သူတို့အိမ် အခန်း (၁၄၆)

ဆူးငှက်

မြို့အနောက်ခြမ်းက မီးဘေး
——————————

ထိုစဉ်က မြို့အနောက်ခြမ်းမှာ မီးကြီးလောင်နေတော့ ဘူတာကြီးအရှေ့ဘက် မြို့အရှေ့ခြမ်းက အတော်များများကလည်း မြိုကအနောက်ခြမ်းရှိ ဆွေမျိုးများ မိတ်ဆွေများ၏ အိမ်သို့ သွားရောက်ကူညီကြသည်။ ထို့အတူ မြို့အရှေ့ခြမ်းရှိ ဘုန်းကြီးကျောင်းတိုက်ကြီးများမှ သံဃာတော်များကလည်း အနောက်ခြမ်း မီးလောင်ပြင်သို့ သွားရောက် ညှိမ်းသတ် ကူညီကြ၏။ ထို့ကြောင့် မြို့အရှေ့ခြမ်းရှိ အိမ်များ ဘုန်းကြီးကျောင်းများတွင် မီးဘေးမှ ပြေးလာသူ မီးဘေးသင့်သူများ အထုပ်အပိုများနှင့် ရောက်လာကြသည်။ မီးလောင်ပြင်မှ မီးသတ်ကားများက ကျုံးအတွင်းသို့ ခေါက်တုန့်ခေါက်ပြန် ရေလာထည့်ကြရာ ထိုကားများပေါ်တွင် ခရာများမှုတ် လမ်းရှင်းပေးသော သံဃာတော်များလည်း ပါသည်။

ကျွန်တော် ဟေမာဇလအိမ်ရောက်တော့ အိမ်ရှေ့က ဆိုင်လေးကို ပိတ်ထားသည်။ အိမ်ရှိလူကုန် စိုးရိမ်နေကြ၏။ အဘနှင့် အမေက အနောက်ဝင်းမှာ ကျန်ရစ်သော မမခင်လှတို့နှင့် ကျန်သူများကို စိုးရိမ်သည်။ ခင်သော်ဇင်ကလည်း သူ့သင်္ဘောတန်းအိမ်ကို စိုးရိမ်နေ၏။ သတင်းတွေကတော့ အမျိုးမျိုး၊ မနိုင်တော့ဘူးတဲ့၊ ဈေးချိုကြီးပါသွားပြီတဲ့။ ဘဏ်တိုက်လည်း ပါသွားပြီတဲ့။ တစ်မြို့လုံးလည်း မီးသတ်ကားသံ ဆူညံနေသည်။ ကောင်းကင်ယံ တစ်ပြင်လုံးလည်း မီးခိုးလုံးတွေ ဖုံးနေသည်။ လမ်းပေါ်မှာလည်း ကားတွေ မြင်းလှည်းတွေ လူသံတွေ စီစီညံနေသည်။ ကျွန်တော်တို့ အိမ်မှာလည်း အရပ်ထဲက စာအုပ်ငှား ပရိသတ်အချို့ သတင်းဖလှယ်ဖို့ လာကြသည်။

သူတို့က မန္တလေး ရွာနေ ပြည်ထိုင်များမို့ မြို့အကြောင်း မီးသတ်အကြောင်း ပြောကြသည်။ သူတို့က မန္တလေးသား မီးသတ်ဗိုလ် ဦးမောင်မောင် အကြောင်းလည်း ပြောကြသည်။ သူက မန္တလေးသားဖြစ်သည့် အပြင် အင်္ဂလိပ်မီးသတ်ဗိုလ်များထံမှ မီးသတ်ပညာများ စံနစ်တကျ တတ်ထားသောကြောင့် မီးခိုးမြင်သည်နှင့် ဘယ်ရပ်ကွက် ဘယ်ဝင်းဆိုသည်ကို တန်းသိရုံမက ဘယ်လမ်းက ဘယ်လိုဝင်ရမလဲဆိုတာ ချက်ချင်း ညွှန်ကြားနိုင်ကြောင်း စသည်ဖြင့် ပြောကြသည်။ တစ်ယောက်က “အခု မီးသတ်က ဂဠုန်စီမံချက်နဲ့ စက်ဘီးဖမ်းရ၊ ကားဖမ်းရ၊ လူကြီးလာလို့ ကင်းစောင့်ရ၊ ဘုရားပွဲ လုံခြုံရေး လိုက်ရ၊ ခြင်ဆေးဖြန်းရ၊ ဘုန်းကြီးပျံ လမ်းရှင်းရနဲ့ မီးမသတ်တတ်တော့ပါဘူးကွာ ဟု ပြောသည်။ တစ်ယောက် မီးလောင်တော့လည်း လူကြီးအိမ်ပဲ မီးမကူးအောင် ရှိတဲ့ မီးသတ်ကားက သွားဝိုင်းနေရတာလေ ဟုလည်း ပြောသည်။ ထိုအခါ ပထမလူက မီးသတ်ကား ဆိုတာကလည်း အဖြစ်ပါကွာ၊ မီးလောင်ရင် စက်နှိုးမရတာ ခပ်များများဟု ဆိုပြန်၏။ ကျွန်တော်ကတော့ နားထောင်သူပေါ့။ မြို့ခံ မန္တလေးသားကြီးတွေ တမ်းတကြသည့် ရှေးက မန္တလေး မီးသတ်အကြောင်းကို ကျွန်တော်လည်း ရှာဖွေလေ့လာခဲ့တာ ဖောက်သည် ချပါရစေ။

မန္တလေးတွင် စတင်ဖွဲ့သည့် မီးသတ်
————————————–

မန္တလေးသည် ၁၈၈၅ခုနှစ် နိုဝင်ဘာ၂၉ရက်နေ့တွင် အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ပြီးနောက် ၁၈၈၇ခုနှစ်တွင် မန္တလေးမြူနီစီပယ်ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၁၁နှစ်အကြာမှ မန္တလေးမီးသတ်ဌာနကို ၁၈၉၈ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ထို့ကြောင့် မန္တလေးမီးသတ်ဌာန သက်တမ်းကား ယခု ၂၀၂၂ခုနှစ်တွင် ၁၂၄နှစ် တင်းတင်း ပြည့်လေပြီ်။ မန္တလေးမီးသတ်ကို စတင်တည်ထောင်စဉ်က တာဝန်ခံဗိုလ်မှာ မစ္စတာဝီလကင်ဆင် ဖြစ်သည်။ မီးသတ်ဌာန တည်ထောင်ပြီး မစ္စတာဝီလကင်ဆင်က တာဝန်ခံဗိုလ်အဖြစ် ဦးဆောင်ခဲ့ပြီးနောက် အင်္ဂလိပ်လူမျိုးမီးသတ်ဗိုလ် အဆက်ဆက်မှာ (၁) မစ္စတာ ဝီလကင်ဆင် (၂)မစ္စတာဒိုဇီ၊ (၃) မစ္စတာလစ်တယ်လ်၊ (၄) မစ္စတာဂင်းနစ်၊(၅) မစ္စတာနယူးလင်းတို့ ဖြစ်ပြီး မြန်မာလူမျိုး မီးသတ်ဗိုလ်အဖြစ် ပထမဆုံး တာဝန်ယူခဲ့သူမှာ ဦးမောင်မောင် ဖြစ်သည်။ မန္တလေးမီးသတ်ဌာနကို တာဝန်ယူခဲ့ကြသည့် အင်္ဂလိပ်မီးသတ်ဗိုလ်များအနက် မစ္စတာနယူးလင်းမှာ မီးသတ်ပညာ အရည်အချင်းများနှင့် ထူးချွန်ပြည့်စုံသူ ဖြစ်ပြီးပထမဆုံး မြန်မာမီးသတ်ဗိုလ် ဦးမောင်မောင်သည် မစ္စတာနယူးလင်း လက်အောက်တွင် ၁၃နှစ်ကြာမျှ မီးသတ်ပညာများကို လက်ပွန်းတတီး သင်ယူခဲ့ရသည်ဟု သိရှိရသည်။

မီးသတ်လှည်း၊ မီးသတ်မြင်း
——————————

ထိုစဉ်က မီးသတ်စက်မှာ ရေနွေးငွေ့နှင့် မောင်းနှင်ရပြီး မြင်းများနှင့် ဆွဲရ၏။ ထို့ကြောင့် မီးငြိမ်းသတ် ရာတွင် ခက်ခဲ နှောင့်နှေးတတ်သည်။ မီးသတ် အင်အားအနေနှင့် မီးသတ်တာဝန်ခံချုပ်(မီးသတ်ဗိုလ်) ၁ဦး၊ ဒုတိယ တာဝန်ခံ ၁ဦး၊ ကားမောင်းသူ(နောက်ပိုင်းကာလများ) ၄ဦး၊ ရေနွေးအိုးစက်ဆရာ ၂ဦး၊ တပ်ကြပ်ကြီး ၁ဦး၊ တပ်စိပ်မှူး ၃ဦး၊ မီးသတ် အလုပ်သမား ၃၂ဦး၊ မြင်းထိန်းဆရာ ၉ဦး၊ လက်သမာ ၁ဦး တို့ ပါဝင်သည်ဟု ဆိုသည်။ ထိုစာရင်းက ဒုတိယကမ္ဘာစစ် မဖြစ်မီက စာရင်းဟုလည်း သိရသည်။ ထိုစဉ်က မီးသတ်စက်များသည် မီးထိုး ရေနွေးငွေ့အားသုံး စက်များဖြစ်သည့် အပြင် စက်များ တင်ဆောင်ထားသော ယာဉ်ကို မြင်းများနှင့် ဆွဲရသောကြောင့် မီးလောင်လျှင် လောင်ချင်း အဆင်သင့် အသုံးပြုနိုင်ဖို့ အခက်အခဲ ရှိသည်။

ထို့ကြောင့် ၁၉၁၇ ခုနှစ်တွင် ဈေးချိုတော် ဂိုဒေါင်လေး တောင်ဘက်တိုက်တန်း မီးလောင်မှုတွင် မီးငြိမ်းသတ် နှောင့်နှေးမှုဖြင့် ဆိုင်ခန်း၆ခန်း ပျက်စီးသောကြောင့် မြူနီစီပါယ်ကို တရားစွဲသည်။ ရုံးတော်က မြူနီစီပါယ်ကို အနိုင်ပေးပြီး တရားလိုကို ဒဏ်ငွေသုံးရာကျပ် တပ်လေသည်။ ထိုငွေကို မီးသတ်ဌာနသို့ ချီးမြှင့်ခဲ့လေ၏။ ထိုကဲ့သို့ မီးသတ်စက်များ နှောင့်နှေးမှုကြောင့် တရားစွဲခံရသည်ကို အကြောင်းပြုကာ ထိုနှစ်မှစ၍ ချက်ချင်း မီးသတ်ငြိမ်းသတ်နိုင်သော မော်တော်မီးသတ်စက်များကို မြူနီစီပယ်က မီးသတ်ဌာန အတွက် ဝယ်ယူ ဖြည့်တင်းခဲ့သည်။
မှတ်သားဖွယ် ထူးခြားမှုတစ်ခုမှာ မီးသတ်စက်များကို ဆွဲသော မြင်းများမှာ အလွန် လိမ္မာလှသည် ဆို၏။ မြင်းများ ၉ကောင်ရှိရာ ထိုမြင်းများ အားလုံးက သူတို့၏ တာဝန်ကို နားလည် သိတတ်လှသည်။ ညာဉ့်အချိန် မီးလောင်၍ မီးလှန့် ခေါင်းလောင်းသံ ကြားသည်နှင့် မြင်းများအားလုံး အိပ်နေရာမှ ရုတ်ခြည်းထကာ ချပ်ဝတ်တန်ဆာများ ဆင်သောနေရာသို့ အမြန်သွားကြသည်။ ချပ်ဝတ်တန်ဆာပလာများ ဝတ်ဆင်မှုခံပြီးသည်နှင့် မီးသတ်စက်လှည်းကို ဆွဲဖို့ အသင့်နေရာယူပြီး ဖြစ်ကြသည်ဟု သိရသည်။ လိမ္မာ တာဝန်ကျေလှသော မီးသတ်မြင်းများကို တစ်နေ့လျှင် အစာ ၃ကြိမ်ကျွေးရသည် ဟုလည်းဆို၏။

အထနှေးသော မီးသတ်
————————–

ဤသို့ အထနှေးလှသော ရေနွေးငွေ့သုံးမီးသတ်စက်ကို သုံးစွဲရသောကြောင့် မီးလောင်မှု၏ ၉၀ရာခိုင်နှုန်းမှာ မီးသတ်ရေကန်များထဲက ရေကိုမီးသတ်သမားများက ပုံးဖြင့် ကိုယ်တိုင် သယ်ယူကာ ငြိမ်းသတ် ကြရသည် ဆို၏။ ထို့ကြောင့် မီးသတ်ဟူ၍ ထူးခြားသော စွမ်းရည် စွမ်းအားမရှိသောကြောင့် မိခင် မြူနီစီပယ်ဌာနက ပင်လျှင် မီးသတ်ဌာနသည် ငွေဖြုန်းတီးသော ဌာနဟု သုံးသပ်လာသည်ဟု ဆိုသည်။ နောက်ပိုင်းတွင် ခေတ်မီ မီးသတ်စက်များ မီးသတ်ယာဉ်များ သုံးစွဲပြီး မီးလောင်မှုများကို တားဆီးငြှိမ်းသတ်နိုင်မှ ထိုအမြင်လည်း ပြောင်းလဲကာ အားကိုး လာကြသည်ဟု ဆိုသည်။

ထိုစဉ်ကာလ မီးလောင်မှု အများစုမှာ သစ်ဝါးများသာ အသုံးပြုသော လူနေအိမ်ခြေများတွင် မီးကိုဂရုမစိုက်ဘဲ ပေါ့ဆစွာ သုံးစွဲကြခြင်းကြောင့် မလောင်သင့် မလောင်ထိုက်ဘဲ လောင်ကျွမ်း ဆုံးရှုံးခဲ့ကြရသည်ဟု မီးသတ်ဌာနက သုံးသပ်ခဲ့သည်။ ဥပမာအားဖြင့် သက္ကရာဇ် ၁၂၇၃ (ခရစ်နှစ် ၁၉၁၁) ဝန်းကျင်က လောင်ကျွမ်းခဲ့သော ကိုးတာမီးဟု အမည်တွင်သည့် မန္တလေးအနောက်ပြင် ပြည်ကြီးပျော်ဘွယ် ရပ်ကွက်ကြီးရှိ ကိုးတာရပ်မှ စတင် လောင်ကျွမ်းသော မီးကြီးသည် အဖိုးမတန်သော တဲငယ်လေးတစ်လုံးမှ ပေါ့ဆမီးကြောင့် မန္တလေးအနောက်ပြင် တစ်ခြမ်းလုံးရှိ လူနေရပ်ကွက်များ သာမက သာသနိက အဆောက်အအုံ အတော်များများ မီးဘေးသင့် ဆုံးရံှုးခဲ့ရဖူးသည်။

ကိုးတာမီးကြောင့် အိမ်ခြေပေါင်း ၁၃၀၀ကျော်၊ စက်ရုံပေါင်း ၁၆လုံး၊ မိုးကောင်းကျောင်းတိုက်ကြီးမှ ကျောင်းဆောင်များ၊ မဟာလောကရံသီ အိမ်တော်ရာစေတီဝင်းအတွင်းမှ ၁၄ခန်းဇရပ် အပါအဝင် ဇရပ်တန်ဆောင်းများ မီးဘေးသင့် ဆုံးရှုံးခဲ့ရသည်။ ထိုစဉ်က မီးသတ်စက်များ ခေတ်မမီမှု၊ ရေရှာပါးမှုများကြောင့် တစ်ဦးတစ်ယောက် ပေါ့ဆမှုမှသည် ကြီးမားနစ်နာသော ဆုံးရှုံးမှု ကြုံတွေ့ရခြင်း ဖြစ်သည်ဟု သိရ၏။ ကိုးတာမီးကြီး လောင်စဉ်က ၇ရက်နှင့် ၇ညတိုင် မီးငြိမ်းသတ်ခဲ့ရသကဲ့သို့ ထိုစဉ်က မီးလောင်ကျွမ်းမှုများတွင် မြို့လူထုက အကူအညီပေးရကောင်းမှန်း မသိကြပါဟု ပထမဆုံး မြန်မာလူမျိုး မီးသတ်ဗိုလ်ဖြစ်သည့် ဦးမောင်မောင်က လူထုသတင်းစာတွင် မန္တလေးမီးသတ် ဌာနရာဇဝင် ဟူ၍ ရေးသားခဲ့သည်။ မီးသတ်တာဝန်ခံချုပ်၊ မန္တလေးမြူနီစီပယ်ဟု သူ၏ရာထူးကို ဖော်ပြထားသည့် (၁၃၊၃၊၅၃) ရက်စွဲပါ ထိုအစီရင်ခံစာတွင် မြို့ပေါ်တွင် မီးသတ်ဌာနခွဲများ အလျင်အမြန်ဖွင့်လှစ်ရန် အရေးကြီးကြောင်းလည်း ထည့်သွင်း ရေးသားခဲ့၏။

မီးသတ်ယာဉ်က ခေတ်နှင့်အမီ မလိုက်နိုင်ခဲ့
————————————————

နောက်တော့ မီးသတ်က ခေတ်မီ မော်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ ရေစုပ်စက်များ၊ မီးသတ်စက်များ သုံးစွဲလာသည်။ မီးသတ်ရုံးရှိရာ ၂၉လမ်းနှင့် ၈၂လမ်းထောင့်တွင်လည်း မီးကြည့် မျှော်စင်တည်ဆောက်ကာ ၂၄နာရီ စောင့်ကြည့်ခဲ့သည်။ သို့သော် ဦးုကျားကြီးဝင်း မီးဘေးသင့်သည့် ၁၉၈၄ခုနှစ်အထိ မီးသတ်ဌာနတွင် ခေတ်နှင့် အမီလိုက်နိုင်သည့် မီးသတ်ယာဉ်များ မရှိသေးပေ။ ထို့ပြင် တိုးတက်ကျယ်ပြန့်လာသည့် မြို့ပြဧရိယာအတွက် လုံလောက်သော မီးသတ်ယာဉ်၊ မီးသတ်စက်၊ မီးသတ်ရဲဘော် အင်အားမပြည့်စုံသေးပေ။ ကိုလိုနီခေတ်နှင့် ပြည်တော်သာခေတ် မီးသတ်ယာဉ်များကိုသာ ပြုပြင်သုံးစွဲရခြင်းနှင့် ပြည်တွင်းတွင် တီထွင် တပ်ဆင်သော မီးသတ် ယာဉ်များ ကိုသာ သုံးစွဲနေရသည်။

အထူးသဖြင့် လူနေအဆောက်အအုံများမှာ ယခင်က အမြင့်ဆုံး ၂ထပ်နှင့် ၃ထပ်ဝန်းကျင်သာ ရှိခဲ့သော်လည်း ၁၉၈၀နောက်ပိုင်း အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်လာကြရာ ထိုအဆောက်အအုံများနှင့် လိုက်လျောညီမည့် အထပ်မြင့် မီးသတ်စက်များလည်း မရှိခဲ့ပေ။ အဆိုးဆုံးမှာ မန္တလေးသည် မူလမြို့တည်စဉ်ကပင် လေးထောင့်စပ်စပ် ဝင်းများဖြစ်ရာ ထိုဝင်းများ၏ မူလပုံစံက ဝင်းလည်တွင် ဝင်းပိုင်ရှင်၏ အိမ်ရှိပြီး ဘေးပတ်လည်တွင် အခြွေအရံတို့ အိမ်များစံနစ်တကျ ဝန်းပတ်သည့် ပုံစံဖြစ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ဝင်းများ၏ ပိုင်ရှင် အပြောင်းအလဲတွင် စိပ်ပိုင်းရောင်းချခြင်း၊ တိုးချဲ့ခြင်း စသည်ဖြင့် တဲအိမ်များဖြင့် ပြွတ်ညပ်ကာ လောင်စာများသဖွယ် ဖြစ်ကုန်သည်။ ထိုဝင်းများအတွင်း ဝင်လမ်းထွက်လမ်းများကလည်း မီးသတ်ယာဉ်မဆိုထားဘိ၊ လူ၂ယောက်ပင် မရှေင်သာအောင် ကျဉ်းမြောင်း ကုန်တော့သည်။ ထိုသို့သောလူနေအိမ်များဖြင့် ပြည့်ကျပ်နေသော ဝင်းများထဲတွင် မြိုးမြိုးမျက်မျက် အမြတ်ငွေကျန်သည့် ဓာတ်ဆီ ဒီဇယ်ဆီ စသော လောင်စာဆီ ရောင်းချမှုများလည်း များပြားလာ၏။ ထို့ကြောင့် ၁၉၈၄ခုနှစ် မတ်လ ၂၄ရက်နေ့က လောင်သောမီးသည် ထိန်းမနိုင်သိမ်းမရ ဝါးမြို လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

ကူရှင်ချုပ်တဲ့ အုန်းဆံစတွေက
———————————–

နောက်ရက် ရောက်တော့ မီးလောင်မှု ဖြစ်စဉ်ကို အတော်များများ သိလာရသည်။ ၁၉၈၄ခုနှစ် မတ်လ ၂၄ရက်နေ့ ညနေ၃နာရီမထိုးမီတွင်တွင် မန္တလေးမြို့ ၈၄လမ်းနှင့် ၃၅လမ်းထောင့်ရှိ ဦးကျားကြီးဝင်းရှိ ကားအမိုးနှင့် ကူရှင် ချုပ်သော အိမ်မှ စတင်လောင်ကျွမ်းခဲ့သည်။ ခြောက်နှစ်သားအရွယ် ကလေးငယ်မှ အိမ်ပေါ်တွင် မီးခြစ်ရာမှ ကူရှင်ထဲတွင် ထည့်သည့် အုန်းဆံဖတ်များမှ စတင်လောင်ကျွမ်းခဲ့သည်။ ကပ်မိုးထရံကာအိမ်ကို မီးလောင်သဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်သော်လည်း လောင်စာများကြောင့် မီးမထိန်းနိုင်ခဲ့ဘဲ မိနစ်ပိုင်းအတွင်းပင် မီးမှာ အရှိန်ရသွားခဲ့သည်။ မတ်လ ကုန်လု နွေဦးဖြစ်သဖြင့် တောင်လေတိုက်နေသောကြောင့် ၃၅လမ်းကို ခုန်ကျော်ကာ မြောက်ဘက်သို့ မီးမှာ ဆက်လက် လောင်တော့သည်။ ထိုအခါ မီးသတ်ကားများမှာ ရေရရန်အတွက် ၃၅လမ်း အောက်ဘက် မစိုးရိမ်ကျောင်းတိုက်နှင့် ကျုံးဘေးအထိ သွားရောက်ယူခဲ့ကြရသည်။ ထို့အပြင် ရပ်ကွက်အတွင်း ရေပိုက်ခေါင်းများမှာ ဖွင့်မရခြင်း၊ အိမ်များတွင်လည်း သင်္ကြန်အတွက် လောင်စာများ သိုလှောင်ထားခြင်း၊ ဝင်းအတွင်း မီးသတ်ကား ဝင်ရခက်ခြင်း တို့ကြောင့် မီးကို ထိန်းရန် ခက်ခဲ့သည်။

ညနေ၃နာရီခန့်မှ စတင်လောင်ကျွမ်းခဲ့သော မီးမှာ ၇နာရီခန့်အကြာတွင် မြောက်ဘက် ၃၄လမ်းမှသည် ဈေးချိုအနီး ၂၈လမ်းအထိ ထိန်းမရအောင် လောင်ကျွမ်းတော့သည်။ ဈေးချိုအနီး ၂၈လမ်းရောက်ချိန်တွင် အနောက်လေ က ရုတ်တရက်တိုက်လာသောကြောင့် ဈေးချိုတော်မှာ မီးဘေးမှ လွတ်ကင်းခဲ့ရသော်လည်း အရှေ့မြောက်ဘက်သို့ ဦးတည်သွားကာ တိုက်တာအများစုရှိသော စီးပွားရေးရပ်ကွက်အများအပြား ဆက်လက်လောင်ကျွမ်းသွားသည်။ ည ၁၀နာရီခန့်တွင် မီးက ၂၆ဘီလမ်းကိုကျော်၍ ကျုံးထိပ် ၂၄လမ်းအနီး ရောက်မှ မီးညွန့်ကျိုးသွားခဲ့၏။

ရွှေစာရံကို အရောက်သွားလို့ လည်နေကြစဉ်
———————————————-

မီးလောင်သည့်နေ့မှာ မန္တလေးမြို့သူမြို့သားများ သွားရောက်ဆင်နွှဲလေ့ရှိသည့် ရွှေစာရံဘုရားပွဲတော် နောက်ဆုံးရက် ဖြစ်သဖြင့် အတော်များများက မန္တလေးနှင့် ၁၅မိုင်ခန့်ဝေးသော ရွှေစာရံ ဘုရားပွဲခင်းထဲ ရောက်နေကြသည်။ ထို့ကြောင့် အချို့မှာ ဘုရားပွဲမှပြန်လာသည့်အချိန်တွင် ကိုယ့်အိမ်များမှာ ပြာပုံဘဝရောက်နှင့်နေကြပြီ။ ညနေစောင်းမှသည် တစ်ညလုံးလောင်သည့် မီးကြောင့် ထောင်ချီရှိသည့် မီးဘေးသင့်သူ မီးဘေးမှ ပြေးကြသူများက မန္တလေးတောင်ခြေ မန်းရာပြည့်ကွင်းနှင့် သုဓမ္မာဇရပ်တန်းသာမက ဈေးချိုတော် အနောက်ဘက်ရှိ ဘုန်းကြီး ကျောင်းများအထိ ပြေးကြ ခိုကြသည်။ တချို့လည်း မြစ်ဆိပ်မှ မင်းကွန်းဘက်သို့ပင် လှေဖြင့် ပြေးကြတော့သည်။ ထို့ကြောင့် အများဆုံးပြေးကြသည့် ညဘက်ပိုင်းတွင် မန်းရာပြည့်ကွင်းနှင့် သုဓမ္မာဇရပ်တန်းတွင် လူပျောက်ရှာသံများဖြင့် ဆူညံနေခဲ့သည်။

မီးလောင်မှုတွင် ဈေးချိုတော် ရုံကြီး ၁၂ရုံ၊ အစိုးရကုန်တိုက်၊ ၂၆ဘီလမ်းပေါ်မှ ဘဏ်တိုက်နှင့် ကျုံးထောင့် အော်တိုတယ်လီဖုန်းရုံးတို့ မီးဘေးမှ လွတ်ခဲ့သော်လည်း ဈေးချိုတော်တိုက်တန်းကြီး၏ တောင်ဘက်ခြမ်း၊ ကြေးနန်းရုံးနှင့် ဘဏ်တိုက်ကြီး ခေါင်မိုး တို့ မီးဘေးသင့်ခဲ့သည်။ မီးလောင်ပြင်တွင် ညှိမ်းသတ်ရန် ရေကုန်သွားသောကြောင့် မြောင်းရေနှင့် ပက်ငြှိမ်းခဲ့ရသဖြင့် ၈၄လမ်းနှင့် ၃၃လမ်းရှိ လူထုစာအုပ်တိုက်မှာမူ မီးလွတ်သွားခဲ့သည်။ ထို့ကြောင့်လည်း ၈၄လမ်းအတိုင်း မြောက်ဘက်ရှိ အဆောက်အဦးများမှာ ဈေးချိုတော်အထိ မီးလွတ်ခဲ့သည်။ ဈေးချိုအနီးရှိ ရှေးဟောင်း အိုးဘိုဗလီကြီးမှာ မီးထဲပါသွားခဲ့သည်။ မြို့လယ်ရှိ ဘာသာရေး အဆောက်အအုံများ၊ စာကြည့်တိုက်များ၊ လူနေတိုက်တာများနှင့် စီးပွားရေး လုပ်ငန်းများ အများအပြား လောင်ကျွမ်းခဲ့သည်။ ထိုမီးဘေးကြောင့် မန္တလေး၏ အသည်းနှလုံး စီးပွားရေးရပ်ကွက်ကြီးများ မီးဘေးသင့်ဆုံးရှုံးရသလို ရှေးဟောင်း ဘာသာရေးအဆောက်အအုံအသီးသီးလည်း ပြာကျခဲ့ရသည်။ ထို့ထက်မက ဘိုးစဉ်ဘောင်ဆက် အေးချမ်းစွာ လက်ဆင့်ကမ်းနေထိုင်ခဲ့ကြသော မန္တလေး ရွာနေပြည်ထိုင် စိတ်ဓာတ်များလည်း ဆုံးရှုံးခဲ့ရတော့သည်။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW