စက်တင်ဘာ ၂၉ ၊ ၂၀၂၆
GG (VOM)
တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်မှာ ရေကြီး ၊ မြေပြိုမှုကြောင့် နေအိမ်ရာနဲ့ချီ မြေဖုံးပြီး သေဆုံးသူ ၂၅ ယောက်အထိရှိလာကြောင်း နယ်ခံတွေကပြောဆိုပေမယ့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးထားရေးဝန်ကြီးဌာနကတော့ သေဆုံးသူတယောက်သာ ရှိတယ်လို့ ပြောပါတယ်။
ဝန်ကြီးဌာနအနေနဲ့ စက်တင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းအထိ ရရှိတဲ့စာရင်းအရ လောင်းလုံးမြို့နယ်မှာသာ တယောက်သေဆုံးမှု ရှိတာလို့ ပြောပါတယ်။
ရေကြီးမှုအနေနဲ့လည်း လောင်းလုံးမြို့မှာ ရပ်ကွက် ၁ ခု ၊ သရက်ချောင်းမြို့မှာ ရပ်ကွက် ၅ ခု ၊ ထားဝယ်မြို့နယ်မှာ ရပ်ကွက်နဲ့ ကျေးရွာ ၄ ခုရေကြီးနေတယ်လို့ ပြောဆိုထားပါတယ်။
ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်သူတွေရဲ့ ပြောပြချက် စာရင်းအရမှာတော့ လောင်းလုံးမြို့နယ်မှာ သေဆုံး ၁၇ ယောက် ၊ သရက်ချောင်းမြို့နယ်မှာ ခြောက်ယောက် ၊ ထားဝယ်မြို့နယ်မှာ နှစ်ယောက် သေဆုံးမှုရှိတယ်လို့ သိရပါတယ်။
လောင်းလုံးမြို့နယ်မှာ ကဒက်ငယ်ရွာက အလောင်းခြောက်လောင်း ၊ ကဒက်ကြီးရွာက နှစ်လောင်း ၊ တောကျဲရွာကနှစ်လောင်း ၊ ဇလွတ်ရွာက တလောင်း၊ သဗျာရွာက သုံးယောက် ၊ ညောပြင်ရွာက နှစ်လောင်း ၊ မင်းရပ်က တလောင်း ဖြစ်တယ်လို့ ကနဦးသိရပါတယ်။
သေဆုံးသူတွေထဲမှာ သံဃာ ၊ သီလရှင် ၊ ကလေး အပါအဝင် မိသားစုလိုက် သေဆုံးသူတွေလည်းရှိပြီး အားလုံးဟာ မြေပြိုတဲ့အထဲပါသွားပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
” ကဒက်ငယ်ထိန်မှာ အခုခြောက်လောင်းရထားပါတယ်။ ဘုန်းကြီး တပါးပါတယ်။မြေပိလို့ ပျောက်သွားသူတွေကို အခုဒေသခံနဲ့ လူမှုရေးအသင်း ပူးပေါင်းထပ်ရှာနေတယ်။မိုးကတိတ်သွားပြီဆိုပေမယ့် တောင်ထပ်ပြိုမှာကို စိုးရိမ်ရသေးတယ်။ ” လို့ မြေပြင်ကယ်ဆယ်ရေးလုပ်နေတဲ့ ကဒက်ငယ်ထိန်ရွာ ဒေသခံကပြောပါတယ်။
နေအိမ်တွေ မြေဖုံးသွားတာကတော့ ကဒက်ငယ်ထိန်ရွာမှာ နေအိမ် ၃၂ အိမ် ၊ သဗျာရွာမှာ မြေဖုံးသွားတဲ့ နေအိမ် ၅၀ နီးပါးအပါအဝင် နေအိမ် ၂၀၀ ဝန်းကျင် ထိခိုက်ပျက်စီး ၊ကရင်ကြီးရွာမှာ နေအိမ် ၃၅ လုံး မြေပိသွားပြီး ၅၀ ကျော် လုံးဝပျက်စီးခဲ့သလို ကျောက်နီမော်ရွာမှာလည်း နေအိမ် ၅၀ ဝန်းကျင် မြေပိသွားတယ်လို့ ကနဦးသိရပါတယ်။
တောကျဲ ၊ ဇလွတ် ၊ ညောပြင် စတဲ့ ကျေးရွာတချို့မှာလည်း မြေပြိုမှုတွေ ရှိထားကြောင်း နဲ့ လက်ရှိမှာ ကူညီကယ်ဆယ်ရေးအပိုင်းက ကဒက်ငယ် ရွာအထိသာ ရောက်ရှိ လုပ်ဆောင်နိုင်တဲ့ အခြေအနေရှိပြီး တောင်ပြို၊ လမ်းတွေပိတ် ၊ တံတားတွေ ပျက်စီးတဲ့အခြေအနေကြောင့် ကျန်တဲ့ကျေးရွာတွေဘက်ကို ကူညီကယ်ဆယ်ရေးထိထိရောက်ရောက် မလုပ်နိုင်သေးဘူးလို့သိရပါတယ်။
လောင်းလုံးမြို့ သုဿာန်မှာလည်း ဇရပ်ဆောင် ၊ကားဂိုဒေါင်၊ ပစ္စည်းဂိုဒေါင်နဲ့ အလောင်းတင်ကားတစီး၊ အလောင်းထည့်ရေခဲသေတ္တာ တွေ မြေဖုံးသွားတယ်လို့သိရပါတယ်။
သရက်ချောင်းမြို့နယ်အတွင်း သေဆုံးသူတွေက စော်ဖျားရွာမှာ လင်မယား နှစ်ယောက် ၊ ကညင်ချောင်းရွာမှာ လင်မယား နှစ်ယောက် ၊ မြို့ပေါ်ရပ်ကွက်မှာ နှစ်ယောက် သေဆုံးခဲ့ပြီး နောက်ထပ်နဗစ်ယောက်လည်း ရေစီးနဲ့မျောပါ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
” စော်ဖျားရွာက သစ်ပင်ပိတာ ၊ ကညင်ချောင်းမှာက ရေနစ်ဆုံးတာ ။ မြို့ပေါ်နှစ်ယောက်က အသက်ကြီးပိုင်းတွေပါ ။ တယောက်က ရေနစ်တာ ၊ အဘွားတယောက်ကတော့ ရေဝင်လို့ရွှေ့ပြောင်းတာမှာ အမောဖောက်ဆုံးတာ ။ ရေစီးနဲ့ ပျောက်ဆုံးနေတဲ့ နှစ်ယောက်ကလည်း သားအဖတွေ ။ ” လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူ ဒေသခံက ပြောပါတယ်။
လက်ရှိ လောင်းလုံးမြို့နယ် သရက်ချောင်းမြို့နယ်ထဲက ကျေးရွာတချို့မှာ တောင်ပြိုမှုနည်းသွားသလို ရေပြန်ကျသွားပေမယ့် လမ်းတွေပျက်၊ တံတားတွေကျိုး ၊ မြေပြိုပြီး လမ်းပိတ်တဲ့အတွက် သွားလာရခက်တဲ့ အခြေအနေကြောင့် အစားအစာ ၊ ဆေးဝါး ၊ ရေသန့် အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။
ထားဝယ်မြို့နယ်ထဲမှာလည်း တချို့နေရာ ရေပြန်ကျပေမယ့် ရေကြီးနေဆဲ ရပ်ကွက်နဲ့ ရွာတွေ ရှိနေဆဲ ဖြစ်လို့ အစားအစာနဲ့ ရေသန့် ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ မြိတ်၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ထဲက လူမှုကူညီရေးအသင်းတွေကလည်း ထားဝယ်ခရိုင် သဘာဝဘေးသင့်တဲ့ ကျေးရွာတွေကို ကူညီကယ်ဆယ်ရေးပြုလုပ်ဖို့ လာနေကြတယ်လို့ သိရပါတယ်။
ထားဝယ်ခရိုင်မှာ စက်တင်ဘာ ၂၅ ရက်ကစပြီး မိုးသည်းထန်စွာရွာသွန်းခြင်း ၊ လေပြင်းတိုက်ခြင်း ချောင်းရေတက်ခြင်း ၊ တောင်ကျရေကြောင့် ရေကြီးခြင်း ၊ တောင်ပြိုခြင်းတွေဖြစ်ပြီး ကျေးရွာပေါင်း ၆၀ ကျော် သဘာဝဘေးသင့်ကာ ဒေသခံ သောင်းနဲ့ချီ ဒုက္ခရောက်ပြီး သေဆုံး ၊ ဒဏ်ရာရ ၊ ပျောက်ဆုံးသူတွေ ရှိခဲ့ တာဖြစ်ပါတယ်။
ဓာတ်ပုံ – ဒေသခံ /ဇမ္ဗူသီရီအသင်း
