သူတို့အိမ် အခန်း (၁၈၂)

 

ဆူးငှက်

 

လူငယ်တွေကို မြေတောင်မြှောက်ပေးသည့် လူထုမောင်နှံ
————————————————————–

ဦးလေးလှ(လူထုဦးလှ)နှင့် ဒေါ်ဒေါ်လူထုဒေါ်အမာတို့က လူငယ်တွေကို မြေတောင်မြှောက်ပေးသည်က အစဉ်အလာလို ဖြစ်သည်။ ကြီးပွားရေး စာအုပ်တိုက်ကို စတင်ထူထောင်သည်မှာ ၁၉၃၈ ဇူလိုင်လဖြစ်သည်။ ကြီးပွားရေး လစာအုပ်တိုက် မထူထောင်မီ ၁၉၃၄ ခုနှစ်လောက် ကတည်းက ကြီးပွားရေး မဂ္ဂဇင်းကို အယ်ဒီတာ ကိုလှ က ထုတ်ဝေနေပါပြီ။ ထိုခေတ် ထိုအခါက ထုတ်ဝေသော ကြီးပွားရေး မဂ္ဂဇင်းသည် လူငယ်များ ကျန်းမာသန်စွမ်းပြီး ပညာတွေတတ်၊ အမြင်တွေကျယ်ကာ တိုင်းပြည်လွတ်လပ်ရေး ကြီးပွားရေးလမ်းကြောင်းကို စိတ်အားထက်သန်စွာ ကြံဆောင်ကြစေဖို့ ရည်ရွယ်ခဲ့သည်။ ထို့ကြောင့်လည်း ကြီးပွားရေးမဂ္ဂဇင်းက ထိုခေတ် ထိုအချိန် အခြားမဂ္ဂဇင်း စာစောင်များမှာ ပါလေ့ရှိသော မိန်းကလေးလှလှနှင့် မျက်နှာဖုံးမျိုးမဟုတ်ဘဲ ကျိုးနေသော ထီး ပေါက်နေသော စည်ရှေ့မှာ မားမားရပ်နေသော လူငယ်ပုံမျိုး၊ ကြွက်သားအပြိုင်းပြိုင်းနှင့် ပုဆိန်ကို တအား လွှဲပေါက်နေသော လူငယ်ပုံမျိုး၊ စူးဆောင်ကိုင်ပြီး တစ်စုံတစ်ခု ဖန်တီးနေသော လူငယ်ပုံမျိုး၊ မြန်မာပြည်မြေပုံပေါ်က အပင်ကို ရေလောင်းနေကြသော ယောက်ျားပျို၊ မိန်းမပျိုပုံမျိုး တွေပဲဖြစ်သည်။

မဂ္ဂဇင်းအတွင်းမှာလည်း လူငယ်များ စုပေါင်းလမ်းလျှောက်လေ့ကျင့်ကြသော ဓာတ်ပုံသတင်းလို၊ ကာလကတ္တား မှာ ကျင်းပသော ကိုယ်ကာယ အလှပြိုင်ပွဲတွင် ဇော်ဝိတ်ကြီးဗိုလ်စွဲသွားသော သတင်းမျိုး၊ ပညာချွန်သော ကျောင်းသားတွေ အထ္တုပ္ပတ္တိ အကျဉ်း၊ မဟာဝိဇ္ဇာဘွဲ့ရ မောင်သိန်းဟန် အင်္ဂလန်သွားပြီး စာကြည့်တိုက် ပညာသင်ယူသည် အကြောင်း၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ရ မောင်အစန်း၊ အင်္ဂလန်မှာ အိုင်စီအက်စ်အုပ်ချုပ်ရေး ပညာသွားရောက်သင်ယူသည့် အကြောင်း၊ နေသူရိန်၏ “မကြောက်တရား” ဆောင်းပါးများ။ ဦးတင့်ဆွေ(ဘီအေ-ဘီအမ်)က မန္တလေးတွင် လူမျိုးခြားများ စီးပွားရေးလက်ဝါးကြီးအုပ်ထားသည့် အကြောင်း၊ ဝါးခယ်မ ဦးဘထွား(ရှေ့နေ)က ဒိစတြိတ်ကောင်စီလူကြီးများ လာဘ်စားသည့် အကြောင်း၊ ကလေးစာပေအကြောင်း၊ မှော်ဘီဆရာသိန်းကြီး၏ ရှေးဟောင်းနှောင်းဖြစ် စာတမ်း စသော စသော လူငယ်များ တိုးတက်ရာ တိုးတက်ကြောင်း၊ ကြီးပွားရာ ကြီးပွားကြောင်း ဆောင်းပါးများ၊ ပြဇာတ်များ၊ စာတမ်းများ ထည့်သွင်းထားသည်။

 

မန္တလေးရွှေ့ပြီး မန္တလေးအခြေစိုက် ထုတ်ဝေ
————————————————-

အသက် ၂၃ နှစ်အရွယ်မှာပဲ ကြီးပွားရေးမဂ္ဂဇင်းကို လူငယ်များကြီးပွားရေးအသင်း ခွင့်ပြုချက်ဖြင့် အယ်ဒီတာ တာဝန်ယူကာ ကြီးပွားရေးကိုလှက ထုတ်ဝေသလို တစ်ဖက်ကလည်း သူ့ ပထမဆုံးလုံးချင်းစာအုပ်ဖြစ်သော “ဆိုဗီယက်ရုရှား”နှင့် “ထိပ်ဆုံးသို့” ဆသည့် စာအုပ် ၂ အုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့သည်။ ကြီးပွားရေး စာအုပ်တိုက်အနေနှင့် ပထမဆုံးထုတ်ဝေသည့် စာအုပ်မှာ ကာတွန်းဦးဘဂျမ်း၏ “ကိုပြူးနဲ့ မပြုံး”ရုပ်ပြကာတွန်းဖြစ်သည်။ မဂ္ဂဇင်းရော စာအုပ်တိုက်ရော ပြိုင်တူလုပ်ကိုင်နေရာက ၁၉၃၉ ခုနှစ် နိုဝင်ဘာလတွင် မန္တလေးသူ၊ သပိတ်မှောက် ကျောင်းသူ မအမာနှင့် အကြောင်းပါပြီး မဂ္ဂဇင်းရော စာအုပ်တိုက်ပါ မန္တလေးရွှေ့ပြီး မန္တလေးအခြေစိုက် ထုတ်ဝေပြန်သည်။
မန္တလေးရောက်ပြီးမကြာခင်မှာ ဒုတိယကမ္ဘာစစ်ဖြစ်သောအခါ တစ်မိသားစုလုံး မန္တလေးခွာပြီး မတ္တရာဘက် စစ်ပြေးကြသည်။ မတ္တရာနယ် ကပိုင်ရွာတွင် စစ်ခိုစဉ် ကြီးပွားရေးစာအုပ်တိုက်အနေနှင့် “လူထုဂျာနယ်”ကို စတင်ထုတ်ေ၀ နေပါပြီ။ ၁၉၄၅ ခုနှစ် ဇူလိုင်လကစပြီး ထုတ်ဝေခြင်းဖြစ်သည်။ ၁၅ ရက် တစ်ကြိမ်ထုတ် ဂျာနယ်သည် စစ်ကြီးအတွင်းမို့ စက္ကူဖြူမရှိလို့ မီးခြစ်ပုံးခွံအပြာရောင်စက္ကူများနှင့် ထုတ်ဝေကြရ၏။ စစ်ပြေးနေရင်း “လူထုဂျာနယ်”အပြင်၊ သားဦး ယောက်ျားလေး အတွက် “ဆုထူးပန်ယောက်ျား”ဟူသော စာအုပ်အပါအဝင် စာအုပ် ၂ အုပ်လည်း ထုတ်ဝေခဲ့သည်။

သိက္ခာရှိသော သတင်းစာ
——————————-

၁၉၄၆ ခုနှစ်ဧပြီ ၁၉ ရက်နေ့တွင် လူထုသတင်းစာကို စတင်ထုတ်ဝေသကဲ့သို့ို၊ ၁၉၅၉ ခု ဇန်နဝါရီလမှာ လူထုဂျာနယ်ထုတ်ဝေမှု ရပ်နားခဲ့သည်။ လူထုသတင်းစာ၏ အယ်ဒီတာချုပ်များအဖြစ် ဆရာကြီးရွှေဥဒေါင်း၊ လူထုဦးလှ၊ လူထုဒေါ်အမာတို့ တာဝန်ယူခဲ့ကြသည်။ လူထုသတင်းစာက ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ စာပေဂုဏ်ဒြပ်များ ဖြစသော အလုပ်သမား၊ လယ်သမားအရေး၊ အမျိုးသားရေး၊ စာပေယဉ်ကျေးမှုနှင့် ငြိမ်းချမ်းရေးများကို ဆက်လက် သယ်ဆောင်ခဲ့သည်။ မြန်မာ့သတင်းစာသမိုင်း၌ “သိက္ခာရှိသော သတင်းစာ”အဖြစ် မဏ္ဍိုင်စိုက်ထူနိုင်ခဲ့သည်။

ထို့ကြောင့်လည်း အဆက်ဆက် အစိုးရများ၏ မျက်စိစပါးမွှေးစူး ခံရကာ ဖိနှိပ်မှုများလည်း ဆက်တိုက်ခံခဲ့ရသည်။ ၁၉၄၉ ခုနှစ်တွင် အစိုးရက သတင်းစာတိုက်ကို မိုင်းခွဲဖျက်ဆီးခဲ့၏။ ဆရာကြီးရွှေဥဒေါင်း၊ လူထုဦးလှတို့လည်း အကြိမ်ကြိမ်ဖမ်းဆီးထောင်ချခဲ့သည်။ လူထုအယ်ဒီတာများ လူထုနှင့် ပတ်သက်သူ တွေကိုလည်း မျက်မုန်းကျိုးကာ အပြစ်မရှိ အပြစ်ရှာဖမ်းဆီးခဲ့သည်။ သတင်းစာကိုလည်း ၁၉၆၇ ခု ဇူလိုင်လ ၇ ရက်နေ့တွင် ဆက်လက်ထုတ်ဝေနိုင်ခြင်း မရှိအောင် လုပ်ငန်းလိုင်စင်ချထားမှု ရပ်ဆိုင်းခဲ့သည်။

လူထုဂျာနယ် လူထုသတင်းစာရှိစဉ် ကာလကလည်း သူရ(ရှမ်းပြည်) မောင်သာနိုး မောင်စွမ်းရည် တင်မိုး ကိုလေး(အင်းဝဂုဏ်ရည်) ကြည်အောင၊် မောင်သစ်လွင်(လူထု)၊ လူထုစိန်ဝင်း၊ နတ်မောက်ထွန်းရှိန၊် မောင်အောင်မွန်၊ ဝင်းဖေ၊ ပေါ်ဦးသက၊် စိုင်းကျော်ထင၊် မောင်ဝင်းမောင၊် အောင်တိတ၊် မြေဇာ၊ ဧကစာချို စသည့် လူငယ် အယ်ဒီတာ စာရေးဆရာ ကဗျာဆရာ ကာတွန်းဆရာ ပန်းချီဆရာတို့ကို မြေတောင်မြှောက်ပေးခဲ့သည်။

လူထုကြီးပွားရေး စာအုပ်တိုက် သည် မင်းဒဏ်လည်း အကြိမ်ကြိမ်သင့်ခဲ့သလို သဘာဝဘေးဒဏ်အဖြစ် ၁၉၈၄ ခုနှစ် မတ်လ ဦးကျားကြီးဝင်း မီးဘေးတွင် ပုံနှိပ်တိုက်အလုပ်ရုံနှင့် ဂိုဒေါင်များ မီးဘေးသင့်ခဲ့သည်။ ၁၉၈၄ ခုနှစ်၊ မတ်လ ၂၄ ရက် နေ့လယ် ၂ နာရီ ၄၅ မိနစ်မှာ မန်္တလေးမြို့လယ် ဦးကျားကြီးဝင်းက စတင်လောင်ကျွမ်းလိုက်သော မီးက မန်္တလေးတစ်မြို့တစ်လုံးသာမက နိုင်ငံနဲ့အဝှမ်း တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။ မန်္တလေးကို မြို့နယ် (၄)မြို့နယ် ပိုင်းခြားထားသည့် အနက် မြို့နယ် (၃)မြို့နယ်က အိမ်ခြေပေါင်း (၂၃၀၀)ကျော်ကို ပြာကျစေခဲ့သည်။

 

မီးလောင်မြေ က ဖီးနစ်ငှက်
———————————–
၁၉၈၄ခုနှစ် မီးဘေးအပြီးမှာ စက်တစ်လုံးမှ မရှိတော့သော အခြေအနေ၊ ၁၉၈၉ ခုနှစ်တွင် သားဖြစ်သူ ထောင်တန်းကျနေသော အခြေအနေကနေ မိခင်မုဆိုးမကြီးနှင့် အိမ်မှာ ကျန်ရစ်သော သမီးများက ဦးစီးပြီး လုပ်ငန်းပြန်လည် လည်ပတ်ကြရ၏။ ထို အခြေအနေတွင် စာအုပ်က သုညမှ ပြန်လည် နာလံထူကာ လုပ်ဆောင်ရသော်လည်း ယခင်မူလ မူဘောင် ရပ်တည်ချက် သဘောထားအတိုင်း ဒေါ်ဒေါ်က ဦးဆောင်သည်။ လူထုသတင်းစာရှိသော ကာလက ကဲ့သို့ လူငယ်များကို မြေထောင် မြှောက်သည်။ မိတ္ထီလာတက္ကသိုလ်က ဆရာကိုဝင်းတင့်၊ ဆရာကိုကျော်စိုးဝင်း(ဆရာကြည်လင်အေး)၊ ပန်းချီ ညီညီ၊ စိုးဝင်းငြိမ်း၊ ကွန်ပြူတာ ကိုအောင်မင်း၊ ဒီဇိုင်းမောင်အေးချို၊ မောင်မြင့်ဖေ၊ ကိုမျိုး၊ နွယ်နီ၊ နှင်းနှင်း၊ မိုးသူဇာ၊ မြမြဝင်း၊ မခိုင် စသည့် လူငယ်များဖြင့် စာအုပ်တိုက်ကို ဒေါ်ဒေါ့် သမီး မတင်ဝင်းက ဦးဆောင်၍ ပြန်လည် နိုးထသည်။ ပုံနှိပ်စက်ဖက်က လူဟောင်းများအပြင် ဒေါ်ဒေါ့်တူများ ဖြစ်သော ကိုဘိုလေး၊ ကိုချစ်ဆွေတို့က ဝိုင်းဝန်းသည်။ ဆရာကျော်ရင်မြင့်၊ ဆရာညီစေမင်းနှင့် ကျွန်တော်တို့က စာတည်းစာပွဲတွေမှာပေါ့။

ဒေါ်ဒေါ်က သူ့တိုက်မှာ သူချမှတ်ထားသည့် မူဘောင်နှင့် ကိုက်ညီသည်ဟု လက်ခံယုံကြည်မှုဖြင့် ကျွန်တော်တို့ကို လွတ်လပ်စွာ ဖန်တီး လုပ်ဆောင်ခွင့် ပေးခဲ့သည်။ ကျွန်တော်က မတောက်တခေါက် ဒီဇိုင်းလေး ခြစ်တတ်လေသောအခါ တိုက်ထုတ် စာအုပ်များ၏ အပြင်အဆင်ပိုင်းသာမက စာအုပ်မျက်နှာဖုံးများလည်း ရေးဆွဲစေခဲ့၏။ စာအုပ်နှင့် မပတ်သက်သော ဒေါ်ဒေါ် ပါဝင်တာဝန်ယူရသည့် လုပ်ငန်းအချို့တွင် ကျွန်တော့်ကို ဒီဇိုင်းတာဝန်များကိုလည်း စိတ်ချစွာ ပေးခဲ့ဖူးသည်။ ထိုအကြောင်းများကို ပြန်လှန်စဉ်းစားမိတိုင်း “ ကျွန်ုပ်နှင့် မတန်မရာ အလုပ်များ” ဟူသော ခေါင်းစီး စကားလုံးပဲ ပေါ်လာပါ၏။ ဒီလိုပါ။

ကျွန်ုပ်နှင့် မတန်မရာ အလုပ်များ
———————————–

သက္ကရာဇ် ၁၃၆၀ ပြည့်နှစ် (ခရစ်နှစ် ၁၉၉၈ – ၉၉) တွင် ပရိယတ္တိ သာသနဟိတ အသင်းကြီး အနှစ် ၁၀၀ ပြည့်ပါသည်။ ထိုအသင်းကြီးက သမိုင်းအရ သာမက အစဉ်အလာကြီးမားသော အသင်းကြီးမို့ မင်းကွန်း ဆရာတော်ကြီး ကိုယ်နှိက်က သာသနာ့ဖခင် အသင်းကြီးဟု တင်စားခဲ့သည်။ (ပရိယတ္တိ သာသနဟိတ အသင်းကြီးထက် သက်တမ်း ၂နှစ် ပိုကြီးသော မလွန်ဈေး ဆန်လှူ အသင်းကြီးကို သာသနာ့မိခင် အသင်းကြီးဟုလည်း ဆရာတော်ကြီးက နှိုင်းခိုင်းခဲ့ပါ၏) ။ ပရိယတ္တိ သာသနဟိတ အသင်းကြီးက သီပေါမင်းပါတော်မူအပြီး ၁၀နှစ်ကျော် အကြာတွင် တစ်ပါးကျွန်အောက်

သာသနာမှေးမှိန်မည်ကို ကြောင့်ကြသော မန္တလေးမြို့ မိမြို့ဖကြီးများက အမြော်အမြင်ကြီးစွာ တည်ထောင်ခဲ့ကြပြီး နာမည်ကျော် သကျသီဟစာမေးပွဲဖြင့် သာသနာ့အာဇာနည်များ ကြည်ညို ပူဇော်နိုင်ခဲ့ကာ ပရိယတ္တိသာသနာ့ အကျိုးကို နှစ်ပေါင်းရာကျော် ထိန်းသိမ်းခဲ့ ထိန်းသိမ်းဆဲ ထိန်းသိမ်းလတ္တံ့ အသင်းကြီးဖြစ်သည်။ ထိုအသင်းကြီးက အနှစ် ၁၀၀ ပြည့်သောအခါ ကြုံခေါင့်ကြုံခဲ ရာပြည့်ပွဲ ကျင်းပရေးအတွက် ကော်မီတီဖွဲ့ရာတွင် ဒေါ်ဒေါ့်က နာယကတာဝန်ယူခဲ့ပါ၏။ စာရေးဆရာ သတင်းစာ ဆရာမကြီးသာမက မြို့မိမြို့ဖ အနေနှင့်ရော အသင်းကြီး စတင်ထူထောင်သူ ၁၂ဦးတွင် ဒေါ်ဒေါ့် အဘိုး ဆေးရိုးကုန်သည်ကြီး ဦးဖြိုးအောင်လည်း ပါဝင်ခဲ့သောကြောင့် မျိုးဆက်အမွေ မြေးတစ်ယောက်အနေနှင့်ရော အသင်းကြီး၏ နာယကအနေနှင့် ဒေါ်ဒေါ့်ကို ဦးထိပ်ထားကြပါ၏။

အသင်းကြီး ရာပြည့်ပွဲအတွက် ၁၉၉၆ခုနှစ် မေလ ၁၁ရက်နေ့က မလွန်သာသနာ့ဗိမာန်တော်ကြီးတွင် အစည်းအဝေးကျင်းပခဲ့ရာ ဒေါ်ဒေါ်ကခေါ်သောကြောင့် ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်)နှင့် ကျွန်တော်လည်း လိုက်ပါခဲ့ရ ပါ၏။ ထိုအစည်းအဝေးတွင် မြတောင်ဆရာတော်၊ ဗန်းမော်ဆရာတော်၊ ဘုရားကြီးတိုက် ဆရာတော်ကြီးများနှင့် သြဝါဒါ စရိယ ဆရာတော်ကြီးများက ဒေါ်ဒေါ့်ကို ရာပြည့်အထိမ်းအမှတ် စာစောင် ထုတ်ဝေရေး၊ မော်ကွန်းကျောက်စာပြုစု၍ မော်ကွန်းကျောက်စာဗိမာန် စိုက်ထူရေးတာဝန်များ ပေးအပ်ခဲ့သည်။

အစည်းအဝေးက ပြန်ရောက်သည်နှင့် ဒေါ်ဒေါ်က သူ့စိတ်ကူးတွေကို ကျွန်တော်တို့ ပြောပြရာတွင် အထူးသဖြင့် ရာပြည့်ကျောက်စာကို စကျင်ကျောက် အရိုင်းတုံးတွင် စာသားနေရာသာ ချောပြီး ကျစ်လျစ်သော အရေးအသားများဖြင့် မြန်မာ၊ အင်္ဂလိပ်၊ ပါဠိ၊ သက္ကတ္တဘာသာများနှင့် ရေးထိုးလိုသည်။ ဗိမာန်တော်ကြီးကို မကွယ်ရန်နှင့်၊ ဗိမာန်တော်ကြီး ဗိသုကာ ဆင်ဝင်နှင့် ဆရာဆိုင်ကြီးကိုယ်တိုင် ပြုလုပ်ထားသော တိုင်ဆင်းနယား ပန်းတော့လက်ရာ ကိုလည်း အနှောက်အယှက်မဖြစ်ရန် ကျောက်စာတိုင်ကို အုတ်လှေကား အလောတော် အဆင့်များအပေါ် အမိုး အဆောင်မပါ လဟာပြင်မှာ ထားလိုသည်ဟု ဆိုသည်။

ထို့ကြောင့် ကျောက်စာတွင် ရေးထိုးမည့် စာသားများကို ဒေါ်ဒေါ်ကိုယ်တိုင်ပြုစုသည်။ ပြုစုပြီးသော စာများကို ကွန်ပြူတာစာစီပြီး သင့်တော်သည့် အရွယ် ချဲ့သည်။ စိတ်ကြိုက် စာလုံးအရွယ်တွင် ရရှိလာမည့် စာခွင်ဧရိယာ ပမာဏကိုတွက်ချက်ပြီး စကျင်ကျောက်တုံး အရွယ်အစား ခန့်မှန်းပုံဖော်သည်။ ထို့နောက် ဒေါ်ဒေါ်က ကျွန်တော့်ကို “ မင်း.. အဲဒီ ကျောက်တုံးပုံစံနဲ့ ဗိမာန်ကြီးရှေ့မှာ စိုက်ရမယ့် ပုံစံကို အတိုင်းအထွာတွေနဲ့ ပုံဆွဲပေး၊ ဒို့ လာမယ့်အစည်းအဝေးမှာ တစ်ခါတည်း တင်မယ်” တဲ့။ ကိုင်း…၊ ကျွန်တော်က ဗိသုကာလည်း မဟုတ်၊ မြန်မာမှု ပညာရှင်လည်း မဟုတ်၊ ပန်းချီဆရာလည်း မဟုတ်၊ သို့သော် ဒေါ်ဒေါ်ကိုယ်တိုင် ခိုင်းတော့ “ကျွန်ုပ်နှင့် မတန်မရာ အလုပ်” ကို အားထုတ်ကြည့်ရမှာပေါ့။

ဤသု့ိဖြင့် ဆရာကြီးဦးအေးမြင့်တို့၊ ဆရာဦးဝင်းမောင်(တမ္ပဝတီ) တို့ ဆောင်းပါးများ၊ မြန်မာမှုဒီဇိုင်းများကို ရှာဖွေ ဖတ်ရှု လေ့လာရပါ၏။ မလွန်သာသနာ့ဗိမာန်ကြီးဆီ အခေါက်ခေါက်သွားကာ အရှေ့ကွက်လပ် အကျယ်အဝန်း၊ ရှေ့က မြင်ကွင်းတွင် နယားရုပ်နှင့် ဆင်ဝင် အနေအထား၊ ကျောက်စာအမြင့်နှင့် ဗိမာန်ကြီး ပြာသာဒ် မြင်ကွင်းအချိုး စသည်တို့ တတ်သမျှ ကြည့်ရှု တွက်ချက်ပြီး နမူနာပုံကြမ်း ရေးဆွဲလိုက်ပါသည်။

ဒေါ်ဒေါ်က ထိုပုံကြမ်းများဖြင့် အစည်းအဝေးတင် အတည်ပြုချက် ယူတော့ အားလုံးက သဘောတူကြ သတဲ့။ ထို့ကြောင့် သတ်မှတ် အရွယ်အစား စကျင်ကျောက်တုံးရှာတော့လည်း အဆင်သင့်တွေ့သတဲ့။ ကျောက်စာအတွက် ဒေါ်ဒေါ့် စာသားများကို ဗန်းမော် ဆရာတော် နှင့် ဘုရားကြီးဆရာတော်တို့က ထပ်မံ ဖြည့်စွက်၍ အတည်ပြုခဲ့သည်။

ထို့နောက် ကျောက်စာ ရေးထိုးခြင်း၊ စိုက်ထူခြင်း စသည့် လုပ်ငန်းစဉ်များကို ဆက်တိုက်ဆောင်ရွက်ရာ ပွဲတော်အမီ ပြီးမြောက်ခဲ့ပါ၏။ ကျောက်စာနှင့် ပတ်သက်၍ စာသား ကျောက်တုံး တို့ကို ဒေါ်ဒေါ့် စိတ်ကြိုက် ဆောင်ရွက်နိုင်သော်လည်း အောက်ခံအုတ်ခုံ အချိုးက ဒေါ်ဒေါ်လိုချင်သည့် အကျယ်အဝန်းနှင့် အမြင့်ကို စရိတ်စက အကြောင်းပြကာ လျော့ချလိုက်ပြီး၊ ကျောက်စာ စကျင်ကျောက်တုံးပေါ် အဆောင်တစ်ခု အုပ်မိုးလိုက်သည်။

ဒေါ်ဒေါ့်မှာ စိတ်တိုင်းမကျသဖြင့် တပျစ်တောက်တောက် ပြောမဆုံး။ “ ဒို့ ကော်မီတီလူကြီးတွေက အမြင်တယ်ကျဉ်းတာကိုး။ သေးသေးနုတ်နုတ် အဖြစ်ပဲလုပ်တတ်တာ၊ ကျောက်တုံးက အမိုးမပါရင် ရေရှည်မခံစိုးလို့တဲ့၊ ဖြစ်သလို သွပ်မိုးလိုက်ကြတာ၊ နောက်က ဗိမာန်ကြီးမှ အားမနာ” ဟု စိတ်မကောင်းခြင်းဖြင့် ပြောပါသည်။

 

ပထမဆုံး နာရေးကူညီမှု ဗြဟ္မစိုရ်အသင်းကြီး
————————————————-

၁၉၉၈ခုနှစ်၊ မတ်လ ၂၈ရက်နေ့တွင် ဗြဟ္မစိုရ်အသင်းစတင်ထူထောင်ရန် တောင်စလင်းတိုက်သစ်တွင် အစည်းအဝေး ခေါ်သည်။ ဤကဲ့သို့ နာမှုကူညီရေးအသင်းတစ်သင်း မန္တလေးမှာ အရေးတကြီးလိုအပ်နေလို့ ဒေါ်ဒေါ်က ဖွဲ့ချင်နေတာကြာပြီ။ မန္တလေးမှာ သုသာန်တွေ မြို့ပြင်ပြောင်းရွေ့လိုက်တော့ နာရေးကိစ္စတွေမှာ မြို့လူထုအဖို့ အတော်ကသီလင်တ ဖြစ်ကြရ၏။ နေရေးထက် သေရေးခက်ဟု ပြောစမှတ်ပြုကြရသည့် ကာလဖြစ်သည်။ ထို့ကြောင့် ဒေါ်ဒေါ်က မြို့လူထုအတွက် မွတ်စလင်နိဗ္ဗာန်ဆော် အသင်းကဲ့သို့ နာမှု ကူညီရေးအသင်းဖွဲ့သင့်ကြောင်း ပြောဆို ရေးသားလေ့ရှိသည်။ သို့သော် အယူသီးလွန်းသော ကိုယ့်လူမျိုးများအတွက် ခက်ခဲလှသော အလုပ်ဖြစ်နေ၏။

ထိုအချိန်တွင် တောင်စလင်းတိုက်သစ်ဆရာတော် ဦးတိက္ခနှင့် လုပ်ငန်းရှင် တစ်ဦးဖြစ်သူ နဒီမြန်မာ ဦးအောင်ခိုင်တို့ ကလည်း နာမှုကူညီရေးအသင်းအတွက် စိတ်အားထက်သန်ကြသောအခါ အခြားစိတ်ဝင်စားသူ ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ၊ စာပေအနုပညာရှင်များ ပါဝင်သော အစည်းအဝေးကို တောင်စလင်း တိုက်သစ်တွင် ကျင်းခြင်းဖြစ်သည်။

ထို အစည်းအဝေးသို့ ဒေါ်ဒေါ်နှင့် အတူ ဆရာကျော်ရင်မြင့်၊ ဆရာသိုက်ထွန်းသက် နှင့် ကျွန်တော်တို့လည်း တက်ရောက်သည်။ အစည်းအဝေးက သြဝါဒါစရိယဆရာတော် ၉ပါး၊ ဒေါ်ဒေါ်အပါအဝင် နာယက ၉ဦး၊ ဥက္ကဋ္ဌ အငြိမ်းစားကောလိပ် ကျောင်းအုပ်ကြီး ဦးသန်းဗိုလ် ၊ ဒု – ဥက္ကဋ္ဌ ဦးအောင်ခိုင် ဦးဆောင်သော ကော်မီတီကို ဖွဲ့စည်းခဲ့၏။ ကျွန်တော်တို့ ၃ယောက်စလုံး အမှုဆောင်ထဲ ပါဝင်ခဲ့ကြပြီး နောက်ပိုင်းတွင် ဆရာကျော်ရင်မြင့်ပဲ ဆက်လက် ပါဝင်နိုင်ကာ ဒေါ်ဒေါ့်ကို အများဆုံး ကူညီနိုင်ခဲ့ပြီး အတွင်းရေးမှူး တာဝန်အထိ လှုပ်ရှား ထမ်းဆောင်သွားခဲ့သည်။

နောက်ပိုင်း မေလ ၂၈ ရက်နေ့တွင် ကော်မီတီအစည်းအဝေး ကျင်ပပြီး အသင်းကိုဖွဲ့စည်းခဲ့သည်။ ထို့နောက် အသင်းအမှတ်အသား လိုဂိုအတွက် ဒီဇိုင်းကို ဒေါ်ဒေါ်က ကျွန်တော့်အား တာဝန်ပေးပြန်ပါ၏။ ထို့ကြောင့် ယိုင်းပင်းကူညီမှု၊ ပေါင်းစည်းညီညွတ်မှု၊ ဖြေဖျောက် နှစ်သိမ့် မှု နှင့် ဗြဟ္မစိုရ်တရား ၄ ပါးကို ဖော်ဆောင်သော လိုဂိုကို လူထု ကွန်ပြူတာဒီဇိုင်း မောင်အေးချို အကူအညီဖြင့် ကျွန်တော် ရေးဆွဲပေးခဲ့ပါ၏။ ဒေါ်ဒေါ်က နှစ်သက်သဘောကျစွာဖြင့် သုံးစွဲခဲ့ရာ ယနေ့တိုင် ဗြဟ္မစိုရ်အသင်းကြီးက သုံးစွဲလျက် ရှိပါသည်။

ကလေးတွေနဲ့ အဟပ်ကွာသွားမှာစိုးလို့
—————————————–

တစ်ခါသားတော့ ကျွန်တော်အယ်ဒီတာစာပွဲမှာ ရှိနေတဲ့ကာလ ထိုအချိန် ကလျာမဂ္ဂဇင်းတွင် ဒေါ်ဒေါ်လစဉ် ရေးနေသော “အမေ့ရှေးစကား”ဆောင်းပါးတွေအတွက် ပြောဖြစ်ကြတာပေါ့။ “ ဒို့ရေးတဲ့ ဆောင်းပါးတွေက လူငယ်တွေနဲ့ ကိုက်ရော ကိုက်ရဲ့လားကွယ့်၊ ရှေးအဖွားကြီးက အမြင်တိမ်ပြီး မြည်တွန်တောက်တီးနေတာနဲ့ တူမှာစိုးတာ၊ အဲ့လိုဖြစ်နေရင် အားမနာနဲ့ပြောနော်” ဟု ဒေါ်ဒေါ်က ဆိုသည်။ ကလေးတွေနဲ့ အဟပ်ကွာသွားမှာစိုးလို့ ဟူ၍လည်း ပြောတတ်၏။ တစ်နေ့ဒေါ်ဒေါ်က မနက်ခင်း လမ်းလျှောက်သွားတိုင်း အာဇာနည်လမ်းပေါ်မှာ တွေ့ရသော (ထိုအချိန်) နာမည်ကြီး စတိုးဆိုင်ကြီးတစ်ဆိုင် ရှေ့မှာ ၁၂ရာသီ ထောင်ထားသော ဆိုင်းဘုတ်တစ်ခုအကြောင်း မေးသည်။ ဆိုင်းဘုတ်မှာ“ အရောင်းဈေးသည် အမျိုးသမီး ၁၀ဦးအလိုရှိသည်”ဟူသော စာလုံးများကို သင်္ဘောဆေးနှင့်ကို အခိုင်အခန့်ရေး၍ အမြဲ ထောင်ထားသည်။

“အဲဒီ ဆိုင်ကြီးက အရောင်းမိန်းကလေးတွေကို အမြဲပဲ ခန့်နေရအောင် ဆိုင်ခွဲတွေ အများကြီးလား” ဟု ဒေါ်ဒေါ်က မေးသည်။ ကျွန်တော်ကလည်း ကျွန်တော့်တူမလေးတွေ အတွေ့အကြုံအရ လာလျှောက်သူတိုင်း နေ့စား အခကြေးငွေနဲ့ ရက် ၂၀အစမ်းခန့်ကြောင်း၊ နံနက် ၈နာရီမှ ည ၉နာရီထိ အလုပ်ဆင်းရကြောင်း၊ရက် ၂၀ပြည့်ပြီး ကျေနပ်မှ အလုပ်ခန့်ကြောင်း၊ ရက် ၂၀ပြည့်တိုင်း မည်သူမှ အမြဲတမ်း ဝန်ထမ်းအဖြစ် အလုပ်အခန့် မခံကြရကြောင်း၊ တစ်ဦးချင်းစီ အပြစ်ကိုယ်စီ ထောက်ပြပြီး နားခိုင်းကြောင်း၊ ဒီလိုနှင့် နောက်ထပ် ၁၀ဦး ထပ်မံ အစမ်းခန့်အဖြစ် မဖြစ်စလောက် နေ့တွက်လေးနှင့် ခိုင်းပြန်ကြောင်း စတာတွေ ဒေါ်ဒေါ့်ကို သိသလောက် ပြောပြသည်။

လွတ်လပ်သော သမဂ္ဂများ လိုအပ်
—————————————

ဒေါ်ဒေါ်က နားထောင်ပြီးသက်ပြင်းချ၏။ အတော် စိတ်မကောင်း ဖြစ်သွားပုံရသည်။ ပြီးတော့ စကားတစ်ခွန်းကို လေးလေးနက်နက် ပြောလိုက်သည်။““အေးကွယ် ငါတို့ မိန်းကလေးတွေမှာလည်း သူတို့ကို အကာအကွယ်ပေးနိုင်တဲ့ အမှီအခိုကင်းပြီး လွတ်လပ်တဲ့ အမျိုးသမီးသမဂ္ဂတွေ၊ အလုပ်သမားသမဂ္ဂတွေ ရှိမှ မရှိသေးဘဲကိုးကွယ်”တဲ့လေ။

ဒေါ်ဒေါ်က စကားတစ်ခွန်း၊ သုံးသပ်ချက်တစ်ခုကို အယူအဆတစ်ခု၊ သဘောထား တစ်ခုပေါ် အခြေခံ၍ ပြောလေ့ရှိသည်။ သည်ကနေ့ ဒိထက် ဆိုးဝါးသော အလုပ်ရှင် အလုပ်သမား ပြဿနာတွေ၊ နှိမ့်ချလွန်းတဲ့ လုပ်ခပြဿနာတွေ၊ ကျောင်းသားတွေ မတရားဖမ်းဆီးခံနေရတာတွေ၊ လယ်သမားတွေဆီက အဓမ္မ မြေသိမ်း လယ်သိမ်းခံရတာတွေကို ကာကွယ်တားဆီး တောင်းဆိုဖို့အတွက်က မည်သည့်အစိုးရ တက်သည်ဖြစ်စေ လွတ်လပ်သော သမဂ္ဂများ လိုအပ်နေတယ်ဆိုတာ အမှန်ဖြစ်သည်။

 

ဒေါ်ဒေါ့်ထံလာကြသော ဧည့်သည်များ
———————————————

ဒေါ်ဒေါ်ဆီသို့ ဧည့်သည်များ လာတတ်ပါ၏။ လာသော ဧည့်သည်များထဲတွင် နာမည်ကျော် နိုင်ငံရေး သမားကြီးများလည်း ပါသည်။ ညနေပိုင်းမှ လာသောဧည့်သည်ဆိုလျှင် ကျွန်တော့် စာပွဲရှေ့မှ ဖြတ်ပြီးမှ ဧည့်ခန်း (သို့မဟုတ်) ဒေါ်ဒေါ့်စာပွဲဆီ ရောက်သည်။ တချို့ နိုင်ငံရေးသမားကြီးတွေကို ကျွန်တော်သိသည်။ ဥပမာ – သခင်သိန်းမောင်၊ သခင်အုန်းမြင့်၊ လေထီးဗိုလ်အုန်းမောင်၊ ဗိုလ်ထိန်လင်း၊ ဒေါ်မြရီစသော ပုဂ္ဂိုလ်များ၊ ဒေါ်မြရီကတော့ ကျောက်ဆည်ကမို့ မကြာမကြာ လာတတ်သည်။ ဒေါ်ဒေါ်တို့နှင့် မိသားစုလိုဖြစ်နေ၏။ ဦးသိန်းဖေမြင့်ကတော် ဒေါ်ခင်ခင်ကြည် လည်း လာဖူးသည်။

တစ်ခါသားတော့ နာမည်ကျော် နိုင်ငံရေးသမားကြီး တစ်ယောက်လာသည်။ သူက တရုတ်တန်း လမ်း၈၀ပေါ်က မြို့ခံကြီးတစ်ဦးထံ အမြဲတည်းသည်။ မကြာလှသေးသော နိုင်ငံရေးဇာတ်ခုံမှာ ထိပ်သီးကြီး တစ်ဦး၊ ဌာနချုပ်မှာပဲ မြဲမြံခဲ့သော ပုဂ္ဂိုလ်ကြီး တစ်ဦး။ တစ်ခါသားတော့ သူက လွယ်အိတ်ကြီးလွယ်၊ အဝတ်ဦးထုပ်လေး ဆောင်းကာ ထီးကြီးကိုင်ပြီး ဒေါ်ဒေါ့်ထံ ခြေကျင် ရောက်လာသည်။ ညနေစောင်းမှာပေါ့။ ဒေါ်ဒေါ်က သူ့ကို ဧည့်ခန်းထဲ နေရာချပေးကာ ကော်ဖီတစ်ခွက်နှင့် ဧည့်ခံထားပြီး ဧည့်ခန်းအပေါက်၀ ကျွန်တော့်စာပွဲဆီလာ၍ “ အဲဒါ (………) ဆိုတာပဲ။ အရင်က စာလည်းရေးတယ်။ နာမည်ကြီးတွေပဲ။ သူ့ဆီက ရှားရှားပါးပါး သတင်းတွေ ရတတ်တယ်။ ဒါပေမယ့် သတိထားပြီး သူ့သတင်းတွေကို ယုံရတာ၊ ဒို့ဘေးမှာ မင်းလာထိုင်၊ သူပြောတာ နားထောင်၊ ဒို့ တစ်ယောက်ထဲဆိုရင် သူ့စကားက ဒို့စကားအနေနဲ့ ပြန်ဖြန့်မှာစိုးလို့ ” ဟုပြောကာ ကျွန်တော်ပါ ဝင်ထိုင်ရသည်။

ဒေါ်ဒေါ်ပြောသလိုပါပဲ၊ ထိုပုဂ္ဂိုလ်ကြီး ပြောသော သတင်းတွေက ထို အချိန်ကာလတွင် တကယ့် ထိပ်ပိုင်း သတင်းတွေချည်း၊ ပြောကြပါစို့၊ အန္တရာယ်ကြီးလှသော သတင်းတွေချည်း…။ န.ဝ.တ မှ န. အ .ဖ သို့ ပြောင်းလိုက်ရသည့် ထိပ်ပိုင်း သတင်းတွေချည်း။ နောက်ထပ်လည်း ရောက်လာတတ်သေးရာ ကျွန်တော်ရှိနေလျှင် ဒေါ်ဒေါ်က သူ့ဘေး ခေါ်ထားပြန်၏။ နောက်တစ်ခါတော့ သူဦးဆောင် ပြုစုခဲ့သည် ဆိုသော အတွေးအခေါ်ဆိုင်ရာ နာမည်ကျော် နိုင်ငံရေး ကျမ်းကို အမေရိကန်တက္ကသိုလ်ကြီး တစ်ခုက ဒေါ်လာသန်းချီပေးကာ ထုတ်ဝေထိန်းသိမ်းမည်ဟု ကမ်းလှမ်းသော်ငြား သက်ရှိထင်ရှားရှိနေဆဲ အငြိမ်းစားခေါင်းဆောင်ကြီးတစ်ဦးက လက်ခံခွင့်ပြုဖွယ်မရှိ ဟူသော သတင်း ကို ကြားရပြန်သည်။

နိုင်ငံရေးသမားကြီးများနှင့် ပတ်သက်၍ အလျင်းသင့်လျှင် သူတို့အကြောင်းကို ဒေါ်ဒေါ်က ပြောပြရာ၌ မှတ်မှတ်ရရ စွဲမိတာ ရှိသည်။၁၉၉၅ခုနှစ်လောက်ကဖြစ်သည်။ ကျွန်တော် စာပြင်၊စာတည်း စာပွဲမှာ ထိုင်ရစဉ် ဒေါ်ဒေါ်က ညနေစောင်းရေမိုးချိုးပြီး နံ့သာဖြူကရမက်တွေ လိမ်ကျံကာ စမုံစပါးစေ့လေးတွေဝါးရင်း“ဘာထူးသေးသလဲကွဲ့”ဆိုသော နိဒါန်းစကားနှင့် လမ်းဖွင့်ကာ ကျွန်တော်နှင့် ရောက်တက်ရာရာတွေ ပြောဖြစ်သည်။ ရောက်တတ်ရာရာဆိုပေမယ့် ကမ်္ဘာကျော် သတင်းစာဆရာ၊ စာရေးဆရာမကြီးမို့ စကားလုံးတိုင်းဟာ အဖိုးအနဂ်္ဂ ထိုက်တန်သည်ချည်း ဖြစ်သည်။ မှတ်သားစရာတွေက အများကြီးပေါ့။

 

တိုင်းပြည်အတွက် အသက်စတေးကြရတဲ့ လူတော်တွေ
—————————————————————

သည်အချိန် ထူးထူးခြားခြားမှတ်မိနေသော ဒေါ်ဒေါ်စကားတစ်ခွန်းကို မမေ့နိုင်ဘဲ သတိရနေမိသည်။ ပြောစရာတွေ ပြောပြီးတဲ့အချိန်မှာ ဒေါ်ဒေါ်က“သြော် ငါတို့တိုင်းပြည် ကံကြမ်္မာကလည်း လူတော်တွေအတွက် တယ်ပြီး မျက်နှာသာမပေးလှဘူး။ လွတ်လပ်ရေးကြိုးပမ်းတဲ့ ကာလမှာရော၊ လွတ်လပ်ပြီး ကာလမှာရော တိုင်းပြည်အတွက် အသက်စတေးကြရတဲ့ လူတော်တွေ အများကြီးပါကလား။ လူတော်တွေ ဒီလောက် စတေးခဲ့ကြပေမယ့် စတေးရသလောက်လည်း ထိုက်တန်လောက်တဲ့ အကျိုးမရှိတာက ပိုပြီးစိတ်မကောင်းစရာ ပဲကွဲ့”ဟူသော စကားမျိုးကို သက်ပြင်းတချချနှင့် ပြောလေ့ရှိသည်။

ဒေါ်ဒေါ်ပြောသော လူတော်တွေဆိုသော ပုဂ္ဂိုလ်များထဲမှာ ကိုအောင်ဆန်းအကြောင်း ပါသည်။ ကိုဗဟိန်း အကြောင်း ပါသည်။ ကိုရာရှစ် အကြောင်း ပါသည်။ ဆရာကြီး ဦးရာဇတ်အကြောင်း ပါသည်။ ပြီးတော့ မှတ်မှတ်ရရ ကိုသန်းထွန်း (သခင်သန်းထွန်း) အကြောင်းလည်းပါသည်။ အခြား ကျွန်တော်နှင့် လက်လှမ်းမှီနိုင်သော ပုဂ်္ဂိုလ်တွေ အကြောင်းလည်း ပါတာပေါ့။ ထိုထို ပုဂ်္ဂိုလ်တွေအကြောင်းထဲမှာ တနွဲငင်တစင်ပါ ဆိုသလို ဗိုလ်ချုပ်ကြီးနေဝင်း အကြောင်းလည်းပါတာ သတိထားမိသည်။ လူတော်တွေအကြောင်း ဒေါ်ဒေါ်က တခုတ်တရပြောတော့ သူတို့နဲ့ တစ်ဖက်က ဆက်စပ် ပတ်သက်နေသော သူအကြောင်းလည်း ပါရမှာပေါ့လေ။

 

ကိုဗဟိန်းအကြောင်း လွမ်းလွမ်းဆွတ်ဆွတ်
————————————————-

ဒေါ်ဒေါ်က ကိုဘဟိန်းအကြောင်းဆိုလျှင် တော်တော်လေး လွမ်းလွမ်းဆွတ်ဆွတ် နှမြောတသ ပြောလေ့ရှိသည်။ တစ်ရပ်ကွက်ချင်းသားလည်း ဖြစ်သကဲ့သို့ ကိုဗဟိန်း မိဘများဖြစသော ဦးမှင်နှင့် ဒေါ်ဦးတို့ကလည်း ဒေါ်ဒေါ်တို့ မိဘဖြစ်သော ဦးထင်၊ ဒေါ်စု တို့နှင့် ရင်းနှီး ခင်မင်ရင်းစွဲ ရှိခဲ့ပြီးသား။ ထို့ကြောင့် ကိုဗဟိန်းနဲ့ ပတ်သက်ပြီး ဒေါ်ဒေါ်က ပြောလေ့ရှိရာမှာ လူပုံက နွဲ့နွဲ့လျလျနှင့် စိတ်ဓာတ်မှာ အင်မတန်ခိုင်မာပြီး ယုံကြည်ချက် ပြင်းထန်လွန်းတာကို တခုတ်တရ ပြောလေ့ရှိသည်။ ကျွန်တော်တို့ကိုလည်း မန်္တလေးသားကိုဘဟိန်း အကြောင်း လက်လှမ်းမှီသရွှေ့ မေးမြန်း သုတေသန ပြုပြီး ရေးသားဖို့ တိုက်တွန်းလေ့ရှိသည်။

ဂျပန်တော်လှန်ရေးအပြီး ၁၉၄၆ခုနှစ်တွင် မန်္တလေးက စိန့်ပီတာဆေးရုံကြီးပေါ် (ယခုအ.ထ.က ၉) ငှက်ဖျားရောဂါနှင့် အသည်းအသန် နာမကျန်းဖြစ်၍ ဆေးရုံတက် ကုသနေစဉ် လတ်တလော ဖြစ်ပျက်နေသည့် နိုင်ငံရေးသတင်းများနှင့် ပတ်သက်၍ လူမမာ စိတ်အနှောက်အယှက် မဖြစ်ရန် ဆရာဝန်များက အထူးကြပ်မတ် ပိတ်ပင်ထားသည်။ သို့သော် ဂျပန်တော်လှန်ရေးတွင် အဓိကမဏ္ဍိုင်ဖြစ်သော ကွန်မြူနစ်ပါတီကို ဖ.ဆ.ပ.လ အဖွဲ့ချုပ်က ထုတ်ပယ်လိုက်သည့် သတင်းကို ဘီတီဘရားသား ကုမ္ပဏီ၏ လူမမာမေးသော ကိတ်မုန့်ထုပ် ထားသည့် သတင်းစာဟောင်းပေါ်ကတဆင့် သိရှိသွားပြီး စိတ်မကောင်းခြင်းကြီးစွာနဲ့ နလန်မထူဘဲ ကွယ်လွန်ခဲ့ရမှု အပေါ်မှာ ဒေါ်ဒေါ်က စုတ်တသပ်သပ်နှင့် ဝမ်းနည်းစကား ပြောလေ့ရှိသည်။

 

ဒေါ်ဒေါ်ပြောတဲ့ လူတော်တွေ
———————————

ဘာပဲပြောပြော မန်္တလေးသား ကိုဗဟိန်းဖက်က ပိုပြီး ခံပြင်းပုံလည်းရတယ်။ လူပုဂ္ဂိုလ်နဲ့အတူ နောက်ကွယ်က ပါတီ အဖွဲ့အစည်း သံယောဇဉ်လည်း ရှိတာသေချာသည်။ ကိုသန်းထွန်းအကြောင်းလည်း ဒေါ်ဒေါ်က မကြာမကြာ ပြောတတ်သည်။ “လူတော်ကွ။ တစ်လျောက်လုံး သူ့ယုံကြည်ချက်ကို အတိမ်းအစောင်း မခံဘဲ သူ့အလုပ်သူ လုပ်သွားတဲ့သူ၊ ကိုလှနဲ့လည်း ရင်းနှီးတယ်။ တစ်သက်လုံး နိုင်ငံရေးအတွက်ပဲ လုပ်ကိုင်ခဲ့ပြီး သက်သက်သာသာ မနေခဲ့ရရှာပါဘူးကွယ်”ဟု ပြောလေ့ရှိသည်။ ကိုသန်းထွန်းနှင့် ပတ်သက်၍ ဒေါ်ဒေါ်ပြောသော “လူတော်ကွ၊ တစ်လျောက်လုံး သူ့ယုံကြည်ချက်ကို အတိမ်းအစောင်းမခံဘဲ သူ့အလုပ်သူ လုပ်သွားတဲ့သူ”” ဆိုသော စကားကို ဒေါ်ဒေါ် မကြာမကြာ ပြောလေ့ရှိလို့ မှတ်မိနေသည်။

ကိုသန်းထွန်းက ဒေါ်ဒေါ်ရဲ့ စာအုပ်တစ်အုပ်မှာလည်း အမှာစာ တစ်ပုဒ်ကို စိတ်ပါလက်ပါ ရေးပေးခဲ့ဖူးသည်။ လူထုဂျာနယ်မှာလည်း ဆောင်းပါးတွေ ရေးခဲ့ဖူးသည်။ စစ်အတွင်းက ရရာစက်္ကူတွေနှင့် ရိုက်နှိပ်ထုတ်ဝေရသော လူထုဂျာနယ်အတွဲ ၁၊အမှတ် ၅(၁၉၄၅ခု၊စက်တင်ဘာလ ၁၅ရက်ထုတ်) မှာ အယ်ဒီတာဦးလှက ထိုနှစ် ဇူလိုင်လ ၂၀ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပသော ဒုတိယအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ကွန်မြူနစ်ပါတီ ကွန်ကရက်၌ သဘာပတိ သခင်သန်းထွန်း ပြောကြားခဲ့သည့် မိန့်ခွန်းထဲက ကောက်နုတ်ချက်များ ကို တကူးတက ဖော်ပြပေးထားသည်။ ခေါင်းစီးကိုလည်း“ ကွန်မြူနစ်ဆိုတာ ဘာလဲ?” ဟုပေးထားသည်။

ဒေါ်ဒေါ်က လူတော်တွေအကြောင်းပြောတိုင်း ကျွန်တော်က စိတ်ထဲမှာ ဒေါ်ဒေါ်တို့မိတ်ဆွေ ကိုသန်းထွန်းနှင့် ပတ်သက်ပြီး မိသားစု အနာတရ ကိစ်္စတစ်ခုကြောင့် စိတ်အနာကြီးနာကာ အခဲမကျေ ဖြစ်လေမလားဆိုသော သာမာန် လူပြိန်းစိတ်မျိုး ဝင်တတ် သည်။ ဒါပေမယ့် ဒေါ်ဒေါ်သည် ကိုသန်းထွန်း လူတော်ဟူသော ကိစ်္စ တစ်ပြားသားမျှ မလျှော့ခဲ့။ ယုံကြည်ချက်၊ ဝါဒလမ်းစဉ်နှင့် တိုင်းပြည်အကျိုးရှေးရှုပြီး လူပုဂ်္ဂိုလ်နှင့် လုပ်နည်းလုပ်ဟန်အပေါ် ခွဲခွဲခြားခြားထားရှိသည်။ ဒေါ်ဒေါ်ပြောသော လူတော်တွေကိစ်္စမှာ ထိုသဘောထားနှင့်ပဲ ဆုံးဖြတ်ခဲ့သည်မှာ အတုယူစရာဖြစ်သည်။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW