သူတို့အိမ် အခန်း (၁၈၄)

ဆူးငှက်
တောင်လေးလုံး နှင့် ဟင်းလေးချက်
———————————–
တောင်လေးလုံးကျောင်းပေါက်ရောက်တော့ စက်ဘီးလေးရပ်ပြီး အဝင်ပေါက် ဘယ်ဘက်ဘေးက တမာပင်လေး အရိပ်မှာ ထိုးလိုက်သည်။ အသံကြားလို့ ဆရာတော်ဦးပညာ ၏ ညီ ဖြစ်သူ ကိုစိန်ထွန်းက ကျောင်းဆောင်ပြတင်းက ခေါင်းပြူကြည့် ရင်း “ဟာ.. ကိုဆူး.. လာဗျ၊ နောင်တော်က ဒီမှာ ဆွမ်းဘုန်းပေးနေတာ၊ ဝင်ခဲ့ပါ..” ဟု ခေါ်သည်။ ကျွန်တော်က လက်အုပ်ချီကာ ကျောင်းထဲ ဝင်၍ ဆွမ်းဘုန်းပေးနေသော ဆရာတော်ကို ကန်တော့သည်။ ဆရာတော်က ရတယ်၊ ရတယ်။ ဆူးငှက် သက်သက်သာသာ နေ၊ ထမင်းစားပြီးမှ ပြန် ဖြည်းဖြည်းပေါ့၊ ဟင်းလေးချက်တွေ ရှိတယ်။ ဦးဝင်းတင် ထောင်ဝင်စာဖို့ ကိုမောင်မောင်ခင်နဲ့ သူကြိုက်တဲ့ ဟင်းလေးချက် ထည့်ပေးလို့ အများကြီးချက်ထားတာ ဟု ဆရာတော်က ဆွမ်းကို လက်စသတ်ရင်း မိန့်သည်။
ဟံသာဝတီ ဦးဝင်းတင် မန္တလေးမှာ သတင်းစာ လုပ်ငန်းအတွက် နေထိုင်စဉ် မန္တလေးစာပေ အသိုင်းအဝန်းနှင့် တစ်သားတည်း ဖြစ်သွားသောကြောင့် ဆရာတော်၏ တောင်လေးလုံးကျောင်း ပုရိဝုဏ်သည်လည်း စားအိမ်သောက်အိမ် ဖြစ်သွားသည်။ မန္တလေးသားမဟုတ်ဘဲ တောင်လေးလုံးမှာ ကိုယ့်အိမ် ကိုယ့်ရာ ဖြစ်သွားကြတာ ဆရာ ညိုမြ ရှိသည်။ ငွေဥဒေါင်း ရှိသည်။ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း ရှိသည်။ မင်းသားကြီး လေးလေး ဦးထွန်းဝေရှိသည်။ နောက် ဆရာ ဦးဝင်းတင် ပေါ့။ ဆရာတော် ဦးပညာ ကလည်း ထိုပုဂ္ဂိုလ်များကို သံယောဇဉ်ကြီးလှသည်။ အခု ဆရာဦးဝင်းတင်က အင်းစိန် နာရသိမ်ရောက်နေစဉ် ဆရာ့မိတ်ဆွေ ဦးမောင်မောင်ခင် က ထောင်ဝင်စာ တွေ့တိုင်း ဆရာတော်က ဦးဝင်းတင် နှစ်သက်သော ဝက်သားဟင်းလေးချက်ကို ရန်ကုန်အထိ လူကြုံနှင့် လှမ်းပို့သည်။ အခု တောင်လေးလုံးကျောင်းသို့ ကျွန်တော်ရောက်တော့ ဆရာဦးဝင်းတင်အတွက် ထောင်ဝင်စာ ဟင်းလေးလက်ကျန်ကို စားရခြင်း ဖြစ်၏။
ဆရာတော့် မေတ္တာ ထောင်ဝင်စာ
———————————–
ဝက်သားဟင်းလေးချက်က တောင်လေးလုံး၏ အမှတ်လက္ခဏာ ဖြစ်သည်။ ကျွန်တော်သည် ကျောင်းသားဘဝ ကတည်းက ပွဲကုန်းရပ်က ဆရာဦးမောင်မောင်တင် (မဟာဝိဇ္ဇာ) ၏ အိမ်သို့ရောက်တိုင်း ဆရာ၏ တောင်လေးလုံး ဦးပဉ္စင်းလေးနှင့် ဝက်သားဟင်းလေးချက် အကြောင်း တဖွဖွပြောတာ ကြားဖူးနေသည်။ သည်ကာလ ဆရာ ဒေါက်တာသန်းထွန်း တို့၊ ဆရာဦးမောင်မောင်တင်(မဟာဝိဇ္ဇာ) တို့ တက္ကသိုလ် ပညာရှင် အသိုင်းအဝန်းလောက်သာ တောင်သမန ်ကျောက်ခေတ်သစ် ယဉ်ကျေးမှု နှင့် ဆက်စပ်ပြီး တောင်လေးလုံးသို့ အရောက်အပေါက် များကြသေးသည်။
တောင်လေးလုံးကျောင်းတိုက်အနီး အင်းစပ်က ကျောက်ခေတ်သစ်နှင့် ပတ်သက်သော အရိုးစုများ လက်နက် အသုံးအဆောင် များကို တူးဖော်တွေ့ရှိရာမှ တောင်လေးလုံကို စခန်းချပြီး သုတေသနပြုကြခြင်း ဖြစ်သည်။ ထိုသုတေသန နှင့် ဆက်စပ်သော ပညာရှင်ကြီးများနှင့် ပတ်သက်ပြီး စာရေးဆရာအချို့လည်း တောင်လေးလုံးသို့ ရောက်ရှိလာကြသည်။ နောက် ၁၉၈၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် စာရေးဆရာ သတင်းစာဆရာမကြီး လူထုဒေါ်အမာ၏ နှစ်၇၀ မြောက် မွေးနေ့ကို တောင်လေးလုံးကျောင်းတိုက်၌ ကျင်းပပြီးနောက် မန္တလေးစာရေးဆရာ အသိုင်းအဝန်းကလည်း တောင်လေးလုံး နှင့် တစ်သားတည်း ဖြစ်သွားတော့၏။်
တောင်လေးလုံး၏ နာမည်ကျော် ဝက်သားဟင်းလေးချက်သည် အမရပူရခေတ်ကတည်းက နာမည်ကျော် ဟင်းလျာ ဖြစ်သည်။ ဝက်သားဟင်းလေး ကသည်းချက်ဟု ခေါ်ကြသည်။ အမရပူရနေပြည်တော် လက်အောက်ခံ မဏိပူရ ကသည်းလူမျိုးများလည်း အမရပူရတွင် ဘုန်းရိပ်ကံရိပ်ခိုလှုံကြရသောအခါ ကသည်းပညာရှင်များနှင့် အတူ စစ်သည် သုံ့ပန်းများလည်း ပါလာသည်။ ကသည်းစစ်သည်များ စစ်ထွက်ကြသောအခါ လချီ၍ အထားခံသော ဝက်သားဟင်းလေး ချက်ကို ယူဆောင်ကြသည် ဆို၏။ ထို ဟင်းလျာက အမရပူရနေပြည်တော်တွင် ရှင်ဘုရင်ကအစ လူကြိုက်များသည့် ဟင်းလျာ ဖြစ်ခဲ့သည်။
ဂန္ထဝင် ဝက်သားဟင်းလေးချက်
———————————-
မြန်မာတို့၏ စားတော်ချက်ကျမ်းတွင် ကုန်းဘောင်ခေတ်နှောင်းကာလတွင် ပေါ်ပေါက်ခဲ့သည့် “ရှေးမြန်မာဘုရင် အဆက်ဆက်တို့ အသုံးတော်ခံစားဖိုဆက်၊ စဖိုသည်တို့ ပြုစီမံခဲ့သည့် အရသာဖော်နည်းနိသျှည်း” ဟု ဝက်သား ဟင်းလေးချက်ကို ရည်ညွှန်းလေ့ရှိသည်။ ဝက်သားချက်နည်း အမျိုးမျိုးအနက် စတုဘာဂ ဝက်သားပေါင်း၍ ဟင်းလေး ချက်နည်း၊ သူကရဗျဉ္စန- ဝက်သားဟင်းလေး ချက်နည်း၊ သူကရသီသ – ဝက်ခေါင်းသုပ်နည်း၊ ဝရာဟမံသ- ဝက်သားချဉ် တည်နည်း စသည်ဖြင့် တွေ့ရှိရပါသည်။
အမရပူရနန်းတွင်း၌ ပွဲတော်တည်ရန်အတွက် ဖန်ခါးသီးခြောက်၊ မရန်းသီးခြောက်များနှင့် ဝက်သားဟင်းလေး ချက်ပုံကို သူကရဗျဉ္စန ဝက်သားဟင်းလေးအိုးချက်နည်းတွင်“ဝက်လည်ရွဲ လက်ညွန့်သားတို့ကို မကြီးမငယ်တုံး၍ စင်စွာဆေး၊ ချင်း၊ ငြုတ်၊ ကြက်သွန်မှစ၍ တော်သင့်အောင်ခန့်၊ ဝက်ဆီများလျှင် ၎င်းအဆီနှင့်ကြော်၊ အဆီနည်းလျှင် ဆီနှင့်ကြော်၊ မာမာရှိလျှင် ယူ၊ ခွေးသီးကိုပြုတ်၍ အသားကိုယူ၊ အခွံကိုပစ်၊ အဖန်ရည်ကုန်အောင် ပဝါနှင့်ညှစ်၍ပစ်ဦး၊ ဆီးဖြူသီး၊ ဆီးသီး၊ မန်ကျည်းသီးတို့ကိုပြုတ်၍ ၎င်းနည်းနည်းယူ၊ ၎င်းအရေ လေးပါးတွင် အိမ်ပုံးရည် အတန်ထည့်၊ ငါးပိမှာ ငါးပတ်ငါးပိကို ဖုတ်ပြီးလျှင် ထောင်း၍အတန်ထည့်၊ ဆားလှော် သင့်အောင်ခတ်၊ ယခင်ကြော်ပြီး ဝက်သားကို စောစွာခတ်ပြီး၍ ကျို၊ မီးမပြင်းစေနှင့်၊ ပြီးလျှင် နေပူမှာ တစ်နေ့ခံ၊ နွားသား ကျွဲသားဖြစ်လျှင် လက်အုံသားကို ယူ၍ ၎င်းနည်း စီရင်ရမည်။ သူကရဗျဉ္စန ဝက်သားဟင်းလေး ချက်နည်းပြီး၏” ဟူ၍ ရေးသားထားသည်ကို တွေ့ရှိရ၏။
ထို့ကြောင့် တောင်လေးလုံးကျောင်း ဝက်သားဟင်းလေးချက်သည် ရှေးဟောင်းအမွေအနှစ် အဖြစ်ပင် ထင်ရှားခဲ့သည်။ တကယ်တော့ ဝက်သားဟင်းလေးချက်သည် တောင်လေးလုံး ကျောင်းတွင်သာမက အမရပူရ တစ်မြို့လုံး၏ နှစ်သက်စွာ ချက်ပြုတ် စားသောက် ဧည့်ခံကြသည့် မြို့ဂုဏ်ဆောင် ဟင်းလျာ ဖြစ်ပါ၏။
ဘုန်းဘုန်း တပည့်တော် လှူမလို့ဘုရာ့
——————————————
ကျွန်တော်တို့လည်း ဝက်သားဟင်းလေးချက် ငရုတ်သီးငပိကြော် ကုလားပဲနှပ် မှန်ရောင်ဟင်းချို နှင့် ထမင်းစားပြီးနောက် ကျောင်းဘေးက စက္ကူပန်းရုံအောက် သီတင်းသုံးနေသော ဆရာတော့် ဘေးက ခုံမှာထိုင်သည်။ ဆရာတော် ဒကာမကြီး နေကောင်းရဲ့လား၊ ကိုညိုရှိရာ သရက်ကို ဒကာမကြီးကိုယ်တိုင် ထောင်ဝင်စာ သွားတယ်ဆို၊ အဆင်ပြေရဲ့လား စသည်ဖြင့် ဆရာတော် သံယောဇဉ်ကြီးလှသည့် ဒေါ်ဒေါ်လူထုဒေါ်အမာ ကျန်းမာရေးကို မေးသည်။ တကယ်တော့ ဆရာတော်က မေးမယ့်သာ မေးတာ၊ ဆရာတော်ကိုယ်တိုင် သူ့တပည့်၏ မာဇဒါလေးဘီးကားလေးနှင့် တစ်ပတ်တစ်ကြိမ်လောက် လူထုတိုက်သို့ ရောက်လာပြီး ဒေါ်ဒေါ့်ကို အားပေး စောင့်ရှောက်နေကျ ဖြစ်ပါ၏။ ကျွန်တော်က ဒေါ်ဒေါ် ကျန်းမာကြောင်း ၊ သရက်က ပြန်လာပြီဖြစ်ကြောင်းများလျှောက်ပြီး ကျွန်တော့ လာရင်း ကိစ္စကို ထပ်မံ လျှောက်ထားရသည်။
“ ဘုန်းဘုန်း.. တပည့်တော် သားတွေ လှူမလို့ ဘုရာ့”
“ ဟ.. ကောင်းသကွ၊ သားတွေက ဘယ်အရွယ်တွေ ရောက်ကြပြီလဲ..”
“ အကြီးက ၁၂နှစ်၊ အငယ်က ၈နှစ်ဘုရာ့”
“ အေး.. ဒီအရွယ်တွေက အနေတော်ပဲ၊ နောက်နှစ်တွေဆို အကြီးက လူပျိုပေါက် ဖြစ်လိမ့်မယ်၊ အခု လှူတော့ကွာ”
“ တင်ပါ့ ဘုရာ့၊ တပည့်တော်က ဘုန်းဘုန်းကျောင်းမှာပဲ လှူမလို့ ဘုရာ့”
“ ဟာ..၊ ကောင်းတာပေါ့ကွ၊ ဒို့စာပေသမားတွေ ထူးဖိတ်စရာ မလိုတော့ဘူးပေါ့၊ အကုန်ဖိတ်ကွာ၊ ဒို့ ဆုံရအောင်..”
“ တင်ပါ့၊ ဒါပေမယ့် ဘုရာ့..”
“ဘာ ဒါပေမယ့်လဲကွ၊ ဒီမှာလုပ်ရင် အကုန်လာကြမှာပဲလေကွာ..”
“ ဒါပေမယ့် ဆိုတာက တပည့်တော်မှာ လှူဖို့ ပိုက်ဆံက ၁သောင်းခွဲ ၂သောင်းလောက်ပဲ ရှိလို့ဘုရား အကျဉ်းလေးချုံ့ပြီး လှူချင်တာပါ ဘုရာ့”
“ ဟာ.. ပိုက်ဆံ ၁သောင်းခွဲ ၂သောင်းဆို နည်းလားကွ၊ ငါ့ဆီမှာ သာဝတ္ထိက လှူထားတဲ့ ဆန်တွေရှိတယ်ကွာ၊ ဆီတွေလည်း ရှိတယ်၊ ငရုတ်ကြက်သွန် အစုံရှိတယ်။ ဘုန်းကြီးတွေလှူဖို့ သင်္ကန်းတွေ ဖိနပ်တွေ ယပ်တွေ သပိတ်တွေလည်း အများကြီး၊ ဘယ်နှပါး ပင့်မလဲ၊ လှူဖို့ အစုံရှိတယ်။ ဘုန်းကြီး ဆွမ်းကပ်ဖို့လည်း ချက်ဖို့ပြုတ်ဖို့ ရှိပြီးသား၊ မင်းက ကန်တော့ပွဲ တပွဲ၊ ရှင်ငယ်သင်္ကန်း ၂စုံနဲ့ ပရိသတ်ကျွေးဖို့ ငါးခြောက်လေးနည်းနည်းပဲ ဝယ်ရုံပဲ။ မင့် ပိုက်ဆံ ၂သောင်းသုံးပါလေ့ကွာ၊ ကဲ..”
“ အရှင်ဘုရား ဖြစ်ပါ့မလားဘုရာ့”
“ဘာ့လို့ မဖြစ်ရမှာလဲ၊ အဲ့ဒါတောင် မင့်အလှူ မြောက်အောင် ငါက ဝယ်ခိုင်းတာ၊ မင်းတစ်ပြားမှ မထုတ်လဲ ရပါတယ်ကွ၊ လှူဖြစ်ဖို့ အရေးကြီးတာ၊ ကဲ.. ဘယ်တော့ လှူချင်လဲ ပြောကွ”
“ ဘုန်းဘုန်းပဲ နေ့ရက် တွက်ချက် ရွေးပေးပါဘုရာ့”
“ ဟာ.. လှူတာကို ရက်ရာဇာ ပြဿဒါးရွေးနေဦးမှာလား၊ မောင်စိန်ထွန်း ဒီနေ့ ပြာသိုလပြည့်ကျော် ၄ရက်မို့လား (တင်ပါ့ဘုရား) အေး ဒါဆို လာမယ့် တပိုတွဲလပြည့်နေ့ လှူကွာ၊ မှတ်ရတာ လွယ်အောင်၊ ဟုတ်ပြီလား ဆူးငှက်၊ ကိုင်း မင့်အလှူအောင်ပြီ၊ စိတ်ချလက်ချနေတော့၊ ဘုန်းကြီး၁၀ပါးပင့်မယ်ကွာ၊ ဂန္ဓာရုံက နာယကချုပ်နဲ့ နာယက အနုနာယကတွေချည်း ပင့်မယ်၊ ငါရော ၁၁ပါးပေါ့ကွာ။ ဆွမ်းကပ်မှာပဲ ဝက်သားဟင်းလေးချက် အမဲနှပ်နဲ့ ကြက်သားထည့်မယ်၊ အဲ့ဒါ ငါ့တာဝန်ထား၊ ပရိသတ်အတွက် ငါးခြောက်ထိုးကွာ၊ ငရုတ်သီးကြော်ကွာ ပဲတီချဉ်ကွာ၊ ကုလားပဲနှပ်နဲ့ မှန်ရောင်ဟင်းချိုကွာ၊ အချိုပွဲက ဘူးသီးကြော်ထည့်မယ်။ အဲ့ဒီမှာ မင်းက ငါးခြောက်ပဲဝယ် ကျန်တာ ကျောင်းမှာ အစုံရှိပြီးသား၊ ကိုသောင်းစိန်ကိုပဲ လွှဲလိုက်မယ်။ အေး မင်းက ရှင်ငယ်သင်္ကန်း ၂စုံပဲဝယ်ခဲ့တော့၊ ကိုင်း မင်းအလှူ အောင်ပြီလေ၊ အေး.. ဒီကြားထဲ တပို့တွဲ လဆန်းမှ မင်းလာခဲ့တော့၊ လိုတာလေးတွေ ထပ်စီစဉ်ကြတာပေါ့ကွာ”
“ တင်ပါ့ဘုရာ့၊ ဒါဆို တပည့်တော် တပို့တွဲ လပြည့်ကို သတ်မှတ်လိုက်ပါပြီဘုရာ့၊ တပည့်တော် စီစဉ်စရာရှိတာ စီစဉ်ပါတော့မယ် ဘုရာ့” ဟု လျှောက်က ဝတ်ချ ကန်တော့ပြီး ပျော်ရွှင်စွာ ပြန်ခဲ့ပါတော့၏။
အိမ်ရောက်သည်နှင့် လာမည့်တပို့တွဲ လပြည့်နေ့တွင် တောင်လေးလုံးကျောင်း၌ သား၂ယောက်ကို လှူမည်၊ ဆရာတော်နှင့် အားလုံးစီစဉ်ခဲ့ပြီဟု အမေ့ကိုရော ခင်သော်ဇင့်ကိုရော ပြောပြတော့ အမေက ရင်သပ်ပြီး ဟောတော် ဟောတော်နှင့် အံံသြနေသည်။ ခင်သော်ဇင် က ကျွန်တော့်မှာ ပိုက်ဆံမရှိမှန်းသိတော့ တိုင်တိုင်ပင်ပင် မလုပ်ဘဲ ချက်ချင်း ဆုံးဖြတ်ခဲ့လို့ အဆင်မပြေမှာပဲ သူက စိုးရိမ်နေ၏။ ကျွန်တော်ကတော့ ဆရာတော့် စကားများကြောင့် မပူပန်တော့ပြီ။ ထို့ကြောင့် ထိုနေ့ည ကတည်းက အလှူအတွက် ကျွန်တော်လုပ်နိုင်သော အလုပ်ကို အပတ်တကုပ် ကြိုတင် လုပ်ဆောင်တော့သည်။ ထိုအလုပ်မှာ ကိုယ်တိုင် ဖိတ်စာဒီဇိုင်းနှင့် အတွင်းစာသားရေးကာ ဖိတ်စာ ရိုက်နှိပ်ဖို့ပဲ ဖြစ်ပါသည်။
ကိုယ့်လက်ဖြစ် အလှူဖိတ်စာ
———————————-
သည်တစ်ခါ ကိုယ့်အလှူမှာ ကိုယ်မင်္ဂလာဆောင်စဉ်ကလို ရိုးရာကောက်ကြောင်းနှင့် ဖိတ်စာဒီဇိုင်း မလုပ်ချင်တော့၊ မော်ဒန်ဆန်ချင်နေသည်။ မင်္ဂလာဆောင်စဉ်က ဘလ္လတိယပျို့က ကိန္နရီ ကိန္နရာကို အခြေခံခဲ့သည်။ အခု အလှူမှာ ဘာကို ပမာပြုမည်နည်း၊ စဉ်းစားရင်းနှင့် မိဘနှင့် သားသမီးမေတ္တာကို ဖော်ကြူးသော သုဝဏ္ဏသာမဇာတ်ကို သတိရသည်။ ထို့ပြင် ထိုဇာတ်တော်ထဲက သားရွှေအိုးထမ်းလာတာ မြင်ချင်တယ်ဟူသော သူတော်ကောင်း ပညာရှိ၏ အမြင်ကျယ်သော ဆုတောင်းကို နှစ်သက်လှ၏။ ထို့ကြောင့် ဖိတ်စာဒီဇိုင်းမှာ သုဝဏ္ဏသာမ၊ သမင်၊ ပိဠိယက္ခမင်း၏ အမြင်မှားသော မျက်လုံး၊ ရေဆိပ် နှင့် ရွှေအိုးတို့၏ နိမိတ်ပုံတွေ ထည့်လိုက်သည်။ အတွင်းက စာသားမှာလည်း ကျွန်တော်၏ လက်ရှိ ပကတိဆန္ဒကိုပဲ ရိုးရိုးရှင်းရှင်း ရေးလိုက်ပါ၏။
မိခင်ကြီးကလည်း သူ့မြေးလေးတွေ
ကျွန်တော်တို့ကလည်း ကိုယ့်သားလေးတွေ
အရွယ်လေး ရောက်လာကြတော့
ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာနှင့် အညီ
ရှင်ပြုပေးဖို့ တာဝန်ရှိ လာတာပေါ့။
ဒါကြောင့်
အမရပူရ တောင်သမန်အင်းစောင်း
တောင်လေးလုံးကျောင်းမှာ
တပို့တွဲလပြည့် (၂၂ – ၂ – ၉၇) နေ့
မနက် (၈) နာရီက (၁၂) နာရီ အတွင်း
ခင်းကျင်းမယ့် အလှူပွဲလေးကို
အကူအပံ့မဖက် မေတ္တာသက်သက်နဲ့
ကြွရောက်ပါဦး လို့
ဖိတ်မန္တက ပြုအပ်ပါတယ်။
အနန္တငါးပါး ဦးထိပ်ထားလျက်
ကိုကျော်ဆန်း(ဆူးငှက်) – မခင်သော်ဇင်
သား – သူရိန်ထွန်း၊ အောင်ပိုင်စိုး
မိသားစု
ဖိတ်စာလေးက ဤသို့ ဖြစ်ပါ၏။ ကိုင်း .. ကျွန်တော့် မိတ်ဆွေများလည်း တပို့တွဲလပြည့်နေ့ကျ ၂သောင်းကုန် ကျွန်တော့် အလှူပိန်လေးကို ကြွရောက်ကြပါဦးလို့ ဒီနေရာက ဖိတ်ကြားအပ်ပါကြောင်း။
အလှူအစီအစဉ်ကို သိကြသောအခါ
————————————
ကျွန်တော့် အလှူ အစီအစဉ်ကို ဒေါ်ဒေါ် လူထုဒေါ်အမာကိုလည်း မမဒေါ်တင်ဝင်းက တဆင့် အသိပေးထားပါသည်။ ဒေါ်ဒေါ့်ကို အသိပေးခြင်းက မိဘကဲ့သို့ ဦးထိပ်ထားကာ အမှူးပြုခြင်းဖြစ်ပါ၏။ ထို့ပြင် အောင်တော်မူ ဦးမျိုးခင်ခြံတွင် မနက်တိုင်း ဆုံနေကျ ဦးမျိုးခင်နှင့် အစ်ကို အစ်မ စာရေးဆရာများကိုလည်း ပြောပြလိုက်တော့ အားလုံးက ဝမ်းသာနေကြသည်။ ဆရာတော်ဦးပညာက ကျွန်တော်ကို စိတ်မပူဖို့ သေချာ မှာလိုက်သော်လည်း ကျွန်တော်က အဆင်မပြေမှာ ပူပင်နေသည်။ ကိုယ့်လက်ထဲ ငွေရှိ ငွေကိုင်ကာ ဝယ်စရာတွေ ကြိုတင်ဝယ်ထားချင်နေသည်။ ခင်သော်ဇင်ကတော့ သူ့သားလေး ၂ယောက်ကို မောင်ရှင်လောင်း အဆင်တန်ဆာတွေ ဆင်ပေးချင်လို့ မျက်ပါးရပ်က ရွှေဆင်မင်းရွှေချည်ထိုးဆိုင်သို့ သွားကာ ရှင်လောင်းဝတ်စုံ ငှားရမ်းဖို့ စုံစမ်းထာသည်။ မောင်ရှင်လောင်း ဝတ်စုံ ငှားရမ်းစရိတ်ကို သူစုထားသည့် ငွေပဲ သုံးပါမည် သူ့သားလေးတွေကို ရှင်လောင်းဝတ်လေးတွေ ဆင်ပါရစေတဲ့။
နောက်ရက် မနက်ပိုင်း အောင်တော်မူ ခြံတွင် ဦးမျိုးခင်၊ ဆရာညိုထွန်းလူ၊ ဆရာသိုက်ထွန်းသက် တို့နှင့် ဆုံတော့ ဦးမျိုးခင်က ပရိသတ်ကျွေးမွေးဧည့်ခံဖို့ ထမင်းဟင်းကိစ္စမှာ ဆရာတော်နှင့် ညှိပြီး သူတာဝန်ယူပါမယ်၊ တောင်လေးလုံးကို ဒီရက်ပိုင်း သူနဲ့ အတူသွားကြပြီး အိုးသူကြီး ဦးသောင်းစိန်ကို အပ်ခဲ့ မှာခဲ့မယ် ဟု ပြောသည်။ တောင်လေးလုံး၏ ပင်တိုင် အိုးသူကြီးခေါင်းက ဦးသောင်းစိန်တဲ့။ သူကတောင်မြို့သား ဖြစ်ပြီး ထိုစဉ်က မြို့နယ်သမဝါယမအသင်း လူကြီးလည်းဖြစ်ကာ ဦးမျိုးခင်၏ ပြောမနာဆိုမနာ တပည့်လည်း ဖြစ်သည်။ ထို့ကြောင့် ဦးမျိုးခင်ကားနှင့် ကျွန်တော်တို့အားလုံး တောင်လေးလုံးကျောင်းသို့ သွားကြပြီး ဆရာတော်နှင့် အစီအစဉ်များ ထပ်မံ လျှောက်ထားကြ၏။ အလှူ အခမ်းအနားကို ကျောင်းဝင်းထဲက အောင်ခြင်းရှစ်ပါး ဓမ္မာရုံမှာ ခင်းကျင်းမည်။ ထိုဓမ္မာရုံမှာ ကျောင်း၏ မြောက်ဘက်ကပ်ရက်မှာ ရှိသည်။ ထိုစဉ်က ဒေါ်ဒေါ့် မွေးနေ့အပါအဝင် အခမ်းအနားမှန်သမျှ ထိုဓမ္မာရုံမှာပဲ ကျင်းပသည်။

ဦးမျိုးခင်က ထိုဓမ္မာရုံကို ရေဆေးကြော သန့်ရှင်းရေး လုပ်ထားဖို့ ဦးသောင်းစိန်ကို မှာကာ ကျွေးမွေးရေး အတွက် ထမင်းဟင်းကိစ္စကိုလည်း ဦးသောင်းစိန်ကို အပ်ခဲ့သည်။ ဆရာတော်စွန့်သည့် ဆန်ဆီ စသည့် ပစ္စည်းများအပြင် ဝယ်ခြမ်းစရာများကို ကြိုဝယ်ထားဖို့လည်း ပြောဆိုတော့ ကျွန်တော်က ဝယ်ရမည့် ပစ္စည်းတွေအတွက် ကျွန်တော့်ဆီက ပိုက်ဆံယူထားရန် ဦးသေားင်းစိန်ကို ပြောသောအခါ မလိုဘူးကိုဆူး ဦးမျိုးက ပေးထားတယ်ဟု ဦးသောင်းစိန်က ကွမ်းမြုံ့ရင်း ပြော၏။ ဦးမျိုးခင်က ဦးသောင်းစိန်ကို ဓမ္မာရုံ၏ အရှေ့ထပ်မှာ ရှင်လောင်းစင်လေးလည်း ထည့်လိုက်ပါဦးဟု မှာနေသည်။
အလှူကို လာမည်ဟု ပထမဆုံး သိလိုက်ရသည့် ဧည့်သည်
———————————————————-
ပြန်ကြဖို့ ဆရာတော်ကို ဝတ်ပြုကြတော့ ဆရာတော်က “ ဟိုနေ့က မင်းပြန်သွားပြီး ညနေပိုင်း ဒေါက်တာသန်းထွန်း ရောက်လာလို့ မင့်အလှူ တပို့တွဲ လပြည့်နေ့ ဒီမှာရှိတယ်လို့ ပြောလိုက်တော့ သူလည်း လာမယ်တဲ့ကွ၊ သူလာရင် ငါက ဝက်အူချောင်း ၅၀သားလောက် ကြော်ထားမှာ၊ ဆရာသန်းထွန်းက ဒီလာရင် ဘာဟင်းမှ မစားဘူး၊ ဝက်အူချောင်းကြော်ကိုပဲ စကားပြောရင်း ရေနွေးနဲ့ တစွက်စွက် စားနေတာကွ၊ အဲ့ဒီအတွက် မပူနဲ့ ဒို့တောင်မြို့ နာမည်ကြီး ဝက်အူချောင်းရှိတယ်၊ ငါမှာလိုက်ရင် ကျောင်းထိ လတ်လတ်ဆတ်ဆတ်လာပို့တာ ဟု ကျွန်တော့်ကို ပြောသည်။ ကိုင်း.. ကျွန်တော့အလှူမှာ လာမည့်ဧည့်သည်အဖြစ် ပထမဆုံးသိလိုက်ရတာက သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း တဲ့။
နောက်ရက် လူထုတိုက်ရောက်သောအခါ နေ့လယ်ခင်း လက်ဖက်ရည်ချိန်တွင် ဒေါ်ဒေါ်က ကျွန်တော့်ကို အလှူအကြောင်းမေးသည်၊ သားလေးတွေ အရွယ်ကိုမေးသည်။ တောင်လေးလုံးမှာ လှူမည်ဆိုသည်ကို ဒေါ်ဒေါ်က ဝမ်းသာနေသည်။ အလှူအတွက် လိုတာပြောနော်ဟုလည်း တဖွဖွ မှာသည်။ မလိုပါဘူးဒေါ်ဒေါ် မမဒေါ်တင်ဝင်းက ဖိတ်စာရိုက်ပေးပြီး ကမ်းဖို့ ယပ်တောင်လည်း စီစဉ်ပေးထားပါတယ်ဟု ပြောပြရသည်။ ခဏနေတော့ ဒေါ်ဒေါ်က အောက်ထပ် စာရေးသည့် အခန်းထဲ ဝင်သွားသည်။ ထွက်လာတော့ လက်ထဲမှာ စာအိတ်လေးတစ်အိတ်ကိုင်ကာ “ငါ့မြေးလေး၂ယောက် အလှူမှာ သူတို့အတွက် လိုတာလေးတွေ ဝယ်ပေး လိုက်ပါကွယ်” ဟု ပြောရင်း ကျွန်တော့် လက်ထဲ စာအိတ်လေးပေးသည်။ ဒေါ်ဒေါ်က ဝမ်းသာတယ်ကွယ် လိုတာပြော အားမနာနဲ့ဟုလည်း မှာနေ၏။ အိမ်ရောက်မှ ဒေါ်ဒေါ်ပေးသည့် စာအိတ်လေး ဖွင့်ကြည့်လိုက်တော့ ငွေကျပ် ၃သောင်းမို့ ကျွန်တော် ဝမ်းသာ မျက်ရည်လည်မိသည်။
ကြံတိုင်းအောင်၏ လင့်ရိုဘာ တစ်စီးနှင့်
—————————————-
ထိုရက်ပိုင်း ညနေခင်းတွင် ကြံတိုင်းအောင် ကိုအောင်မင်းနှင့် ကျုံးဘေး လမ်းလျှောက်ရင်း ဆုံတော့ ဒေါက်တာ စောလှခိုင် နှင့် တွေ့လို့ ကျွန်တော့် အလှူအကြောင်း သိရသတဲ့၊ အလှူမတိုင်ခင်ရော အလှူနေ့ရော တောင်လေးလုံးသို့ သွားဖို့ လာဖို့အတွက် သူ့ဆီက လင့်ရိုဘာကားကို ယူထားပါ၊ တင်မောင်ထွန်းကို မောင်းခိုင်းပေါ့ဟု ပြောသည်။ တင်မောင်ထွန်း ဆိုသည်မှာ ဆရာညိုထွန်းလူကို ပြောခြင်းဖြစ်သည်။ ဆရာညိုထွန်းလူက သူနှင့် ကျောင်းနေဖက် ဖြစ်သည့်ပြင် ကိုအောင်မင်းက ရန်ကုန ်စီးပွားရေးတက္ကသိုလ် တက်နေသောအခါ ဆရာညိုထွန်းလူက ရန်ကုန် တိမွေးကု တက္ကသိုလ်ကျောင်းသားအဖြစ် စီးပွားရေးတက္ကသိုလ်ကျောင်းသူ ဘိတ်သူ မဘီးကို မရမက ပိုးပန်းနေတော့ ကိုအောင်မင်းနှင့် တပူးတွဲတွဲ ဖြစ်ခဲ့သည်။
ထို့ကြောင့် ကိုအောင်မင်းက တင်မောင်ထွန်းကို မောင်းခိုင်းပေါ့ ဟု ပိုင်နိုင်စွာ ပြောခြင်း ဖြစ်သည်။ ဤသို့ဖြင့် နောက်ရက်တွေ တောင်လေးလုံးကျောင်းသို့ သွားတော့ ကြံတိုင်းအောင် လင့်ရိုဘာကားနှင့် ဖြစ်သည်။ တစ်ခေါက်က လင့်ရိုဘာကားပေါ်တွင် ဆရာညိုထွန်းလူးက ကားမောင်း၊ သူ့ဘေးမှာ ဆရာသိုက်ထွန်းသက်က ခံ့ခံ့ကြီးထိုင်၊ နောက်ခုံမှာ ကျွန်တော်ကထိုင်ပြီး တောင်ဘက် ကျုံးဘေး ကြံတိုင်းအောင် တိုက်မှသည် မင်္ဂလာလမ်းအတိုင်း တောင်ဘက် ၃၅လမ်းအတိုင်း မောင်းသည်။ ၃၅လမ်း ဗောဓိကုန်းရောက်တော့ အနောက် ၈၄လမ်းထိဆင်းကာ ၈၄လမ်းအတိုင်း အမရပူရသို့ သွားသည်။

မီးပွိုင့်တိုင်းမှာ လမ်းရှင်းပေးတယ်
————————————
ထိုနေ့က ထူးခြားစွာ မင်္ဂလာတံခါးမီးပွိုင့်ကစ၍ မင်္ဂလာဈေးမီးပွိုင့် ၊ ဗောဓိကုန်းမီးပွိုင့်၊ မျက်ပါးရပ်မီးပွင့်၊ အေလမ်းတော်ဝင် မီးပွိုင့်တွေက ကျွန်တော်တို့ကားကို ဦးစားပေး ဖြတ်ခိုင်းသည်။ ကျန်လမ်းကြောများကိုပင် ယာဉ်ထိန်းရဲက ခရာမှုတ်၍ တားပေးထား၏။ ကျွန်တော်တို့က အံံသြနေသည်။ ကားမောင်းသည့် ဆရာညိုထွန်းလူက ကားပေါ်တက်စဉ် လင့်ရိုဘာကို မောင်းရတာ မင်ညူရယ်ဆိုတော့ ခက်တယ်ဟု ပြောပြီး ခပ်သွက်သွက်မောင်းခဲ့သည်၊ မီးပွိုင့်တွေမှာ ဦးစားပေးတော့ ပို၍ပင် ခပ်သွက်သွက်မောင်းလိုက်တာ ဆရာသိုက်ထွန်းသက်လည်း ရှေ့က ထိုင်ရင်း မရှိမဲ့ ရှိမဲ့ ဆံပင်တွေ လွင့်နေ၏။ ကျွန်တော်လည်း နောက်ခုံက ထိုင်ရင်း အမိုးကိုင်းကို မြဲမြဲ ကိုင်ထားရသည်။
သည်လိုနှင့် မောင်းရင်း တောင်လေးလုံး ကျောင်းပေါက်ရောက်လို့ ကားရပ်ကာ ဆင်းလိုက်တော့မှ အလိုလေး..၊ ကျုံးနဘေး ၂၆ဘီလမ်း ကြံတိုင်းအောင်တိုက် ကတည်းက ဆရာညိုထွန်းလူသည် လင့်ရိုဘာကို ရှေ့မီးကြီး၂လုံးဖွင့်မိပြီး အမရပူရအထိ မောင်းခဲ့ခြင်း ဖြစ်ပါ၏။ ထိုစဉ်က လင်းရိုဘာကို ရှေ့မီးကြီး ၂လုံးဖွင့်ပြီး ခပ်ကြမ်းကြမ်းမောင်းကာ ရှေ့က မျက်နှာပေါက်ဆိုးဆိုးနှင့် ဗိုက်ပူပူ ထပ်ပြောင်လူကြီး ထိုင်လိုက်လာကတည်းက နှယ်နှယ်ရရ မဟုတ် ထိုစဉ်က လက်စောင်းထက်သည့် တာဝန်ရှိ အဖွဲ့ဟု ထင်ပြီး မီးပွိုင့်တွေ အားလုံးမှာ ယာဉ်ထိန်းရဲက ဦးစားပေးခဲ့ခြင်း ဖြစ်သည်။
မလွန်ရပ်ထဲ တီးဝိုင်းသွားငှားသူ
———————————–
အလှူရောက်ရန် တစ်ပတ်လောက်အလို ဆရာသိုက်က မနက်စောစော ကျွန်တော့် အိမ် ဝင်လာသည်။ ထုံးစံအတိုင်း သူ့စက်ဘီးကြီး ကျွန်တော့် အိမ်ရှေ့ထိုးကာ မလွန်ဘက်က ပြန်လာတာဟု ချွေးတွေ သုတ်ရင်း ပြောသည်။ ကျွန်တော်က ဆရာက မလွန်ဘက် ဘယ်သူ့ဆီက ပြန်လာတာလဲဟု မေးတော့ သူက ထုံးစံအတိုင်း ပြုံးပြုံးကြီးနှင့် တီးဝိုင်း သွားငှားတာတဲ့။ ကျွန်တော်က သူ့ကို မျက်မှောင်ကြုံ့ကြည့်ကာ တီးဝိုင်း ဟုတ်လား ဘယ်တီးဝိုင်းလဲ ခင်ဗျားက မင်္ဂလာဆောင်မလို့လားဟု အရွှန်းဖောက်မိသည်။ အမလေး မင်္ဂလာတော့ ထပ်မဆောင် ပါရစေနဲ့တော့ဗျာ ဟု ငိုသံပါနှင့် ပြောမှ ကျွန်တော်က အားနာသွားသည်။ ထိုစဉ်ကာလ ကိုယ့်ဆရာ၏ အိမ်ထောင်ရေးက အဆင်မပြေဘဲ သမီးလေး၂ယောက်နှင့် ကြံ့ကြံ့ခံ ရင်ဆိုင်နေရချိန်ဖြစ်သည်။
ဆရာသိုက်က မလွန်ထဲက စောင်းမူမူသိန်း တီးဝိုင်းသွားငှားတာဗျ၊ တော်သေးတယ် အဆင်ပြေခဲ့လို့၊ အဲ့ဒီနေ့ မနက်ပိုင်းမှ နယ်က ပြန်ရောက်မှာတဲ့။ ဒါနဲ့ ကျွန်တော်လည်း ရတယ်၊ မနက်ဧည့်ခံမီရင် အဆင်ပြေတယ်၊ ည အလှူဝင်မပါပါဘူးလို့ပြောပြီး တခါတည်းငှားခဲ့ပါပြီဟု ခပ်တည်တည်ပြောတော့ ကျွန်တော်က ဇဝေဇဝါ ဖြစ်သွားပြန်သည်။ ကိုယ့်ဆရာကလည်း ကိုယ့်ဆရာ ဝတ္ထုတွေထဲကလို ပဟေဠိတွေ လုပ်နေပြန်ပါပြီ။ ဘယ်နေ့ ဘယ်သူ့အလှူအတွက်လဲဗျ ဟု မေးမှ လာမယ့် တပို့တွဲ လပြည့်နေ့ တောင်လေးလုံးကျောင်းက အလှူအတွက်ဗျ ဟု ပြောသည်။ ကျွန်တော် ထပ်၍ မျက်မှောင်ကြုံ့သွားပြန်၏။ ငွေလေး ၂သောင်းလောက်နှင့် အရပ်ကူပါ လူဝိုင်းပါ အလှူပိန်လေးမှာ တီးဝိုင်းထည့်မည် ဆိုကာ ဆရာသိုက်က ကျွန်တော့်ကို လာ၍ နောက်ပြောင်နေသည်။ ကျွန်တော်က လုပ်ပြီ ကျွန်တော့အလှူက ဟင်းကြမ်းနဲ့ အလှူပိန်လေးပါဗျာ၊ ဆိုင်းတွေ ဝိုင်းတွေ မတတ်နိုင်ပါဘူးဟု ပြန်ပြောရ၏။
ဆိုင်းရူး ဇာတ်ရူးသူ အလှူမှာ
—————————-
သည်တော့မှ ဆရာသိုက် က မနေ့က ညနေ ခင်ဗျား ပြန်သွားမှ နောင်တော်ကြီး ဦးမျိုးခင်က ကျွန်တော်နဲ့ ဆရာညိုကို အခုလိုပြောတာဗျ “ဆိုင်းရူး ဇာတ်ရူး ကိုဆူးလို အလှူက ဘာမှ မပါဘဲ ခြောက်ကပ်ကပ်ဆိုရင် အဓိပ္ပာယ်မရှိပါဘူး ကိုသိုက်ရာ၊ အနည်းဆုံး မြန်မာမှု စောင်းဝိုင်းလေး ပါမှ ကျက်သရေရှိမှာပါ။ မြန်မာမှု ဝိုင်းတစ်ဝိုင်း ငှားဗျာ၊ ကျသင့်တာ ကျွန်တော်အကုန်တာဝန်ယူမယ်ဆိုပြီး” ပြောလို့ ပွဲဦးအောင် မနက်စောစော မြောက်ပြင် အိုးဘိုကနေ မလွန် အထိ စက်ဘီးနဲ့ ပြေးငှားခဲ့ရတာ၊ သိတယ်မဟုတ်လား မောင်ရင့်လူ ဆရာညိုက မြို့ထဲ တာရဲတန်းမှာနေပြီး သူငှားရင်ပိုအဆင်ပြေပေမယ့် အိပ်ရာက မထသေးတာနဲ့ ပွဲလွတ်မှာစိုးလို့ ကျုပ်က ပြေးခဲ့ရတာပါဗျာ ဟု ပြောတော့သည်။
ဆက်၍ အခုပဲ မောင်ရင့်ဆီ အလာ ၂၇လမ်းပေါ်မှာ ကိုစိုးနိုင်နဲ့ သူ့အိမ်ရှေ့မှာ တွေ့လို့ အကျိုးအကြောင်း ရပ်စကားပြောတော့ ခင်ဗျားပြောထားလို့ တပိုတွဲ လပြည့်နေ့ ခင်ဗျားအလှူဆိုတာ သိထားတယ်၊ အခု ကိုမျိုးခင်နဲ့ ကိုသိုက်တို့က စောင်းမူမူသိန်းဝိုင်း ထည့်ထားတယ်ဆိုတော့ ကျွန်တော်က ဘိသိက်တာဝန်ယူမယ်၊ ဘိသိက် ကို ကိုယ်တိုင်မြှောက်ပေးမယ်၊ မူမူသိန်းနဲ့က ပွဲအတော်များများ တွဲဖူးတယ်၊ ပိုအဆင်ပြေတာပေါ့လို့ ပြောလိုက်ပါပြီဗျာ၊ သူလည်း ညနေကျ ခင်ဗျားဆီ လာပြောပါမယ်တဲ့၊ အခု ရုံး သွားစရာရှိလို့တဲ့။
ဒါကြောင့် ဆိုင်းမထည့်ပါနဲ့ ပြောတာ၊ ဆိုင်းပါမှတော့..
—————————————————-
အလိုလေး.. ဘိသိက် နဲ့ ဆိုင်းနဲ့ ဖြစ်သွားပြန်ပါပြီ၊ ကျွန်တော် ဘာမှ မပြောနိုင်တော့။ ကိုစိုးနိုင်ဆိုသည်မှာ စာရေးဆရာ စိုးနိုင်(မန္တလေးတက္ကသိုလ်) ဖြစ်သည်။ ဆရာက ကျွန်တော်အိမ်မြောက်ဘက် ၂၇လမ်းပေါ်မှာ နေသည်။ သူက ဟေမာဇလရပ်၏ ရွာနေပြည်ထိုင်ဖြစ်ပြီး သည်အရပ်မှာ ကျွန်တော် ရောက်လာကတည်း အစ်ကိုတစ်ယောက်လို စောင့်ရှောက် သည်။ သူကိုယ်တိုင်ကလည်း မြို့နယ်အဆင့် အရာရှိဖြစ်သည့်အပြင် အနုပညာ၌လည်း ထူးချွန်သည်။
မဟာဂီတ သီချင်းအဆိုတွင် ကမ္ဘာကျော် စောင်းဆရာကြီး ဦးမြင့်မောင်၏ တပည့်ရင်းဖြစ်သလို အခါတော်ပေး ဘိသိက် ပညာကို ကူးသန်းရောင်းဝယ်ရေးသိပ္ပံ ကျောင်းအုပ်ကြီး ဘိသိက် ပညာရှင် ဦးချစ်လှိုင်ထံမှ ရွှေနန်းတွင်းသုံး ဘိသိက် သမားစဉ် အတိုင်း သင်ယူ တတ်မြောက် သူဖြစ်သည်။ ၁၉၈၈ နောက်ပိုင်း ခေတ်ကာလ အခြေအနေအရ ဆရာ စိုးနိုင်(မန္တလေးတက္ကသိုလ်) က ဘိသိက်နှင့် အခါတော်ပေးများကို ရပ်နားထားသည်။ အခု ကျွန်တော့် အလှူမှာ ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်) က စောင်းမူမူသိန်းနှင့် တွဲ ဖက်၍ ဘိသိက် မြှောက်မတဲ့။
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW