မန္တလေး၊ စက်တင်ဘာ- ၂၉- ၂၀၂၆
SA(VOM)
မန္တလေးမြို့ပေါ်က ရပ်ကွက်တချို့မှာ ပုံဝိုင်းလောင်းကစားဝိုင်းတွေဟာ လမ်းဘေးတွေနဲ့ လူစည်ကားရာနေရာ စျေးတချို့အနီးမှာ လူအုပ်စုနဲ့ ပေါ်ပေါ်တင်တင်လောင်းကစားတာတွေ ပြုလုပ်နေလို့ အရေးယူဆောင်ရွက်ပေးဖို့ အစီအစဥ် ရှိ/မရှိ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအ ဝေး ပဉ်စမနေ့ အခမ်းအနားမှာ အောင်မြေသာစံမြို့နယ်၊ လွှတ်တော်ကိုယ်စား လှယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးညီညီ(ခ) ဦးကျော်ဆန်းက လွှတ်တော်ဥက္ကဋ္ဌကတဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို မေးမြန်းခဲ့ပါတယ်။
လောင်းကစားဝိုင်းတွေကိုရပ်ကွက်အတွင်း ပြုလုပ်မှုမရှိစေရေးအတွက် မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေနဲ့ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေအပြင် သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်း၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့ ဖော်ထုတ်ဖမ်းဆီးအရေးယူဆောင်ရွက်နေတာမှာ မန္တလေးမြို့အတွင်း ၂၀၂၅ ခုနှစ်မှာ လောင်းကစားဥပဒေပုဒ်မ ၁၅ က နဲ့ အမှု ၁၆ ခု၊ တရားခံ ကျား ၁၆ ယောက်၊ မ ၄၅ ယောက် စုစုပေါင်း ၆၁ ယောက်၊ ၂၀၂၆ ဇန်နဝါရီလအစပိုင်းကစပြီး စက်တင်ဘာ ၁၄ ရက်နေ့အထိ လောင်းကစားဥပဒေ ၁၅ က နဲ့ အမှု ၆ ခု တရားခံ ကျား ၆ ယောက်၊ မ ၂၂ ယောက် စုစု ပေါင်း ၂၈ ယောက် ကို ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဆက်လက်ပြီးလည်း ပုံဝိုင်းလောင်းကစားဝိုင်းတွေအပါအဝင် လောင်းကစားမှုတွေအားလုံးကို ဖော်ထုတ်ဖမ်းဆီး အရေးယူသွားမယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက ပြန်လည်ဖြေကြားခဲ့ပါတယ်။
အစည်းဝေးအပြီးမှာ အောင်မြေသာစံမြို့နယ်၊ လွှတ်တော်ကိုယ် စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ) ဦးကျော်ဆန်းနဲ့ တွေ့ဆုံမေးမြန်းထားတာကို တင်ပြလိုက်ပါတယ်။
