သူတို့အိမ် အခန်း (၁၈၃)

ဆူးငှက်

ကျပ်ကျပ်တည်းတည်း ကာလများ
———————————–

ကျွန်တော့် စာအုပ်အငှားဆိုင်လေးက ၁၉၉၀နောက်ပိုင်း တအိအိနှင့် အငှားလျော့နည်းလာသည်။ ယခင်က တစ်နေ့လျှင် ဦးရေ ၁၀၀ကျော် စာအုပ်ရေ ၂၀၀နီးပါး ငှားနှုန်းရှိခဲ့ရာမှ ဦးရေ က ၅၀ပင် မကျော်တော့၊ တစ်ခါတရံ ဦးရေ ၂၀ နှင့် ၃၀ကြားပင် ကျဆင်းသွားတော့သည်။ ငှားနှုန်းနည်းလို့ ဝင်ငွေနည်း၊ ဝင်ငွေနည်းလို့ စာအုပ်သစ်မတင်နိုင်၊ စာအုပ်သစ် မတင်နိုင်လို့ ငှားနှုန်းကျ၊ ငှားနှုန်ကျလို့ ဝင်ငွေနည်း သံသရာက ပုံမှန်သာမက ပို၍ပင် မြန်ကာ နည်းကာ လည်ပတ်တော့ ဆိုင်မပြုတ်ရုံသာ ကျန်တော့၏။ မနည်း တောင့်ခံထားရသည်။ မိခင်ကြီးကလည်း အသက်၈၀ကျော် ၉၀ ဝန်းကျင်မို့ ဆေးဝါး နှင့် အာဟာရ လိုအပ်သည်။ ဒါတောင် မိခင်ကြီးက ရောဂါအခံမရှိ။ ကျွန်တော့် ကလေး၂ယောက်ကလည်း အိမ်အနီးက ၁၂ အ.ထ.ကနှင့် နေကြာမူကြိုမှာပဲ ထားလို့ စရိတ်စက မများသော်လည်း အတော်ရုန်းရသည်။ ထိုအချိန်စာအုပ်ဆိုင် ဝင်ငွေက ကလေးမုန့်ဖိုးသာသာပဲရှိသည်။

ထို့ကြောင့် လူထုတိုက်က ပေးသည့် ကျွန်တော့် လစာကိုပဲ အားပြုရ၏။ ကျွန်တော့်မှာ လမကုန်မီကပင် လူထုတိုက်၏ မန်နေဂျာ မမဒေါ်တင်ဝင်း (ဒေါ်ဒေါ့်သမီး) ထံ ညနေစောင်း အလုပ်ဆင်းချိန် ဧည့်ရှင်းချိန်ထိ စောင့်ပြီး ငွေ ၅၀၀မျိုး ၁၀၀၀မျိုး ကြိုထုတ်ရသည်။ မမဒေါ်တင်ဝင်းက လျောလျောလျူလျူ ထုတ်ပေးရုံမက “မင်းဒါလောက်နဲ့ အဆင်ပြေပါ့မလား၊ ထပ်ယူဦးမလား” ဟုပင် မေးတတ်သည်။ လကုန်လို့ လစာကိူ စာအိတ်လေးနှင့် မမဒေါ်တင်ဝင်းက ပေးလျှင် “မမဆီက ကျွန်တော်ကြိုထုတ်ထားတဲ့ ၁၀၀၀ ယူလိုက်ပါဦး” ဟု ပြောလျှင် မမဒေါ်တင်ဝင်းက ဘယ်တုန်းကလဲ၊ ဟုတ်ရဲ့လား၊ မမဖြင့် မမှတ်မိဘူး ဟု ပြောတတ်၏။

ကျွန်တော်က ဟုတ်ပါတယ် မမရဲ့ဟု ပြောကာပေးမှ ယူသည်။ တစ်ခါတရံ မမဆီက ယူရတာ များလို့ မျက်နှာပူလျှင် အိမ်ပြန်ရင်း ၈၃လမ်းပေါ်က ဥတ္တရလွင်ပြင် စာအုပ်ဆိုင်သို့ ဝင်ကာ ကိုသန်းဌေး (ဆရာသင့်နော်) ထံက ၂၀၀ မျိုး ၃၀၀ မျိုး ဝင်ဆွဲရသေးသည်။ သူငယ်ချင်း ချဉ်ပေါင်တစ်ခွက်နှင့် စားနေသည့် ထမင်းဝိုင်းက ချဉ်ပေါင် တစ်ပန်းကန် ဝင်သောက်သည့် ပုံစံမို့ ကျွန်တော် အပူကပ်လျှင် ကိူသန်းဌေးက သူ့အံဆွဲလေးထဲက ဆယ်တန် ငါးကျပ်တန် ကျပ်တန် ရောင်းကြေး ဈေးနုတ်လေးကို ဖဲ့ပြီး ပေးတတ်၏။

 

ဧပြီလဆန်းနှင့် မန္တလေးဖောက်သည် မီးဘေး
———————————————–

သည်လိုကာလမှာပဲ ၁၉၉၃ ခုနှစ် ဧပြီ လဆန်း ၁၀ရက်နေ့မှာ ကျွန်တော့်အိမ် နောက်ဖေးဝင်းထဲက မီးစတင် လောင်သည်။ သင်္ကြန်မတိုင်မီ ဧပြီ ၁၀ရက် မနက် ၉နာရီလောက်တွင် ငါးကြော်သည့် ဆီအိုးက စလောင်သည်တဲ့။ ကျွန်တော်နှင့် ရန်ကုန်က ဧည့်သည် အစ်ကိုတစ်ယောက် ၇၄လမ်းပေါ်က ပုဂံအလှ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေကြရင်း အနောက်ဘက်ဆီက မီးခိုးလုံးတွေ လှိမ့်တက်လာတာ မြင်လိုက်ရသည်။

ခဏနေတော့ မီးသတ်ကားသံများနှင့်အတူ ရွှေလှံဗိုလ် ဝင်းထဲဟု သိလိုက်သည်နှင့် အိမ်သို့ သုတ်ခြေတင် ရတော့သည်။ အိမ်ရှေ့ရောက်တော့ မီးခိုးလုံးကြီးက အိမ်နောက်တည့်တည့်မှာ ကပ်လို့၊ မီးလျှံကြီးများလည်း ရုတ်ချည်း တက်လာသည်။ အိမ်က အစ်မနှင့် ခင်သော်ဇင်က အဝတ်ထုပ်တွေ မ ပြီး ပြေးထွက်လာကြသည်။ အသက်၈၀ကျော် အမေက မျက်နှာချင်းဆိုင် ဝင်းထဲရှိ နေကြာ မူကြိုကျောင်းက သူ့မြေးငယ်ကို ပြေးခေါ်သည်။

ကျွန်တော်နှင့် ဝမ်းကွဲ အစ်ကိုက အိမ်ထဲရှိ စာအုပ်တွေကို စောင်ထဲထည့် ၂ဘက်က တယောက်စီ မ ပြီး အိမ်ရှေ့ လမ်းတဖက်က ပလက်ဖောင်းပေါ် ပုံသည်။ မီးက အိမ်နောက်ဖေး ကပ်ရက် အိမ်တွေလောင်ကာ ၂၇လမ်းမေးတင် အိမ်တွေဆီ တဝုန်းဝုန်း ကူးနေပြီ။ မီသတ်ယာဉ်များက ၂၇လမ်းဘက်က စောင့်ပြီး ပက်နေသည်။ အိမ်ရှေ့ ကျုံးရေကန် မှာလည်း ရရာ ပုံးများနှင့် ဆွဲကာ ကျွန်တော်တို့ အိမ်ဘက်ခြမ်း ကို ပက်နေကြသည်။ ကျွန်တော်တို့ကလည်း ရသမျှ စာအုပ်နှင့် စာရွက်စာတမ်းဖိုင်တွေ ထုတ်ပြီး ပလက်ဖောင်းပေါ် ပုံသည်။

ထို့နောက် အိမ်အပေါ်ထပ် ဘုရားစင်က ဆင်းတုတော်နှင့် ပန်းအိုး ဆွမ်းခွက် စသည်များကိုလည်း စာအုပ်ပုံဘေးက စာပွဲပေါ် ပင့်ထားရသည်။ ကျွန်တော် အဘတို့ သဖန်းရွာ ဓာတ်တော်ကုန်းက ယူလာသည့် ကျောက်လုံးလေးတွေ ထည့်ထားသော ပုလင်းကိုလည်း ဆင်းတုတော်ဘေးမှာ တင်ထားသည်။ အိမ်ထဲမှာ ကျုံးရေကန်က ရေတွေနှင့် ခပ်ပက် နေကြသူတွေကို ဦးဆောင်နေသူက ကိုအော်ပီကျယ်နှင့် အဖွဲ့ ဖြစ်နေသည်။

ခဏနေတော့ ကိုစိုးဝင်းငြိမ်းတို့လည်း ရောက်လာ အားဖြည့်သည်။ မီးက ကျွန်တော့် အိမ်နှင့် နောက်ဖေးချင်း ဆက်နေသည့် ဦးစိုင်းတို့ အိမ်ကို ကူးနေပြီ။ သူတို့အိမ်က ပစ္စည်းတွေကို ကျွန်တော်အိမ် နောက်ဖေးက ထရံတွေဖျက်ပြီး ကိုအော်ပီကျယ်တို့က သယ်ရင်း ရေနှင့် ရသလောက် ပက်နေကြ၏။ ကျွန်တော့် တစ်အိမ်လုံးလည်း ရေတွေ နစ်နေပြီ။ မီးသတ်ယာဉ် တစ်စီးကလည်း အိမ်ရှေ့ကနေ ပိုက်သွယ်ပြီး ဝင်းထဲက လောင်လက်စ အိမ်တွေကို ပက်နေသည်။

 

မီးလောင် မှတ်တမ်းဗီဒီယို
—————————–

မီးက ၂၇လမ်းကိုကျော်ကာ မြောက်ဘက်က ဝက်မစွပ်ဝင်းနှင့် ဆုတောင်းပြည့်ဝင်းဘက် ကူးနေပြီ။ ထို့ကြောင့် ကျွန်တော်တို့ အရှေ့ဘက် ၇၆လမ်းသ့ို ကူးရန် အားပျော့သွားပြီ။ နောက်ဖေးအိမ်နှင့် ဘေးအိမ်တွေကို မီးက ကူးသောကြောင့် ကျွန်တော့် အိမ်၏ မြောက်ဘက်ခြမ်းက တံခါးရက်များလည်း ကျွမ်းသွားကာ အုတ်နံရံလည်း မီးလုံးရိုက်လို့ မည်းသွားပြီ။ အကယ်၍ သစ်သားအိမ် ထရံအိမ်ဆိုလျှင် ကောင်းကောင်းကြီး ကူးပြီပေါ့။ အခု ၂လျား ၁နံ အုတ်စီ တိုက်မို့ ခံသာသွားသည်။ မီးက ၂၇လမ်းမြောက်ခြမ်းမှာ အရှိန်ကောင်းနေဆဲ၊ ၂၆ဘီလမ်း ကျုံးဘက်တန်းပင် ရောက်သွားပြီတဲ့။

ထိုနေ့က မြို့တော်ခန်းမတွင် သမဝါယမဝန်ကြီး ဦးသန်းအောင်၏ တွေ့ဆုံပွဲ အခမ်းအနားရှိသည်။ ထိုအခမ်းအနားတွင် မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးရန် အစ်ကို ကိုကျော်ဝင်း ၏ လှဂုဏ်ရည် ဓာတ်ပုံအဖွဲ့က တာဝန်ယူထားသည်။ အခမ်းအနားစတင်စဉ် မြို့တော်ခန်းမ ၁ ၏ အနောက်ဘက် ၅ပြတွင် မီးကြီးလောင်သောကြောင့် အခမ်းအနားက ရပ်တန့်သွားသည်။ ထိုအခါ လှဂုဏ်ရည်အဖွဲ့က ကိုကျော်ဝင်း ကိုယ်တိုင် ၂၇လမ်းနှင့် ၇၆လမ်းထောင့် ကျွန်တော့် အိမ်ရှေ့မှ မီးကူးစပြု ကတည်းက ၂၇လမ်းမြောက်ခြမ်းသို့ မီးကူးသည်အထိ ဗီဒီယိုဖြင့် မှတ်တမ်းတင်ခဲ့၏။

 

အဖိုးမတန်တဲ့ ပစ္စည်းများနှင့် မီးကွင်းဓာတ်တော်
————————————————–

ထိုမီးက ၂၆လမ်းမှသည် မြောက်ဘက်တွင် ကျုံးကြီးခံနေ၍ ဆက်ကူးစရာမရှိမှ မီးညွန့်ကျိုးကာ ငြှိမ်းသတ်နိုင်တော့သည်။ ထို့ကြောင့် ညနေစောင်းသည်နှင့် မီးလောင်ပြီးစ မီးလောင်ပြင်သို့ မန္တလေးထုံးစံအတိုင်း မီးမေး၊ မီးကြည့် လာကြသူများနှင့် စည်ကားနေတော့သည်။ အထူးသဖြင့် မီးလောင်ပြင် အလယ် ၂၇လမ်းကို ၇၆လမ်းမှ ၇၇ လမ်းအထိ ပိတ်ထား သောကြောင့် ကျွန်တော်တို့ အိမ်ရှေ့ ၇၆လမ်းနှင့် ၂၇လမ်းဆုံက အစည်ကားဆုံး ဖြစ်နေသည်။ တိုအခါ မီးကြည့် လာသူတိုင်း အိမ်ရှေ့က ပလက်ဖောင်းမှာ ပုံထားသည့် ထောင်ချီရှိသော စာအုပ်များနှင့် စာမူဖိုင်တွေကိုကြည့်ပြီး “ ဒီအိမ်ကလည်း မီးလောင်တာ အဖိုးတန်တာတွေ မသယ်ဘဲ အဖိုးမတန်တဲ့ စာအုပ်တွေ စာရွက်တွေချည်း သယ်ထား ပါလား” ဟု ကောက်ချက်ချကြ၏။

တချို့ကတော့ မီးဘေးက ကပ်လွတ်သွားသော အိမ်ကိုကြည့်ပြီး စာအုပ်ပုံ ဘေး စာပွဲပေါ်က ရုပ်ပွားတော်နှင့်အတူ သဖန်းရွာ ဓာတ်တော်ကုန်းက ယူခဲ့သည့် ကျောက်လုံးလေးများ ထည့်ထားသည့် ပုလင်းကို မြင်သည်နှင့် လက်အုပ်ချီကာ “ဟယ်.. ဒီတိုက်က ကပ်ပြီး မီးလွတ်သွားတာ ဒီဓာတ်တော်တွေ တန်ခိုးဟဲ့၊ ကန်တော့ကြ၊ ကန်တော့ကြ” ဟု ချက်ချင်း ကောက်ချက်ချကာ အချင်းချင်းလက်တို့ပြီး ထိုင်ကန်တော့ကြပြန်သည်။

မီးဘေးထောက်ပံ့ပစ္စည်း လိမ်ညာထုတ်ယူမှု
———————————————-

ဤသို့ဖြင့် မီးလောင်ပြင်တွင် ကိုယ့်အိမ်ကိုယ့်ရာက အသားမကျမီ မီးဘေး ကယ်ဆယ်ရေး စခန်း ဖွင့်လှစ် ထားသည့် ၁၂ အ.ထ.က ကျောင်းဝင်းထဲက မီးဘေးကူညီ ပစ္စည်းများကို အိမ်ထောင်စု အလိုက် အသံချဲ့စက် တကြော်ကြော်ဖြင့် ကြေညာခေါ်ယူကာ ပေးအပ်ရာ ကျွန်တော်တို့ အိမ်ထောင်ဦးစီး ဒေါ်ချောရင်နာမည်ဖြင့် ပစ္စည်း လာထုတ်ဖို့ ခေါ်နေသံကြားသောကြောင့် အတူနေအစ်မ မမခင်မြနှင့် ခင်သော်ဇင်တို့က သွားရောက် ထုတ်ယူကြသည်။ ဒန်အိုးတဲ့၊ စောင်တဲ့၊ ကျားဝတ်လုံချည် မ ဝတ်လုံချည်နှင့် ကြွေရည်သုတ်ဇလုံတဲ။

ညနေပိုင်းရောက်တော့ ပြည်သူ့ရဲ၊ ကြက်ခြေနီ၊ မီးသတ်များနှင့်အတူ ရပ်ကွက်လူကြီးများက စာရင်းစာရွက်ကြီး များနှင့် ရောက်လာပြီး ဒီအိမ်က ဒေါ်ချောရင်အိမ်လားဟု မေးကာ မီးဘေးသင့်ပစ္စည်းများကို မီးဘေးသင့်သူမဟုတ်ဘဲ လ်မ်ညာထုတ်လို့ ဖမ်းသတဲ့၊ ထုတ်ယူခဲ့သည့် ပစ္စည်းများကို ရှာဖွေပုံစံနှင့် သိမ်းဆည်းပြီး အမှုဖွင့်ကာ အိမ်ထောင်ဦးစီးက ယိုးဒယားဂတ်တဲ လိုက်ခဲ့ရမယ်တဲ့။ ထို့ကြောင့် အိမ်ထောင်ဦးစီး အသက်၈၀ကျော် အမေက ဂတ်တဲ လိုက်ရကိန်း ဆိုက်ပြန်သည်။ တောင်းတောင်းပန်ပန်နှင့် အမေ့ကိုယ်စား မမခင်မြက လိုက်သွားရသည်။ အားလုံး ၁၄အိမ်ထောင်လောက် ရှိသတဲ့။ ဂတ်တဲတွင် အတော်ကြာကြာ ပြောဆိုပြီး တာဝန်ရှိသူများက သူတို့ဖာသာ စာရင်းမှားကောက်ယူ၍ ကြေညာခေါ်ယူကြောင်း ထင်ရှားသောကြောင့် အမှုပိတ် ပြန်လွှတ်လိုက်တော့သည်။ နောက်တော့ စေတနာရှင်များက ရေလာထည့်ပေးသည်ကိုပင် မယူဝံ့တော့။

 

ကျွန်တော်က အိမ်ကိုပစ်ပြေးသတဲ့
————————————–

ကံဆိုးလိုက်သည်များ မီးလောင်ပြင်ကိုရှင်းလင်းပြီး မုံရွာက မမခင်ရီတို့က လာရောက် သတင်းမေးကြတော့ မမက ကျွန်တော့်ကို အပြစ်တင်သည်။ မီးလောင်ချိန်တွင် ကျွန်တော်က အိမ်ပစ်ပြီး ထွက်ပြေးသတဲ့၊ အိမ်ဘက်ကူးမည့် မီးကိုပင် မငြှိမ်းသတ်ဘူးတဲ့၊ အမြင်မတော်သူက ဦးလှဘော်နှင့် ဒေါ်ခင်ရီ တို့ တိုက်ကြီး မီးလောင်မှာစိုးလို့ မီးသတ်ကားခေါ်ပြီး ရေပက် ငြှိမ်းသတ်ခိုင်းလို့ မီးဘေးက လွတ်တာတဲ့၊ မောင်ကျော်ဆန်းအလိုဖြင့် ပြာပုံပဲ တွေ့ရမှာတဲ့ ဟု လာပြောသတဲ့။ ထို့ကြောင့် မမခင်ရီက ကျွန်တော့်ကို နေစိမ့်ရကောင်းလားဟု အပြစ်တင်ခြင်းဖြစ်သည်။ ထိုအခါ ကျွန်တော်က မဟုတ်ရပါကြောင်း ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်ရသည်။

မမခင်ရီတို့ပြန်သွားတော့ မုံရွာရောက်နေသည့် တူမတစ်ယောက်က ထိုသတင်းကိုကြားသဖြင့် ကိုကျော်ဝင်းထံက ဗီဒီယိုခွေကို တောင်းယူပြီး ကျွန်တော်တို့အိမ်ရှေ့မှ ရိုက်ကူးထားသည့် ထိုမီးလောင်မှတ်တမ်းကို ဖွင့်ပြကာ မီးစတင်လောင်ကတည်းက အားကျိုးသနွှဲ ငြှိမ်းသတ်နေကြသည့် သူများကို ပြပြီး ဒါက ကာတွန်ဆရာအော်ပီကျယ်၊ ဒါက ပန်းချီဆရာ စိုးဝင်းငြိမ်း ဒါကလည်း စာရေးဆရာဘယ်သူ ကာတွန်းဆရာဘယ်သူ ပန်းချီဆရာဘယ်သူ အားလုံးက လေးလေးဆန်း(တူ၊တူမများက ကျွန်တော့်ကိုခေါ်သော နာမည်) အဖွဲ့တွေချည်းပဲ ၊ သူတို့က မနက်ကမိုးချုပ်ထိ လေးဆန်း ဘေးမှာ အမြဲရှိနေကြသူတွေဟု ရှင်းပြတော့သည်။

 

ကံဆိုး၊ ကံကောင်း
——————–

ကံဆိုးချင်တော့ အိမ်နောက်ဖေး ကပ်ရက် ဝင်းထဲက မီးစလောင်၊ ကံကောင်းချင်တော့ မီးလောင်ချိန် မတိုင်မီကတည်းက မနက်တိုင်း လာနေကျ ဆရာများက ရောက်နေလို့ တက်ညီလက်ညီ မီးငြှိမ်းနိုင်၊ ကံဆိုးချင်တော့ တိုက်ပိုင်ရှင် မမတို့ဆီ ကျွန်တော်က အိမ်ကို ထားပစ်ကာ ထွက်ပြေးသည်ဟု သတင်းပေး၊ ကံကောင်းချင်တော့ မီးလောင်ချိန်ကတည်းက ကိုကျော်ဝင်း(လှဂုဏ်ရည်) က မှတ်တမ်းဗီဒီယိုရိုက်ထားလို့ သက်သေပြနိုင်ခဲ့၊ ကံဆိုးချင်တော့ နဂိုကမှ စာအုပ်ဆိုင် က အလုပ်မဖြစ်တော့ချိန် ရပ်ကွက်က မီးဘေးပါသင့်တော့ ညတိုင်လျှင် လမ်းပေါ်မှာရော စာအုပ်ဆိုင်ရော စည်ကားနေသည့် ရပ်ကွက်က ကျီးနှင့်ဖုတ်ဖုတ်။

ကံကောင်းချင်တော့ စာအုပ်ဆိုင် အလုပ်မဖြစ်သော်လည်း ပုံမှန်ဖွင့်လှစ်ထားလို့ လာနေကျ စာရေးဆရာ ကဗျာဆရာ ကာတွန်းဆရာ ပန်းချီဆရာတွေက မိုးလင်းမိုးချုပ် အိမ်မှာပဲ စုကြ လက်ဖက်ရည်ဆိုင်ထိုင်ကြမို့ စာအုပ်ဆိုင်က စာအုပ်အငှား လယ်ဂျာစာအုပ်မှာ ဆရာတွေအချင်းချင်း ချိမ်းချက် ပြောဆို မှာကြား အသိပေးကြသည့် သူတို့ လက်ရေး သူတို့လက်မှတ်များတွင် အော်ပီကျယ်၊ ကိုရိုးကွန့်၊ စိုးဝင်းငြိမ်း၊ ညိုညိုတင်လှ၊ ကျော်စွာထက်၊ ညိုထွန်းလူ၊ ဝင်းစည်သူ၊ ပိုင်စိုးဝေ၊ ကြည်ဇော်ဝင်း၊ ချမ်းမင်းအိမ်၊ မောင်နေသစ်(ရေဦး)၊ သိုက်ထွန်းသက်၊ ကြည်လင်အေး၊ မြသောင်း(မြောက်ပြင်)၊ နှင်းဆီအောင်၊ ပန်းချီ ခင်မောင်စန်း၊ ပန်းချီ ဘိုစော၊ ပန်းပု စံဖေ၊ ပန်းချီ စိုင်းကျော်လူ မှသည် ဆရာကြီးမောင်သာရ လက်ရေး လက်မှတ်အထိ ပါခဲ့။ ကံဆိုးချင်တော့ ထို လယ်ဂျာ စာအုပ်က အခု မရှိတော့။

ဖိုးသား၊ ဖိုးခွားနှင့် ကစားစရာများ
———————————

အခုတလော ကျွန်တော့်မြေး၂ယောက်ကို သူ့မိဘများက ကစားစရာတွေ ပူဆာတိုင်း ဝယ်ပေးနေတာ မြင်ရတော့ သူတို့ အဖေတွေ ငယ်စဉ်ဘဝကို သတိရမိသည်။ သူတို့အဖေ ကျွန်တော့်သား၂ယောက် ငယ်စဉ်ကတည်းက ကစားစရာကို ဝယ်မပေးနိုင်ခဲ့ပေ။ ဘုရားကြီးသို့ သွားလျှင် စောင်းတန်းထဲ အဝင်အထွက် ကစားစရာတွေ ပူဆာမှာစိုးသောကြောင့် ဆိုင်တွေရှေ့ရောက်တိုင်း သူတို့ကို အာရုံလွှဲသည့် အနေနှင့် စကားတွေ တောင်စဉ်ရေမရ ပြောပြီး ခပ်သွက်သွက် ဖြတ်ရသည်။

အိမ်မှာ သူတို့ ညီအစ်ကို ကစားစရာက စင်ပေါ်ရှိ စာအုပ်များကို အောက်ချပြီး စာအုပ်များကို ထပ်၍ အိမ်ဆောက်တမ်း ကစားသည်။ စာအုပ်များကိုစီ၍ မီးရထားလုပ်တမ်း ကစားကြသည်။ ကလေး၂ယောက်တွင် အကြီးကို ဖိုးသားဟု ခေါ်တာ အသားကျသွားတော့ အငယ်ကို ဖွားခွားဟု ခေါ်ခဲ့ကြသည်။ ဖိုးသား နာမည်က အခုအရွယ်ထိ တွင်သွားသော်လည်း ဖိုးခွားက အခုတော့ အငယ်လေး ဟူသော အမည်က အစားဝင်သွာပါပြီ။

မဒေါန လက်ကောက်နှင့် BMX အဟောင်းလေး
———————————————–

ဖိုးခွားငယ်စဉ်က ချူချာသည်။ နေမကောင်းလို့ တအီအီ ငိုလျှင် ချော့စရာ ကစားစရာအရုပ်မရှိ။ ထိုအခါ အဖွားဖြစ်သူ ကျွန်တော့် အမေက သူ့မြေးငယ်ကို ချီပြီး အိမ်မှာ ကပ်ထားသော မက်ဒေါနားပုံ ပိုစတာကိုပြကာ “ဟောဒီမှာဟေ့ မဒေါန က လက်ကောက်တွေ အများကြီးနဲ့၊ သူ့လက်ကောက်တွေ ယူရအောင်ဟေ့” ဟု ချော့တတ်သည်။ ထိုအခါ ဖိုးခွားက ပိုစတာပေါ် ပုံက လက်ကောက်တွေကို ကြည့်ရင်း အငိုတိတ်သွား၏။ ထိုစဉ်ကာလ အကြီးဖြစ်သူ ဖိုးသားက အိမ်မှာ စာအုပ်လာငှားကြသည့် စည်သူနိုင်တို့၊ သန့်ဇင်ထွေးတို့ ညီထွေးတို့ စီးလာကြသည့် BMX စက်ဘီးတွေကို သဘောကျနေသည်။ ထို့ကြောင့် သူတို့ပြန်သွားတိုင်း အမေဖြစ်သူကို စက်ဘီးပူဆာသည်။

သို့သော် ဝယ်ပေးဖို့ မတတ်နိုင်။ ပူဆာပါများလာတော့ ခင်သော်ဇင်က ကျွန်တော့်ကို ပြောသည်။ ငပယင်းဝင်းထိပ် စက်ဘီးပြင်ဆိုင်မှာ BMX စက်ဘီး အဟောင်းလေး တစ်စီး ရောင်းစရာရှိသတဲ့၊ တစ်ထောင်တဲ့၊ ဖိုးသားကို ဝယ်ပေးချင်တယ်တဲ့။ ကျွန်တော်က ၅၀၀ စိုက်ပါ၊ သူစုထားတာ ၅၀၀ ရှိပါတယ် ဖိုးသားကို ဝယ်ပေးချင်တယ်တဲ့။ ကျွန်တော်လည်း ငြင်းရမှာ စိတ်မကောင်းတာကြောင့် မနက်တိုင်း ဆိုးတိုင်ပင် ကောင်းတိုင်ပင် ပြောဆို ဆုံလေ့ရှိသည့် ကိုဝင်းနိုင်( ဆရာအော်ပီကျယ်) ထံက ငွေ ၂၀၀ ချေးပြီး လိုရမယ်ရ သိမ်းထားသော ငွေ ၃၀၀ နှင့် ငွေ ၅၀၀ ကို ခင်သော်ဇင့်လက် အပ်၍ စက်ဘီးဟောင်းလေး ဝယ်လိုက်သည်။

 

ဆရာများ၊ ရေးဖော်ရေးဖက်များ၊ သူငယ်ချင်းများ၊ မိတ်ဆွေများ
————————————————————–

ထိုသို့ ခက်ခဲနေသည့် ကာလများတွင် ကျွန်တော်က ယခင် သ/မ ဝန်ထမ်း ဘဝက ရင်းနှီးခဲ့သော ဌာနမှူး ဦးမျိုးခင်နှင့် ပြန်တွေ့သည်။ သူက ၂၆ဘီလမ်း အရှေ့ထိပ် အောင်တော်မူရပ်ထဲမှာ သင်းပိတောက်အမည်နှင့် စားသောက်ဆိုင် ဖွင့်ထား၏။ သူ့ခြံက အတော်ကျယ်သည်။ အခု သူလည်း ဝန်ထမ်းမဟုတ်တော့ပေ။ ကျွန်တော်လည်း သူ့ထံ မကြာခဏ ရောက်ဖြစ်ပြီး မိတ်ဆွေစာရေးဆရာများဖြစ်သော ညိုထွန်းလူ၊ သိုက်ထွန်းသက်လည်း ကျွန်တော်နှင့် ပတ်သက်ကာ ဦးမျိုးခင်ခြံတွင် ရောက်လာကြ၏။ ဆရာကျော်ရင်မြင့်ကတော့ ဦးမျိုးခင်နှင့် ယခင်ကတည်းက တစ်ဌာနချင်းမို့ ရင်းနှီးသိကျွမ်းပြီး ဖြစ်သည်။

ထို့နောက် ပတ်သက်ရာ ပတ်သက်ကြောင်းနှင့် ဆရာမ မဝင့်(မြစ်ငယ်) လည်း ရောက်လာသည်။ ထိုနေရာတွင် ၈၈အလုပ်ပြုတ်များစုဝေးရာဟုပင် အပျော်အပျက်တွေးမိသေး၏။ လူစုမိပြီး မကြာမီ ဦးမျိုးခင်နှင့် သူ့မိတ်ဆွေများက ငွေစုငွေချေးသမဝါယမအသင်း ထောင်ကြသည်။ ထို့ပြင် စာအုပ်တိုက်လည်း ထောင်၏။ ကနဦးအလုပ်အဖြစ် ရတနာပုံနေ့စဉ်သတင်းစာ ပုံနှိပ်ပိုင်းအတွက် ဆောင်ရွက်နေသော ရန်ကုန်က လာသည့် ကိုမျိုးဝင်း(မဟာနန္ဒာ) နှင့်လည်း တွဲမိကြကာ စီးပွားရေးကြော်ငြာ အချပ်ပိုကို ထုတ်ဖြစ်ကြသည်။ တနင်္ဂနွေနေ့တိုင်း ထိုအချပ်ပိုကို ရတနာပုံသတင်းစာတွင် ထည့်သွင်း ဖြန့်ဝေသည့် ဝန်ဆောင်မှု လုပ်ငန်းဖြစ်သည်။

ထိုလုပ်ငန်းတွင် ဆရာညိုထွန်းလူက တာဝန်ခံနှင့် ကြော်ငြာရှာဖွေရေး၊ ကျွန်တော်နှင့် ဒီဇိုင်းချိုတူးမောင်က Lay Out Design နှင့် ပုံနှိပ်၊ ဆရာသိုက်ထွန်းသက် က စာရင်းအင်း၊ မဝင့်(မြစ်ငယ်) က ရုံးလုပ်ငန်း တာဝန်ယူကြသည်။ သည်တော့ တနင်္ဂနွေ တစ်ပတ်လျှင် လုပ်အားခနှင့် ဝေစုအဖြစ် ဝင်ငွေလေးက ရှိလာ၏။ သည်တော့ ကျွန်တော်က မနက်ပိုင်း အောင်တော်မူက သင်းပိတောက်ခြံ၊ နေ့လယ်ပိုင်း လူထုတိုက်သို့ စက်ဘီးလေးနှင့် အကွက်လည်နေသည်။ အမောသက်သာသည့် သဘောဖြစ်သည်။ အပေါင်းအသင်းများ အနေနှင့် စာပေအဝန်းအဝိုင်း သာမက ရပ်ကွက်နီးချင်း ကိုအောင်မင်း(ကြံတိုင်းအောင်လွယ်အိတ်) မိသားစု၊ ဒေါက်တာကြည်ကြည်စိန် မိသားစုတို့နှင့်လည်း ရင်းနှီးနေပြီ။ စာအုပ်ငှားပရိသတ်မှ မိသားစုလို ရင်းနှီးလာသူ တစ်ဦးကလည်း ဒေါက်တာစောလှခိုင် ဖြစ်သည်။ ကြံတိုင်းအောင် ကိုအောင်မင်း၊ ဒေါက်တာစောလှခိုင်နှင့် ကျွန်တော်တို့ ၃ဦးကလည်း တွဲလျှက်တွေ့နေကျ ရဲ၃ဖော် ဖြစ်လာ၏။

ထို့ပြင် ကိုစိုးဝင်းငြိမ်းနှင့် ပတ်သက်ပြီး သိကျွမ်းရသည့် ကိုသန်းဦး ကလည်း နေ့တိုင်း အိမ်မှာ ရှိနေသည်။ သူက စည်ပင်က အင်ဂျင်နီယာဖြစ်သည်။ ဘာ အကူအညီလိုလို ဖင်ပေါ့ လက်သွက်သူမို့ ကျွန်တော့် အသိုင်းအဝန်းအားလုံး၏ လက်စွဲတော် ဖြစ်ခဲ့သည်မှာ ယခုတိုင် ဖြစ်သည်။ စဉ်ကာလ တွဲဖက် ကိုစိုးဝင်းငြိမ်းလည်း ရန်ကုန်သို့ ပြောင်းရွှေ့သွားပြီ။ ကိုဝင်းနိုင်(ဆရာအော်ပီကျယ်) လည်း ရန်ကုန်မှာ လက်စွမ်းပြဖို့ ရောက်နေပြီ။ အိမ်က ကလေးတွေလည်း အကြီးက ၇တန်း အငယ်က ၄တန်ရောက်ပြီ။ လောက်လောက်လားလားဖြစ်သည့် အရွယ်ပေါ့။

 

ရှင်ပြု အလှူလုပ်ဖို့ တာဝန်ရှိလာပြီ
———————————–

ထို့ကြောင့် အိမ်သို့ရောက်လာသော ဆွေမျိုးတိုင်းက ဖိုးသားနှင့် ဖိုးခွားကို တွေ့တိုင်း ဟ.. ငါ့ကောင်တွေက လူပျိုဖြစ်တော့မှာဟ၊ မောင်ကျော်ဆန်း သားယောက်ျားလေးတွေ မွေးထားတော့ ရှင်ပြု အလှူလုပ်ဖို့ တာဝန်ရှိလာပြီဟေ့ ဟု ပြောကြသည်။ ထိုသို့ ပြောကြသူတွေ များလာတော့ အစက မသိလိုက် မသိဖာသာပေမယ့် နောက်တော့ ထိုစကားသံကို ကြားရမှာ ကြောက်လာတော့သည်။ သားရှင်ပြု ဘုရား ဘုရား.. ကိုယ့်မှာက နေ့ဖို့ညစာ လောက်ငှရုံပဲ ရှိသေးသည်။ အပိုှ မရှိ။ စုဆောင်း ထားတာ လည်း မရှိ။ ကြိုထုတ်လို့ရသည့် လုပ်အားခလေးများနှင့် ခြစ်ချုပ်စုပါမှ ၁သောင်းခွဲ ၂သောင်းလောက် အလွန်ဆုံးပေါ့။ သည်ငွေလေးနှင့် သား၂ယောက်ကို ဘယ်လိုလှူရပါ့။ ထိုအလှူ ကိစ္စ စဉ်းစားမိတိုင်း ပြာသို တပို့တွဲ မန္တေလးဆောင်း မနက်ခင်း နှင်းတောထဲ မှာ ချွေးပြန် နေတော့သည်။

မှတ်မှတ်ရရ ထိုနေ့က ၁၉၉၇ခုနှစ် နှစ်ဆန်း ဇန်နဝါရီလလယ်လောက် ဖြစ်မည်။ ပြာသိုကလည်း လပြည့်လုနီးချိန်ပေါ့။ မနက်လင်း ခင်သော်ဇင်ဈေးကပြန်လာချိန် ကျွန်တော်လည်း စက်ဘီးလေးဆွဲပြီး အောင်တော်မူ ပိတောက်မင်းသို့ သွားရန်ထွက်လာသည်။ ၂၆ဘီလမ်း ကျုံးဘေးအရောက် မဆီမဆိုင် “ဟ.. ငါ့ကောင်တွေက လူပျို ဖြစ်တော့မှာဟ၊ မောင်ကျော်ဆန်း သားယောက်ျားလေးတွေ မွေးထားတော့ ရှင်ပြု အလှူလုပ်ဖို့ တာဝန်ရှိလာပြီဟေ့” ဟူသော ဆွေမျိုးများအသံကို သတိရကြားယောင်လာသည်။ တစ်ဆက်တည်းပင် ကျွန်တော့်မှာ ခြစ်ချုပ်စုထားသည့် ငွေလေး ၁သောင်းခွဲ ၂သောင်းလောက်ကိုလည်း သတိရလာသည်။ ထိုကြောင်းချင်းရာ ၂ခုကို ဆက်စပ်မိတော့ စိတ်ထဲမှာ ရုတ်ချည်းပေါ်လာသည်က တစ်နေရာသို့ မဖြစ်မနေ သွားရောက်မည်ဟူသော ဆုံးဖြတ်ချက် ဖြစ်ပါ၏။ ထို့ကြောင့် အောင်တော်မူသို့ မသွားတော့ဘဲ မင်္ဂလာလမ်းရောက်သည်နှင့် တောင်ဘက်ချိုး၊ အေလမ်းရောက်တော့ အနောက်ဆင်း ကာ စက်ဘီးလေး တစ်စီးနှင့် ခရီးရှည်လိုက်တော့၏။ အမရပူရ တောင်သမန်အင်းစောင်းက တောင်လေးလုံး ကျောင်းတိုက် ဆီ..။

အိမ်ပျော် ကျောင်းပျင်း
————————-

ကျွန်တော်က တောင်လေးလုံးကျောင်းသို့ စက်ဘီးလေးစီးရင်း သားတွေကို ရှင်ပြုခြင်းမတိုင်မီ သူတို့ကျောင်းမနေမီ အရွယ်က သူတို့ကို ချော့မော့ ထိန်းကျောင်းရသည့် ကာလများဆီ သတိရမိနေသည်။ သားအကြီးနှင့် အငယ်က ၄နှစ်လောက်ခြားသည်။ အငယ်မမွေးမီ သားကြီးက အိမ်မှာ အဘိုးအဘွားနှင့် အဒေါ်များ၏ အချစ်တော် ဖြစ်သည်။ အိမ်မှာ သူ့ကို ထိန်းကျောင်း ဂရုစိုက်သူချည်း ဖြစ်သည်။ အိမ်မှာ အိမ်သားများသာမက စာအုပ်ငှား ဖောက်သည်များကလည်း ငယ်စဉ်က မျက်နှာချိုသော သူ့ကို ချစ်ကြလို့ ရောက်သည်နှင့် ပွေ့ကြ ချီကြတော့သည်။ မျက်စောင်းထိုး နန်းခင်အေး၊ နန်းခင်မေညီအစ်မကဆိုလျှင် သူတို့အိမ်ပွေ့ခေါ်သွားပြီး အကောင်းစား မုန့်တွေ ကျွေးသည်။ ထို့အတူ ကန်ထရိုက်တာ ဝင်းထဲက မမာလာ မအေးအေးမြတ် ညီအစ်မကလည်း သူ့ကို မြင်သည်နှင့် ပွေ့ချီကာ လက်ပေါ်က မချတော့။ ထို့ကြောင့် သူက လက်သာသော အိမ်မှာပဲ ပျော်သည်။ ထို့ကြောင့် ၃နှစ်သားအရွယ် မူကြိုထားတော့ အိမ်ကခွာပြီး ကျောင်းမသွား ချင်တော့ပေ။

ကနဦးထားသည့် မူကြိုက ၂၆ဘီလမ်းနှင့် ၇၅လမ်းထောင့် YMCA မူကြို ဖြစ်သည်။ ကျောင်းသွားရမည် ဆိုလျှင် ကော့လံထိုးကာ ငိုတော့သည်။ သည်တော့ ကျောင်းမသွားဘူး စက်ဘီးစီးရမှာဟုဆိုကာ သူ့ကို စက်ဘီးရှေ့က ခုံပေါ်တင်ပြီး ကျောင်းနှင့် ဆန့်ကျင်ဘက် အရပ်နေရာတွေဆီ စက်ဘီးပတ်နင်းကာ မျက်စိလည်လောက်မှ ကျောင်းကို မထင်မှတ်သည့် နေရာက ပတ်ဝင်ရ၏။ ဒါလည်း ကျောင်းပေါက်ရောက်တာနှင့် အာခေါင်ခြစ်ငိုသည်။ သည်တော့ သူ့ကို စက်ဘီးပေါ်တင်ပြီး ကျွန်တော်သွားလေရာ ခေါ်သည့် အကျင့် လုပ်ထားရသည်။ ဒါမှ ကျောင်းသွားခါနီး အလည်သွားဟန်ဆောင်ကာ စက်ဘီးပေါ် တင်ရခြင်း ဖြစ်သည်။ ထိုအကျင့်ကြောင့် ကျောင်းပိတ်ရက်ဆိုလျှင် သားအဖနှစ်ယောက်က စက်ဘီးတစ်စင်းနှင့် မြို့လုံးပတ်လည် သဝေထိုးကြသည်။

ဘုန်းကြီးပျံပွဲခင်းတိုင်း ဆင်နွှဲနေကျ သားအဖ
——————————————

၃နှစ် ၄ု နှစ်အရွယ် သားလေးကို စက်ဘီးရှေ့က ထိုင်ခုံမှာတင်ပြီး ကျုံးဘေး ဟေမာဇလရပ်ကနေ ဘုရားကြီး ၄၅တာကွင်းထဲက နန္ဒိသေနာရာမ ဆရာတော်ကြီး ဘုန်းကြီးပျံသို့လည်း နေပူကျဲကျဲ ဖုံတလုံးလုံးမှာ ရောက်သည်။ ဘုန်းကြီးပျံချတော့ စက်ဘီးနှင့် သားအဖ၂ယောက် ကရဝိက်နောက်က လိုက်ကြသေး၏။ ထိုစဉ်ကာလ စစ်အုပ်ချုပ်ရေးမို့ ဘုန်းကြီးပျံနောက်က အစောင့်အရှောက်လိုက်ပါလာသော အမြောက်နှင့် တင့်ကား ၂စင်းကို သားတော်မောင်က ကရဝိက် ထက် သဘောကျ နေသည်။

ထို့ပြင် အရှေ့ပြင် ဆင်တဲတိုက်က ဘုန်းကြီးပျံလည်း ရောက်သည်။ အနောက်ပြင် မစိုးရိမ်တိုက်ဟောင်းက ဘုန်းကြီးပျံလည်း ရောက်သည်။ ဘုန်းကြီးပျံတွေ မရှိလျှင် သားအဖ၂ယောက်က ဘူတာကြီးရှေ့မှာ စက်ဘီးအပ်ပြီး ဘူတာထဲဝင်ကာ မီးရထားခေါင်းတွဲကြီးတွေ၊ ရှန်တိန်လုပ်သော မီးရထားတွေကို တမေ့တမော ထိုင်ကြည့်ကြသည်။ တစ်ခါတရံ သားအဖ၂ယောက်ထဲ တောင်ခြေမှာ စက်ဘီးအပ်ပြီး မန္တလေးတောင် တက်ကြသေးသည်။ စိတ်လိုလက်ရရှိလျှင် အေလမ်းအတိုင်း အနောက်ဆင်းပြီး ဂေါဝန်ဆိပ်က အလုပ်သမား အပန်းဖြေရပ်သာ နဘေး သစ်ပင်ကြီးအောက် အုတ်ခုံမှာ ထိုင်ရင်း မြစ်ထဲက သင်္ဘောတွေ လှေတွေကို ကြည့်ကြသည်။

မြို့ပတ်ရထားစီးကြခြင်း
—————————

အငယ်လေး မွေးပြီးတော့ အကြီးက ၆နှစ်အရွယ် အငယ်က ၂နှစ်သားလောက်မှာလည်း သားအဖ၃ယောက် မန္တလေးတောင်တက်ကြတော့ အပြန်မှာ ခင်သော်ဇင်က အံံသြနေသေးသည်။ အကြီးက ကျွန်တော့် လက်ဆွဲကာ ခြေကျင်၊ အငယ်ကို ကျွန်တော်က ချီပိုးပြီး မြွေကြီး ၂ကောင်ရောက်အောင် တက်ကြတာလေ၊ သားအဖတတွေ အိမ်ရောက်တော့ ချွေးအနစ်သားနှင့် မထနိုင်ကြတော့။ တစ်ခါတော့ သားအဖ ၃ယောက် စွန့်စွန့်စားစားနှင့် ဘူတာကြီးအထိ စက်ဘီးနှင့်သွားပြီး အရှေ့မြို့ပတ်ရထားစီးကြသည်။ စက်ဘီးအပ်ပြီး ဘူတာကြီးထဲက အရှေ့ မြို့ပတ်ရထားကို စီးကြခြင်း ဖြစ်သည်။ မြို့ပတ်ရထားက ဘူတာကြီးမှာ ရှမ်းစု၊ မြို့ဟောင်း၊ သိုးခြံ၊ ကံသာယာ၊ ယဉ်ပျံ၊ နန်းရှေ့ စသည်ဖြင့် မန္တလေးတောင်ခြေမှ မြင်းပြိုင်ကွင်း တောင်ဘက်က ဖြတ်ပြီး သူရဲဈေးဘူတာသို့ ဝင်သည်။ သည်လိုပဲ အနောက် မြို့ပတ်ရထားကိုလည်း သားအဖ၃ယောက် စီးဖူးသည်။ ဘူတာကြီးက အနောက် အေလမ်းအတိုင်း ယခင် ဆီတင်တွဲ သစ်တင်တွများသွားရာ ရထားလမ်းအတိုင်း အနောက် ကမ်းနားလမ်းရောက်တော့ မြောက်ဘက်ချိုးပြီး ပိုက်ကျုံး ရောက်သည်။

ထိုမှ ၂၆ဘီလမ်းအတိုင်း အရှေ့တက်ပြီး ရွှေတချောင်းအတိုင်း မြောက်ချိုးကာ ရေကြည် မဲအိုးတန်း ကြံခင်း အတိုင်း ဗြစ်စက်အနောက်ဘက်မှ အိုးဘိုရောက်ကာ သူရဲဈေး ပြန်ဝင်သည်။ သားတွေက မြို့ပတ်ရထားစီးရင်း လမ်းပေါ်က စက်ဘီးတွေ မြင်းလှည်းတွေ ကားတွေ လူတွေကို မြင်ရတာ သဘောကျကြသည်။ ထို့ပြင် သူရဲဈေးဘူတာရောက်တော့ မီးရထားခေါင်းတွဲကို ဆုံလည်ပေါ်တင်ပြီး လူတွေ ဝိုင်းတွန်းကာ ခေါင်းလှည့်တာကို လက်ခုပ်လက်ဝါးတီး၍ သဘောကျကြ၏။ သူရဲဈေး ဘူတာရောက်တိုင်း တွဲပေါ်က ဆင်းကာ ဘူတာတောင်ထိပ်က ခေါင်းတွဲလှည့်သည့်နေရာ သွားပြရသည်။ ထိုစဉ်က မြို့ပတ်ရထားတွေကိုတော့ စီးခဲ့ကြသော်လည်း မန်းရာပြည့်ကွင်းမှာ အသစ်ဖွင့်လှစ်သည့် ရတနာပုံ တိရစ္ဆာန်ဥယျာဉ်သို့မူ မရောက်ဖြစ်ခဲ့ပေ။ ထို့ပြင် သားအဖ ၃ယောက်သား မှတ်မှတ်ထင်ထင် သွားခဲ့ဖူးသော နေရာလည်းရှိသည်။

 

ရုပ်သေးပွဲ သွားရအောင်
—————————

၁၃-၅-၁၉၉၄ နေ့တွင် မန္တလေးကျုံးကြီးကို ပြန်လည် တူးဖော်ခဲ့သည်။၂ဝ-၄-၁၉၉၄ နေ့တွင် ကျုံးရေကို စတင် ပိတ်ခဲ့ပြီး ၆-၅-၁၉၉၄ နေ့မှစ၍ ကျုံးရေများ စတင် စုပ်ယူ ရှင်းလင်းခဲ့သည်။ ထို့နောက် ၁၃-၅-၁၉၉၄ နေ့တွင် စတင် တူးဖော်ခဲ့ခြင်း ဖြစ်ပါသည်။ ၁၈-၃-၁၉၉၅ နေ့တွင် ကျုံးပတ်လည် တူးဖော်မှုလုပ်ငန်း ပြီးစီးခဲ့ပါသည်။ ကျုံးတော်ကြီး အသစ် ပြင်ဆင် မွမ်းမံ ပြီးစီးခြင် းအထိမ်းအမှတ် အောင်ပွဲကို ၁၉၉၅ ခုနှစ် မတ်လ ၁၈ ရက်နေ့မှ စ၍ နန်းမြို့ရိုး ပတ်လည် ကျုံးအတွင်း၌ သုံးရက်တိုင် ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့သည်။ ကျုံးအောင်ပွဲ အခမ်းအနားကြီးတွင် တန်ပိုလာမဲများ၊ စတိပ်ရှိုးများ၊ ကာရာအိုကေ များ၊ ရန်ပုံငွေစားသောက်ဆိုင်များ၊ အငြိမ့်များ၊ ၊ ဇာတ်များ၊ ချားရဟတ် ကစားစရာများ ပါရှိသည်။ ထို့ပြင် အယုတ်အလတ် အမြတ်မရွေး ကျွေးမွေးသည့် ထမင်းစတုဒိသာများလည်း ရှိသည်။ ထိုအရာများအားလုံးကို စိတ်မဝင်စားသော်လည်း ကျုံး အရှေ့ဘက် မျက်နှာစာတွင် မန္တလေးရုပ်စုံသဘင် ပါသည်ဆိုသည်ကိုတော့ စိတ်ဝင်စား နေမိသည်။ ကျွန်တော်က သားတွေကို ရုပ်သေးပွဲ ပြချင်နေသည်။

ထို့ကြောင့် ကျုံးအောင်ပွဲ စတင် ကျင်းပသည့် နေ့မှာပင် ကျွန်တော်သည် သားနှစ်ယောက် လက်ဆွဲကာ တန်ပိုလာ ကံစမ်းမဲ ဈေးဆိုင်တန်းကြီးများကို တိုးဝှေ့ပြီး ကျုံးရှေ့ခြမ်းထိ မငြီးမငြူ သွားကာ ညနေစောင်းကတည်းက ရုပ်သေးစင်ရှေ့ နေရာယူခဲ့သည်။ ဤသို့ဖြင့် ရုပ်သေးပွဲ စထွက်တော့ ကမ္ဘာပျက်တာ၊ ကမ္ဘာတည်တာ၊ ဟိမဝန္တာခန်း စသည်များကို တတ်သလောက်၊ မှတ်သလောက်ဖြင့် သားများအား ရှင်းပြရ၏။ ထို့နောက်အပျိုတော်…၊ ထို့နောက် နှစ်ပါးသွား…၊ ထို့နောက် နောက်ပိုင်း ဇာတ်ထုပ်…။ ဤသို့ဖြင့် ပွဲသိမ်း ပြည်ဖုံးကားချမှ သားအဖတတွေ ရုပ်သေးပွဲက ပြန်ခဲ့ကြသည်။ တစ်ရက်လည်း မဟုတ်၊သုံးရက် ဆက်တိုက်…။

 

သားတွေက တော်တော်၊
———————–

အမေကမူ ” သားတွေက တော်တော်၊ နင်က ကြည့်ချင်လို့နေမှာ…” ဟုဆို၏။ သားတွေက အထူးအဆန်းမို့ သဘောကျ နေသည်။ မြင်းကို သဘောကျသည်။ မျောက်က ိုသဘောကျသည်။ ဘီလူးနှစ်ကောင် နောင်ဂျိန် ခန်းကို သဘောကျသည်။ သူတို့ ပိုသဘောကျတာက မြင်းကြည့်လိုက် ရေခဲမုန့် ပြေးဝယ်စားလိုက်၊ မျောက်ကြည့်လိုက် ရေခဲမုန့် ပြေးဝယ်စားလိုက်၊ ဘီလူးကြည့်လိုက် ရေခဲမုန့် ပြေးဝယ်စားလိုက်ကိုး။ ကျွန်တော်ကတော့ ရုပ်သေးစင်ရှေ့ ငုတ်တုတ်ထိုင်ရင်း ငါးမည်ရတင်သိန်းနှင့် ရွှေဘိုတင်အောင်၏ အဆိုအငိုမှာ နစ်မျောရင်း ငယ်ဘဝကို လွမ်းဆွတ် ရတာ အရသာ ရှိလှသည်။

ဟုတ်သည်၊ အမေပြောလည်း ပြောချင်စရာ သား၂ယောက်ကို စက်ဘီးနှင့် တင်ပြီး ဘုန်းကြီးပျံ၊ မန္တလေးတောင်၊ ဘူတာရုံ၊ မြစ်ဆိပ်၊ မီးရထား၊ ရုပ်သေးပွဲတို့ အပျင်းမရီသွားနေခြင်းက သားတွေက တော်တော်၊ ကျွန်တော်သွားချင် ကြည့်ချင်သော နေရာတွေဆိုတာ သတိထားမိနေပါသည်။ အခု ကျွန်တော့် စက်ဘီးပေါ် ရှေ့တစ်ယောက် နောက်တစ်ယောက်တင်ကာ သွားချင်သည့်နေရာ သွားခဲ့သည့် သား၂ယောက်ကို ရှင်ပြုရန်အတွက် တိုင်ပင် အပူကပ်ဖို့ တောင်လေးလုံးဆရာတော်ဆီ သည်စက်ဘီးလေးနှင့် ပြေးရပြန်ပြီလေ၊ အခုတော့ ကျွန်တော် တစ်ယောက်တည်း၊ ဒါလည်း ကျွန်တော် ပြုမူလုပ်ဆောင်ချင်သည့် အရာပဲ ဖြစ်ပါစေတော့လေ။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW