမီ စက်ဘီးလေးနှင့် ထွက်ရပြန်သည်။ ကိုသိန်းဆွေကလည်း အိမ်မှာပဲ အိပ်ပြီး အတူသွားကြ၏။ ထိုနေရာအထိ မနက်အစော ကားရှင်းလို့ ၆နာရီ ဆွမ်းကပ်မီပါသည်။ ကပ်ကျော် ဒေါ်သီသနပ်ခါးဘုရားက အရှေ့တက်လိုက်ရုံပဲလေ။ ဆွမ်းကပ်ပြီးသည်နှင့် ထီးတော်ကို တင်လှူမည့် စေတီကြီးဆီသို့ အခမ်းအနားနှင့် ပင့်ဆောင်တော့သည်။ ရှေ့ဆုံး နိဗ္ဗာန်ဆော်ကားနောက်က လင်းရိုဗာကား၏ ရှေ့ခန်းမှာ ဆရာလေးက ထိုင်ပြီး အစီအစဉ်များ ကြီးကြပ်သည်။ အခု မြင်ရသည့် ဆရာလေးက မနေ့ညနေက ဓာတ်စီးသည့် ဆရာလေးနှင့် ဘာမှ မဆိုင်၊ ခံ့ညား တည်ကြည်လှချည့်။ မျက်နှာထားကလည်း တင်းလှချည့်။ မနေ့က သူ့အနားဝိုင်းအုံနေကြသည့် အမျိုးသမီးအုပ်စုကလည်း တူညီ ဝတ်စုံများဖြင့် လက်အုပ်လေးတွေ ချီကာ ကျက်သရေ ရှိလှချည့်။ ဟို.. ၁၈နှစ်သမီးအချောအလှလေးက ကြိုးကြီးချိတ် ရွှေရောင်။ ရင်ဖုံးလက်ရှည်၊ ဆံထုံးလေး ပုံ့ပုံ့နှင့် ချောလှ ယဉ်လှချည့်။

ထီးတော်ကို ပင့်ရာတွင် ထီးတော်အလှူရှင် သူဌေး၏ မိသားစု ဝင်းနှင့် စံအိမ်ကြီးရှိရာ ဝါးတန်းရပ်အထိ လှည့်လည် အပူဇော်ခံကာ အလှူရှင် မိသားစုက ထိုစံအိမ်ရှေ့မှ ကြိုပြီး ကိုယ်ပိုင်ကားများနှင့် လိုက်ပါကြသည်။ ကျွန်တော်တို့ဓာတ်ပုံသမား၂ယောက်က အမိုးဖွင့် ဂျစ်ကားပေါ်က ရပ်ကာ ကြိုနှင့်၍ ရိုက်လိုက်၊ ယှဉ်၍ ရိုက်လိုက်နှင့် ဆရာလေး၏ သာဝက ခိုင်းသမျှ ရိုက်ရသည်။ ထို့ကြောင့် ၈၄လမ်းပေါ်ရောက်သည်နှင့် တောင်သို့ ချိုးမှာမို့ ခေတ်မီ ဓာတ်ပုံတိုက်သို့ ကြိုသွားနှင့်ကာ ကာလာဖလင်လိတ်တွေ ထပ်ဝယ်ထားရသည်။ ဤသို့ဖြင့် ထီးတော်တင်လှူမည့် အင်းထိပ်က စေတီကြီးသို့ ရောက်တော့ ၈နာရီကျော်ပါပြီ။ စေတီကြီး ပရိဝုဏ်မှာလည်း မဏ္ဍပ်ကြီးထိုးထားကာ လာသမျှပရိသတ်ကို ဒန်ပေါက်ထမင်းဖြင့် ဧည့်ခံနေသည်။ မဏ္ဍပ်ကြီး၏ ထိပ် စေတီခြေရင်း ဘုရားလုဏ်ပေါက်မှာ ကန်တော့ပွဲများ ပြင်ထားပြီး လက်တင် ကျွန်းကုလားထိုင်ကြီး ချထားကာ ဆရာလေးက ထိုပေါ်ထိုင်ပြီး ကန်တော့ပွဲများ နှင့် စီမံနေသည်။ ထို့နောက် သူကိုယ်တိုင် ကန်တော့ပွဲများ တင်သသည်။

ထိုစဉ် ထိုဘုရားကြီးပတ်ဝန်းကျင်မှ ဖြစ်ပုံရသော နန်းဝတ်နန်းစားနှင့် အမျိုးသား အမျိုးသမီးများ၊ ရှာပန်းနီ ခေါင်းစည်း၊ ရင်စီး ထိုင်မသိမ်း ပြန်ထမီနှင့် ဥစ္စာစောင့်လို မိန်းမများလည်း ရောက်လာတော့ ကန်တော့ပွဲများကိုလည်း သူတို့ကို ပေးကာ အလှူငွေလည်းပေးဖို့ ဆရာလေးက အလှူရှင်မိသားစုကို လှမ်းပြောလို့ အလှူ့ရှင်က ပိုက်ဆွအိတ်ဖွင့်ရသည်။ အလှူငွေပေးပြီးသူတို့လည်း ဆိုင်ရာ ကန်တော့ပွဲတွေ ရွက်ပြီး အလျှိုလျှို ပြန်သွားကြသည်။ ထိုစဉ်က ထိုဘုရားဝန်းကျင်မှာ အခုလိုမဟုတ်၊ အင်းစောင်းရှိ လမ်းကလည်း လှည်းလမ်းသာသာ ကွေ့ကောက် ကျဉ်းမြောင်းသည်။ လမ်းလေးပေါ်မှာ လက်ပံပင်အိုကြီးတွေ ဆီးမိုးထားပြီး အနားဝန်းကျင်မှာလည်း အုတ်ပြို အုတ်ပျက်များနှင့် သစ်ကြီးဝါးကြီး ခြုံနွယ်များ တောထနေ၏။ ကိုသိန်ဆွေက မဏ္ဍပ်အပြင်ဘက်ကိုပဲ လိုအပ်သည်များ ရိုက်ကာ ကျွန်တော်က ဆရာလေးဘေး ဒူးတုပ်ကာ သူလှုပ်ရှားသမျှ မှတ်တမ်းတင်ရသည်။

မင်္ဂလာ အခါတော်
——————–

သည်လိုနှင့် မနက် ၉နာရီ ၉မိနစ်တိတိမှာ ထီးတော်တင်မည်။ ထို့ကြောင့် မဏ္ဍပ်၏ဘေး အင်းစောင်းလမ်းဘေး ဆင်ထားသော စက်ကြိုးယန္တယား ရထားပျံအနီး စုဝေးကာ အခါစောင့်ကြသည်။ ရထားပျံပေါ်မှာက ထီးတော်၏ ပထမဆင့်က တင်လှူဖို့ အဆင်သင့်တင်ထားပါပြီ။ ရထားပျံဘေးမှာ အလှူ့ရှင်မိသားစုနှင့် ဆွေမျိုးများ ရပ်မိရပ်ဖများက အခါသင့်သည်နှင့် ထီးတော်ပင့်ရန် ကြိုးများကို အဆင်သင့် ကိုင်ထားကြပြီ။ ဆရာလေးက ရထားပျံ နှင့် မလှမ်းမကမ်း အခါပေးချိန်အသိပေးထုမည့် မောင်းကြီးဘေးတွင် မိုက်ကိုကိုင်ကာ ရွတ်ဖတ်နေသည်။

သူ့ဘေးမှာက ဆင်တူဝတ်စုံများနှင့် ကုမ္မာရီအဖွဲ့က ကြိုးကြီးချိတ်ဝတ် အချောအလှလေး ဦးဆောင်ပြီး လက်အုပ်လေးတွေချီကာ ညီညီညာညာ ဝန်းရံနေကြသည်။ ဤသို့ဖြင့် ၉နာရီ ၉မိနစ်အချိန်တွင် ဆရာလေးက အခါတော်ဟု အသိပေးလိုက်ပြီး မောင်းကြီးက ဒူဟူဟူဟူ ဟု အချက်ပေးသည်နှင့် ထီးတော်အလှူ့ရှင်မိသားစု ဦးဆောင်ကာ ရထားပျံယန္တယားကြိုးကိုဆွဲပြီး ထီးတော်စတင်သည်။ ဆရာလေးက မိုက်ကိုင်ပြီး ရွတ်ဖတ်သည်ကို သူ့ကုမ္မာရီအဖွဲ့ကလည်း သံပြိုင်လိုက်၍ ညီညာစွာ လိုက်ဆိုကြသည်။ ထီးတော်တင် ရထားပျံက သာသနာ့အောင်လံများ တလွင့်လွင့်နှင့် တက်သွားပြီ။ စေတီတော်ကြီး ထိပ် ထီးတော်တင်လှူမည့်နေရာမှာလည်း စောင့်ကြိုနေကြသည်။ ဘူတို့ထဲမှာ အလံနီ အလံစိမ်းကိုင်ထားသူက အခါတော်ရောက်သည့် အချိန်ကစ၍ အလံစိမ်းကို တဖျပ်ဖျပ်ရမ်းကာ အချက်ပြနေ၏။

စက်သီးကြိုး ညပ်သွားလို့တဲ့
——————————

ထီးတော်တင် ရထားပျံကလည်း တရွေ့ရွေ့တက်သွားတာ နတ်လမ်းအလယ်လောက် ရောက်တော့ တုံ့ခနဲ ရပ်သွား၏။ အပေါ်က အလံစိမ်းရိုက်ပြနေသူက အလံနီကို ချက်ချင်းပြောင်းကာ ဝှေ့ရမ်းပြနေသည်။ အောက်က မော့ကြည့်နေသူအားလုံး ဟာခနဲဖြစ်သွားသည်။ ရထားပျဲက ဆက်မတက်တော့။ အောက်က ယန္တယား စက်သွားကိုလှည့်သူများက ဆက်လှည်မရဘဲ တင်းခံနေသည်ဟု ပြောသည်။ အပေါ်က အလံနီရမ်းပြနေသူက စက်သီးညပ်သွားပြီ ရပ်ထားဦးရပ်ထားဦးဟု အော်သည်။ အပေါ်က နောက်ထပ်တစ်ယောက်က စက်သီက မညပ်ပါဘူး သူ့လမ်းကြောင်းမှာ ရှိနေတာပါဟု အော်ပြန်၏။ သို့သော် ရထားပျံက မတက်တော့။ ဆရာလေးက ရွတ်ဖတ်နေရာမှ နယ်ပိုင်ပယ်ပိုင်များကို တောင်းပန်နေသည်။ အထူးသဖြင့် ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ကြီးများကို အဓိဋ္ဌာန်တိုင်တည်ကာ ပင့်ကာ အကူအညီတောင်းနေသည်။ ထို့နောက် မိုက်ကို ပိတ်ခိုင်းကာ ကန်တော့ပွဲ တစ်ပွဲတောင်းပြီး နဖူးနှင့် တိုက်၍ ပြောဆိုနေသည်။ ၁၀မိနစ်ခန့်ပြောဆိုပြီး အလှူ့ရှင်မိသားစုကို အနား၍ ခေါ်ပြီး ပြောလိုက်သည်။

ထိုစကားက အလှူ့ရှင်ကို တိုးတိုးပြောကြားသော်လည်း လူအုပ်တွင်းမှ ဆရာလေးနဲ့ အမျိုးသမီးအဖွဲ့ က ထီးတော်တင်မှ ရမှာတဲ့ ဟူသော အသံတွေ ထွက်လာ၏။ ခဏမျှ ငြိမ်သက်ပြီး ဆရာလေးက အချက်ပြလိုက်သည်နှင့် သူ့ကုမ္မာရီအဖွဲ့က ဇာတ်နိုက်ထားသည့်အလား ယန္တယားကြိုးဆီရောက်လာကြသည်။ ဆရာလေးက ထိပ်က ယန္တယားကြိုးကိုကိုင်သည်။ သူက လက်ထဲကမိုက်ဖြင့် ဆိုင်ရာပိုင်ရာကို တောင်းပန်နေပြန်၏။ သူ့နောက်က ကြိုးကြီးချိတ်အလှလေး ဦးဆောင်ကာ ကုမ္မာရီအဖွဲ့က ယန္တယားကြိုးကိုကိုင်ကာ အသင့်နေရာယူ ထားကြသည်။ ဆရာလေးက ဒုတိယမ္ပိအခါတော် ပေးသနားပါ အရှင်တို့ဟု ကြွေးကြော်ပြီး မောင်းကြီးကို တီးခတ်စေကာ ထီးတော်ရထားပျံ ယန္တယားကြိုးများ ဆွဲတင်သောအခါ တုံ့ဆိုင်းခြင်းမရှိတော့ဘဲ လျောလျောလျူလျူတက်သွားတော့ အောင်ပြီ အောင်ပြီ အောင်ပြီဟု ကုမ္မာရီများက ကြွေးကြော်ကြတော့သည်။ ကျွန်တော်ကတော့ ဓာတ်ပုံရိုက်ရင်း ဆရာလေး၏ ဇာတ်ညွှန်းများကို သဘောကျနေမိတော့သည်။ သည်လိုနှင့် အလှူ့ရှင်များမပါဘဲ ဆရာလေးဦးဆောင်သော ကုမ္မာရီ အမျိုးသမီးအဖွဲ့က ထီးတော်ဘုံ၇ဆင့်နှင့် ငှက်မြတ်နားတော် စိန်ဖူးတော်အထိ တင်လှူနိုင်တော့သည်။

အရေးကြီး ပုဂ္ဂိုလ်တစ်ဦး ကြွလာဦးမည်
———————————————

ထီးတော်တင်လှူပြီးသည်နှင့် ဆရာလေး၏ သာဝက က ကျွန်တော့်ကို မကြာမီ ထီးတင်ပွဲသို့ အရေးကြီးပုဂ္ဂိုလ်ကြီး တစ်ဦး ကြွလာဦးမည်။ ထိုပုဂ္ဂိုလ်ကြီး လာသည်မှ စ၍ ဆရာလေးနှင့် အလှူ့ရှင်မိသားစုနှင့် ပြောဆိုသမျှ လှုပ်ရှားမှုများကို ဓာတ်ပုံနှင့် မှတ်တမ်းတင်ပေးပါ။ သည်အတွက် ဖလင်ကုန်တာမျိုး မဖြစ်ပါစေနှင့်၊ အထူးသဖြင့် ဓာတ်ပုံရိုက်သောအခါ အရေးကြီးပုဂ္ဂိုလ် ကို အနှောက်အယှက်လည်း မဖြစ်ပါစေနှင့်ဟု သေချာမှာသည်။ မဏ္ဍပ်အတွင်းတွင်လည်း နေရာထိုင်ခင်းများ ပြန်လည်ပြင်ဆင်နေ၏။ တချို့ကို အပြင်ထွက်ခိုင်းသည်။ အလှူ့ရှင်မိသားစုက လူစုံအောင် သေချာစုနေသည်။

ဆရာလေးက သူ့ အပေါ်ရုံကို သေချာ ပြန်လည် ပြင်ဆင်နေသည်။ ဧည့်သည်အတွက်လည်း ကာဖီ သို့မဟုတ် ဘိလပ်ရည် ကြိုက်ရာသုံးဆောင်ဖို့ ဆနွမ်းမကင်း မာစကက် ထိုးမုန့် ခနုံထုပ် ပွဲတော်လက်ဖက် ရေနွေးကြမ်း သောက်ရေဖန်ချိုင့် စသည်တို့ကို အသင့်ပြင်ထားသည်။ သာဝကကြီးက အရေးကြီးပုဂ္ဂိုလ်ဟုသာ ပြောထား၏ ဘယ်သူ ဘယ်ဝါဟု မပြော။ ထို့ကြောင့် ကျွန်တော့်မှာ ကင်မရာကို အသင့်ပြင်ရင်း မှန်းဆကြည့်နေမိသည်။ မန္တလေးက ဒေသပါတီဥက္ကဋ္ဌလား၊ ဒါမှမဟုတ် ရန်ကုန်က အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးဦးလား၊ ထို့ကြောင့် အစိုးရအဖွဲ့ထဲက မန္တလေးနှင့် ပတ်သက်နိုင်သူ ဝန်ကြီးတွေကို ဉာဏ်မီသလောက် စဉ်းစားမိပြန်သည်။ မန္တလေးသား ပြည်ထဲရေးဝန်ကြီးလား၊ မန္တလေးနန်းတွင်းမှာ ထိုင်သွားဖူးသည့် ပါတီအထွေထွေအတွင်းရေားမှူးလား စသည်ဖြင့်ပေါ့။

ထိုသို့ စဉ်းစား၍ မဆုံးမီပင် လာပြီလာပြီ လမ်းရှင်းပေးပါဟူသော အသံနှင့်အတူ မလှမ်းမကမ်းမှာ ကားတစ်စီး ထိုးဆိုက်လာသည်။ နောက်မှာလည်း ဂျစ်ကား တစ်စီးပါသည်။ ပွဲနှင့် ပတ်သက်သည့် လူကြီးများ အခြားလူကြီးများ ကားနားကပ်ကာ ဆီးကြိုကြသည်။ ကျွန်တော်က ကျွန်တော့်ကိုမှာထားသော သာဝကကြီးအနားထိ တိုးကပ်ကာ ကင်မရာကို အသင့်ပြင်သည်။ ယူနီဖောင်းနှင့် တူသည့် ဝတ်စုံကို ဝတ်ဆင်ထားသော ကားဒရိုင်ဘာက အရင်ဆင်းသည်။ ထို့နောက် နောက်ခန်းက ကားတံခါးကို ဒရိုင်ဘာက ဖွင့်ပေးသည်။ ကားပေါ်က အရေးကြီးပုဂ္ဂိုလ်ကြီးက လက်ပြနှုတ်ဆက်ပြီး ဆင်းလာ၏။ ထိုပုဂ္ဂိုလ်ကြီးကို မြင်လိုက်တော့ ကျွန်တော်ထင်ထားတာတွေ အားလုံးမှားကုန်သည်။ ဘယ်လိုမှ ထင်မထားသည့် ပုဂ္ဂိုလ်ကြီး။ ဘယ်လိုမထင်၊ သတိထားမိတာက အတော် ကျန်းမာသေးတာပဲဟု။ ကျွန်တော်က ဓာတ်ပုံရိုက်ရင်း စိတ်ထဲက အသက်ရာကျော် ရှည်ပါစေဟု ဆုတောင်းနေမိသည်။ လက်ထဲမှာ ဝှေ့ရမ်းရမည့် စက္ကူ နိုင်ငံတော် အလံလေးတော့ စိတ်ကူးထဲမှာ မပါခဲ့။

Related posts

Leave a Comment

VOM News

FREE
VIEW