မုန်တိုင်းငယ် အားလျော့သွားပေမယ့် မိုးသည်းထန်မှုတွေ ဆက်ဖြစ်နိုင်

စက်တင်ဘာ ၂၉ – ၂၀၂၆
SN (VOM)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အနီးမှ ဖြတ်ကျော်ခဲ့တဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ လက်ရှိမှာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားပြီ ဖြစ်ပေမယ့် နိုင်ငံတဝန်း မိုးသည်းထန်မှုတွေ ဆက်ရှိနေနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
မိုး/ဇလဌာနရဲ့ ဒီကနေ့ စက်တင်ဘာ ၂၉ ရက်၊ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ မြောက် – အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားခဲ့ပြီလို့ သိရပါတယ်။
ဒါအပြင် ဒီကနေ့ မနက် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်အရ ဖြူးမြို့ရဲ့ တောင်ဘက်အနီးကနေ ဖြတ်ကျော်ခဲ့တဲ့ ကုန်းတွင်းမုန်တိုင်းငယ်ဟာ မြောက် – အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး ပဲခူးတိုင်း ရေတာရှည်မြို့ရဲ့ အနောက်ဘက်အနီးမှ ဆက်လက် ဖြတ်ကျော်လျက်ရှိတယ်လို့ သိရပါတယ်။
အဲဒီ ကုန်းတွင်းမုန်တိုင်းငယ်ဟာ မကွေးတိုင်း၊ အောင်လံမြို့ရဲ့ အရှေ့ – အရှေ့တောင်ဘက် မိုင် ၄၀ ခန့်၊ မကွေးမြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၉၀ ခန့်နဲ့ နေပြည်တော်ရဲ့ တောင် – အနောက်တောင်ဘက် မိုင် ၅၀ ခန့် အကွာကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။
ကုန်းတွင်းမုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ ရေတာရှည်မြို့ရဲ့ အနောက်ဘက်အနီးမှ ဖြတ်ကျော်နေတဲ့အတွက် “အညိုရောင်အဆင့်” သတ်မှတ်ထားတယ်လို့ သိရပါတယ်။
မုန်တိုင်းငယ် အားလျော့သွားပြီဖြစ်ပေမယ့် မိုးကတော့ ဆက်လက် ရွာသွန်းနေနိုင်ပြီး အထူးသဖြင့် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ စစ်ကိုင်းတိုင်း (အောက်ပိုင်း) တို့မှာ မိုးများနိုင်တယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
“မိုးတိမ်တောင် နည်းနည်းလေး အားကောင်းသွားရင်တော့ လေပြင်းတိုက်တာမျိုးတွေလည်း ဖြစ်နိုင်တယ်။ လက်ရှိ မုန်တိုင်းကလည်း ကုန်းတွင်းမုန်တိုင်းငယ် ဆိုပေမယ့် သူ့ရဲ့ အမြင့်ဆုံး လေတိုက်နှုန်းက ၃၅ မိုင်အထိ ရှိနေတယ်။ ဒါကြောင့် တချို့နေရာတွေမှာ လေပြင်းတိုက်တဲ့ ဖြစ်စဉ်မျိုးတွေလည်း ရှိလာနိုင်တယ်” လို့ သူက ပြောပါတယ်။
အဲဒီ ကုန်းတွင်းမုန်တိုင်းငယ်ဟာ အထက်ဘက်ကို ဆက်လက် တက်လာပြီးနောက် မန္တလေးနဲ့ စစ်ကိုင်းတိုင်း ‌(အောက်ပိုင်း) အစပ်လောက်မှာ လာမယ့် တရက်၊ နှစ်ရက်အတွင်း လေဖိအားနည်းရပ်ဝန်းအနေနဲ့ အားလျော့သွားနိုင်တယ်လို့လည်း သူက ပြောပါတယ်။
ဒါအပြင် ရေကြီးရေလျှံမှု အခြေအနေတွေနဲ့ ပတ်သက်လို့လည်း သူက “မြစ်ကြီး၊ ချောင်းကြီးတွေမှာတော့ မဖြစ်နိုင်တော့ပေမယ့် မြစ်ငယ်၊ ချောင်းငယ်လေးတွေမှာတော့ ဖြစ်နိုင်သေးတယ်။ တချို့ ချောင်းခြောက်လေးတွေပေါ့။ မိုးနည်းနည်းလေး များလာတဲ့အခါ တောင်ကျချောင်းရေ စီးဆင်းတာတွေ ဖြစ်လာနိုင်တယ်။ ဒါမျိုးလေးတွေတော့ သတိပြုဖို့လိုပါတယ်” လို့ ပြောပါတယ်။
ဖြူးမြို့ရဲ့ တောင်ဘက်အနီးကနေ ကုန်းတွင်းမုန်တိုင်းငယ် ဖြတ်ကျော်ခဲ့ပေမယ့် ဖြူးမြို့အတွင်း မိုးရွာသွန်းမှုသာရှိကာ လေပြင်းတိုက်ခတ်တာမျိုး မရှိခဲ့တာကြောင့် ထိခိုက်ပျက်စီးမှု တစုံတစ်ရာ မရှိခဲ့ဘူးလို့ မေတ္တာရှင် ပရဟိအသင်း (ဖြူးမြို့နယ်) မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
မွန်ပြည်နယ်အတွင်းက မော်လမြိုင်နဲ့ ကျိုက်ထိုမြို့တို့မှာတော့ မနေ့ စက်တင်ဘာ ၂၈ ရက်၊ ညနေပိုင်းကနေစပြီး မုန်တိုင်း ဖြတ်သန်းမှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ကာ မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ Floating Bar ဘောတံတား ပျက်ထွက်သွားခြင်းနဲ့ မြစ်ရေတွေ ကမ်းနားလမ်းပေါ်အထိ လျှံတက်လာခြင်းတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် မော်လမြိုင်မြို့က ရပ်ကွက်တချို့မှာ သစ်ပင်ကြီးတွေ လဲကျပြီး လမ်းများပိတ်ဆို့ခြင်း၊ နေအိမ်တွေပေါ် သစ်ပင်တွေ လဲကျခြင်းနဲ့ လျှပ်စစ်ဓာတ်ကြိုး ပြတ်တောက်ခြင်းတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
Photo – BoBoWin / CJ (မော်လမြိုင်မြို့ရဲ့ ပျက်စီးမှု အခြေအနေများ)

Related posts

✕
VOM News

FREE
VIEW