ဆင်းရဲခြင်းလွတ်ကင်းအောင် (၁)

MT(VOM)
​ဆင်းရဲနွမ်းပါးမှု ဆိုတာ နိုင်ငံတစ်နိုင်ငံအတွက်တော့ ရောဂါဆိုးကြီးတစ်ခုပါပဲ။ ဒါပေမဲ့ ဒီရောဂါဟာ ကုသလို့မရတဲ့ အရာတော့ မဟုတ်ပါဘူး။ ကမ္ဘာ့ကုလသမဂ္ဂ (UN) က သတ်မှတ်ထားတဲ့ LDC (Least Developed Countries – ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ) စာရင်းထဲ ရောက်သွားခဲ့ပေမဲ့ အောက်ခြေကနေ ရုန်းထွက်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအဖြစ် စာရင်းကနေ ရာထူးတိုး (Graduated) သွားနိုင်ခဲ့တဲ့ နိုင်ငံတချို့ ရှိပါတယ်။
​ဒီဆောင်းပါးမှာတော့ LDC ဆိုတာ ဘာလဲဆိုတာကို အရင်ဆုံး လေ့လာကြည့်ပါမယ်။ပြီးမှ LDC စာရင်းထဲကနေ အောင်မြင်စွာ ရုန်းထွက်နိုင်ခဲ့တဲ့ နိုင်ငံတချို့ရဲ့ အတွေ့အကြုံ၊ သင်ခန်းစာတွေကို အသေးစိတ် သုံးသပ် တင်ပြသွားပါမယ်။
LDC (ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ) ဆိုတာ ဘာလဲ။
​LDC ဆိုတာ Least Developed Countries ရဲ့ အတိုကောက်ဖြစ်ပြီး ကမ္ဘာပေါ်မှာ စီးပွားရေးနဲ့ လူမှုရေး စိန်ခေါ်မှု အကြီးမားဆုံး ရင်ဆိုင်နေရတဲ့ နိုင်ငံတွေကို ကုလသမဂ္ဂက သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။
​LDC နိုင်ငံအဖြစ် သတ်မှတ်ခံရဖို့ ဒါမှမဟုတ် LDC စာရင်းထဲ ဝင်သွားဖို့အတွက် UN က စံနှုန်း (၃) ခုနဲ့ တိုင်းတာပါတယ်-
​၁။ တစ်ဦးကျ ဝင်ငွေ နည်းပါးခြင်း (Low Income)
၂။ လူသားအရင်းအမြစ် ချို့တဲ့ခြင်း (Human Asset Index – HAI)-ကျန်းမာရေး၊ အာဟာရရရှိမှု၊ စာတတ်မြောက်မှုနဲ့ ပညာရေး အဆင့်အတန်း နိမ့်ကျတာ
၃။ စီးပွားရေးနှင့် သဘာဝဘေး ထိခိုက်လွယ်ခြင်း (Economic and Environmental Vulnerability Index – EVI)-စစ်ပွဲ၊ သဘာဝဘေးအန္တရာယ် ဒါမှမဟုတ် ကမ္ဘာ့စီးပွားရေး ရိုက်ခတ်မှုတွေကို ခံနိုင်ရည်မရှိဘဲ အလွယ်တကူ ပြိုလဲသွားနိုင်တာ။
​ဒီစံနှုန်းတွေ နိမ့်ကျလွန်းရင် LDC နိုင်ငံဖြစ်သွားပြီး၊ ဒီစံနှုန်းတွေကို ပုံမှန်ကျော်လွန်အောင်စွမ်းဆောင်နိုင်မှ LDC စာရင်းကနေ ပယ်ဖျက် (Graduated) ခွင့်ရတာပါ။
​ကမ္ဘာပေါ်မှာ LDC စာရင်းကနေ ရုန်းထွက်နိုင်ခဲ့တဲ့ နိုင်ငံ အရေအတွက် အနည်းငယ်ပဲ ရှိပါသေးတယ်။ အဲဒီထဲကမှ ထင်ရှားတဲ့ နိုင်ငံတချို့ရဲ့ သမိုင်းနဲ့ ရုန်းကန်ခဲ့ရမှုတွေကို လေ့လာကြည့်ရအောင်။
ဘော့ဆွာနာနိုင်ငံ (Botswana)
၁၉၉၄ ခုနှစ်တွင် LDC မှ လွတ်မြောက်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။၁၉၆၆ ခုနှစ်မှာ ဗြိတိသျှလက်အောက်ကနေ လွတ်လပ်ရေးရချိန်တုန်းက ဘော့ဆွာနာဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး နိုင်ငံတွေထဲက တစ်ခုပါ။ အာဖရိက တိုက်အလယ်က ကုန်းတွင်းပိတ် နိုင်ငံဖြစ်ပြီး သဲကန္တာရ ဖုံးလွှမ်းနေတာကြောင့် စိုက်ပျိုးရေး လုပ်လို့မရပါဘူး။ လမ်းမကြီး ကြီးကြီးမားမားဆိုလို့ ၁၂ မိုင်လောက်ပဲ ရှိပြီး တက္ကသိုလ်ဆိုတာလည်း မရှိခဲ့ပါဘူး။
​ဘော့ဆွာနာ နိုင်ငဲဟာ စစ်ပွဲကြောင့် မဟုတ်ဘဲ ပထဝီဝင်အနေအထား ခြောက်သွေ့လွန်းတဲ့ သဘာဝဘေး (မိုးခေါင်ရေရှားမှု) နဲ့ အခြေခံအဆောက်အအုံ လုံးဝမရှိမှုတို့ကြောင့် LCD ဖြစ် ဖြစ်ခဲ့ရပါတယ်။
လွတ်လပ်ရေးရပြီး မကြာမီမှာဘဲ အဖိုးတန် စိန် တွေကို နိုင်ငံအတွင်းမှာ ထိတွေ့တွေ့ရှိခဲ့ပါတယ်။ ဘော့ဆွာနာဟာ စိန်ကရတဲ့ ဝင်ငွေတွေကို အဂတိလိုက်စားမှု မရှိဘဲ ကျန်းမာရေး၊ ပညာရေးနဲ့ အခြေခံအဆောက်အအုံ တွေမှာပဲ တိုက်ရိုက် ပြန်လည်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။
ပထမဆုံး သမ္မတ ဆဲရက်ဆဲ ခါမာ (Seretse Khama) ရဲ့ ရိုးသားပြီး စိစစ်စနစ်ကျတဲ့ ခေါင်းဆောင်မှုက အဓိက သော့ချက်ပါ။ သူဟာ တိုင်းရင်းသား မျိုးနွယ်စု သဘောထားကွဲလွဲမှုတွေကို ထိန်းညှိနိုင်ခဲ့ပြီး ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်ရေး ယန္တရားကောင်းတစ်ခုကို တည်ဆောက်ခဲ့ပါတယ်။
နိုင်ငံတကာ အကူအညီတွေကို သာမန် သုံးစွဲပစ်တာမျိုး မလုပ်ဘဲ ရေရှည်ဖွံ့ဖြိုးရေး စီမံကိန်းကြီးတွေမှာပဲ စနစ်တကျ အသုံးချခဲ့ပါတယ်။
​ကိတ်ဗာဒီနိုင်ငံ (Cape Verde)
ဒီနိုင်ငံကို တော့ ကမ္ဘာ့ဖလား ကြည့်တဲ့ ပရိသတ်တွေရင်းနှီးနေကြမှာပါ။ ဒီနိုင်ငံ ကတော့ ၂၀၀၇ ခုနှစ်တွင် LDC မှ လွတ်မြောက်ခဲ့ပါတယ်။
အာဖရိက အနောက်ဘက်ကမ်းလွန်က ကျွန်းစုနိုင်ငံငယ်လေး ဖြစ်ပါတယ်။ သဘာဝသယံဇာတ လုံးဝမရှိသလောက် နည်းပါးပြီး သောက်သုံးရေနဲ့ စိုက်ပျိုးရေးအတွက် မြေဆီလွှာ အလွန်ရှားပါးတဲ့ နိုင်ငံပါ။ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှုကြောင့် အစားအစာနဲ့ သောက်သုံးရေ ပြတ်လပ်မှု သဘာဝဘေးဆိုးတွေကို ဆိုင်ကလုန်းမုန်တိုင်းတွေနဲ့အတူ ရိုက်ခတ်ခံခဲ့ရတာပါ။
သယံဇာတ မရှိတာကြောင့် ခေတ်မီ ခရီးသွားလုပ်ငန်း (Tourism) နဲ့ ဝန်ဆောင်မှုလုပ်ငန်း (Services sector) ကို ဇောက်ထိုးလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်ပရောက် ကိတ်ဗာဒီ နိုင်ငံသားတွေဆိုင်းထားတဲ့ လွှဲပြောင်းငွေ (Remittances) တွေကို စီးပွားရေး တည်ငြိမ်အောင် အသုံးချခဲ့ပါတယ်။
ဒီမိုကရေစီ နည်းကျ ရွေးချယ်ခံရတဲ့ အစိုးရအဆက်ဆက်ဟာ ဥပဒေစိုးမိုးရေးနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး (Good Governance) ကို ဦးစားပေးခဲ့ပါတယ်။ ဝန်ထမ်းတွေရဲ့ အရည်အသွေးကို မြှင့်တင်ပြီး ပညာရေးမှာ တင်းကြပ်စွာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။
ကျွန်းစုနိုင်ငံဖြစ်လို့ ပို့ဆောင်ဆက်သွယ်ရေး ခက်ခဲတာကို ဖြေရှင်းဖို့ နိုင်ငံတကာ အကူအညီနဲ့ အလှူငွေတွေကို ဆိပ်ကမ်းများ၊ လေဆိပ်များနှင့် ရေချိုထုတ်စက်ရုံများ တည်ဆောက်ရာမှာ သန့်ရှင်းလွတ်လပ်စွာ အသုံးပြုခဲ့ပါတယ်။
မော်လဒိုက်နိုင်ငံ (Maldives) –
မော်လဒိုက် ကတော့ ၂၀၁၁ ခုနှစ် မှာ LDC မှ လွတ်မြောက်ခဲ့တဲ့ နိုင်ငံပါ။ကျွန်းငယ်လေးတွေ အများကြီးနဲ့ ဖွဲ့စည်းထားပြီး ပထဝီအနေအထားအရ အခြားကမ္ဘာနဲ့ သီးခြားဖြစ်နေခြင်း၊ သဘာဝသယံဇာတ နည်းပါးခြင်းတို့ကြောင့် ဖြစ်ပါတယ်။
စစ်ပွဲထက်စာရင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှု၊ မုန်တိုင်းနှင့် ၂၀၀၄ ခုနှစ် ဆူနာမီဘေး ကဲ့သို့သော သဘာဝဘေးအန္တရာယ် ဒဏ်ကို အဓိက ခံခဲ့ရတာပါ။
မော်လဒိုက်ဟာ သဘာဝအလှအပကို အခြေခံပြီး ကမ္ဘာ့အဆင့်မြင့် ခရီးသွားလုပ်ငန်း (Luxury Tourism) ကို မဟာဗျူဟာကျကျ ဖန်တီးခဲ့ပါတယ်။ ငါးဖမ်းလုပ်ငန်းကိုလည်း ခေတ်မီနည်းပါးများဖြင့် စနစ်တကျ ပို့ကုန်အဖြစ် မြှင့်တင်ခဲ့ပါတယ်။
နိုင်ငံရေး တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့ပြီး ခရီးသွားလုပ်ငန်းအတွက် ပြည်ပရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်မယ့် မူဝါဒကောင်းတွေကို ခေါင်းဆောင်အဆက်ဆက်က စနစ်တကျ ချမှတ်ပေးခဲ့ပါတယ်။
ဆူနာမီအပြီး ပြန်လည်ထူထောင်ရေးနဲ့ ရာသီဥတု ပြောင်းလဲမှု ဒဏ်ခံနိုင်ရေးအတွက် ရရှိလာတဲ့ နိုင်ငံတကာ ရန်ပုံငွေတွေကို ပင်လယ်ရေကာနံရံများ ဆောက်လုပ်ခြင်းနှင့် ကျွန်းစုများ၏ ဆက်သွယ်ရေး စနစ်များတွင် ထိရောက်စွာ သုံးစွဲခဲ့ပါတယ်။
ဆာမိုအာနိုင်ငံ (Samoa)
၂၀၁၄ ခုနှစ်တွင် LDC မှ လွတ်မြောက်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။
ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံငယ်ဖြစ်ပြီး အခြားနိုင်ငံ တွေနဲ့ ဝေးကွာလို့ အထီးကျန်ဆန်မှု၊ ဈေးကွက် ကျဉ်းမြောင်းမှု တို့ကြောင့် စီးပွားရေး တိုးတက်ဖို့ ခက်ခဲခဲ့တာပါ။၁၉၉၀ ပြည့်လွန်နှစ်များက တိုက်ခတ်ခဲ့တဲ့ ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းများ (Ofa နှင့် Val) ကြောင့် စိုက်ပျိုးရေးနှင့် အခြေခံအဆောက်အအုံများ လုံးဝပျက်စီးခဲ့ရပါတယ်။
စီးပွားရေး ပုံစံကို စိုက်ပျိုးရေးတစ်ခုတည်းမှ ခရီးသွားလုပ်ငန်း၊ ကမ်းလွန်ဘဏ္ဍာရေး ဝန်ဆောင်မှုနှင့် ပြည်ပရောက် နိုင်ငံသားများထံမှ လွှဲပြောင်းငွေစနစ်သို့ ပြောင်းလဲခဲ့ပါတယ်။
ဝန်ကြီးချုပ် တုအိလာအဲပါ (Tuilaepa Aiono Sailele Malielegaoi) အုပ်ချုပ်စဉ် ကာလအတွင်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုကြီးများကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ခဲ့ပြီး အခွန်စနစ်နှင့် ဘဏ်လုပ်ငန်းတွေကို ခေတ်မီအောင် ပြင်ဆင်ခဲ့ပါတယ်။
နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ (IMF, World Bank) တို့၏ အကူအညီဖြင့် ဘဏ္ဍာရေး စည်းကမ်း တင်းကြပ်စွာ ကိုင်တွယ်ခဲ့ပြီး အကြွေးနွံထဲ မနစ်အောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
ဒီနိုင်ငံတွေဆီကရတဲ့ အဓိက သင်ခန်းစာများ
​LDC စာရင်းကနေ ထွက်မြောက်သွားတဲ့ နိုင်ငံတွေကို လေ့လာကြည့်ရင် အောက်ပါ အချက်တွေကို တွေ့ရပါတယ်။
​၁။ ကောင်းမွန်သော အုပ်ချုပ်ရေး (Good Governance)
သယံဇာတ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဂတိလိုက်စားမှု နည်းပါးပြီး ရိုးသားတဲ့ ခေါင်းဆောင်မှု မရှိရင် ဆင်းရဲတွင်းက မလွတ်နိုင်ပါဘူး။
၂။ ပညာရေးနှင့် လူသားအရင်းအမြစ် (Human Capital)
လူထု၏ ကျန်းမာရေးနှင့် ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ရေရှည်တွင် အထိရောက်ဆုံး နည်းလမ်း ဖြစ်ပါတယ်။
၃။ စီးပွားရေး အမျိုးအစား စုံလင်အောင် လုပ်ဆောင်ခြင်း (Economic Diversification)
စိုက်ပျိုးရေး သို့မဟုတ် သယံဇာတ တစ်ခုတည်းအပေါ် မှီခိုမနေဘဲ ခရီးသွားလုပ်ငန်း၊ ဝန်ဆောင်မှု၊ အိုင်တီ ကဲ့သို့ အခြားကဏ္ဍများကို ချဲ့ထွင်ရပါမယ်။
၄။ နိုင်ငံတကာ အကူအညီကို အလွဲသုံးစားမလုပ်ခြင်း
အကူအညီများကို လက်ဖြန့်တောင်းခံရုံဖြင့် မလုံလောက်ဘဲ မိမိခြေထောက်ပေါ် မိမိ ပြန်ရပ်တည်နိုင်မည့် ရင်းနှီးမြှုပ်နှံမှုများအဖြစ် ပြောင်းလဲနိုင်ရပါမယ်။
​ဆင်းရဲတွင်းဆိုတာ ရာသက်ပန် ကျရောက်နေရမယ့် ကံကြမ္မာ မဟုတ်ပါဘူး။ စစ်ပွဲတွေ၊ သဘာဝဘေးတွေနဲ့ သယံဇာတ မရှိတဲ့ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရပေမဲ့ မှန်ကန်တဲ့ မူဝါဒ၊ ရိုးသားတဲ့ ခေါင်းဆောင်မှုနဲ့ ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှု ရှိမယ်ဆိုရင် ဘာမဆို ဖြစ်နိုင်တယ်ဆိုတာကို အထက်ပါ LDC လွတ်မြောက်ခဲ့သည့် နိုင်ငံများ၏ သမိုင်းက သက်သေပြနေပါတယ်။
MT(VOM)

Related posts

Leave a Comment

VOM News

FREE
VIEW