ဇူလိုင် ၃၁ – ၂၀၂၆
SN (VOM)
ဒီကနေ့ ဇူလိုင် ၃၁ ရက်မှာ ကျင်းပတဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၁၂) ရက်မြောက်နေ့ အစီအစဉ်မှာ နိုင်ငံတော်သမ္မတက ဦးမင်းအောင်လှိုင်က အစိုးရ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားခဲ့ပါတယ်။
အဲဒီမိန့်ခွန်းမှာ အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို သဘောမတူဘူးလို့ ထည့်သွင်း ပြောကြားခဲ့ပြီး ဒါဟာ အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌနေရာ ရယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံကသာ တွန်းအားပေးနေတာဖြစ်ကာ အာဆီယံ အဖွဲ့၀င်နိုင်ငံတွေရဲ့ သဘောထားမဟုတ်ဘူးလို့ ပြောပါတယ်။
“Five-Point Consensus က အာဆီယံနိုင်ငံအားလုံးရဲ့ Consensus မဟုတ်ဘူး။ အဲဒီအချိန်က အာဆီယံဥက္ကဋ္ဌ (ဘရူနိုင်း) ရဲ့ နောက်ဆက်တွဲ ထုတ်ပြန်ချက်ပဲဖြစ်တယ်။ လွန်ခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်း အာဆီယံနိုင်ငံတချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုတွေ ရှိခဲ့ပေမယ့်လည်း စိတ်ရှည်သည်းခံပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံတနိုင်ငံရဲ့ တာဝန်ဝတ္တရားတွေနဲ့အညီ ပူးပေါင်း ဆောင်ရွက်ခဲ့တယ်” လို့ နိုင်ငံတော်သမ္မတက ပြောပါတယ်။
ဒါအပြင် အပြုသဘောမဆောင်တဲ့ ခွဲခြားဆက်ဆံမှုတွေကို ဖြစ်စဉ်အလိုက် (Case by Case) လိုအပ်သလို တုံ့ပြန် ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံရဲ့ ပကတိအခြေအနေတွေ၊ အမျိုးသားအကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာကို အလေးထားစောင့်ရှောက်ကာ မြန်မာက ဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင်နည်းလမ်းနဲ့သာ အာဆီယံနဲ့ ဆက်ဆံရေး တိုးတက်အောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဘုံသဘောတူညီချက် (၅) ချက်ကို ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပတဲ့ အာဆီယံခေါင်းဆောင်တွေ အထူးအစည်းအဝေးမှာ သဘောတူခဲ့တာဖြစ်ကာ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး သုံးလမပြည့်မီ အစည်းအဝေးကို ဦးမင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ အစည်းအဝေးအပြီး ဘရူနိုင်းနိုင်ငံရဲ့ အာဆီယံဥက္ကဋ္ဌအဖြစ် ထုတ်ပြန်ချက်မှာ အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးရေး၊ အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်ရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်တို့ ပါဝင်တဲ့ အချက် (၅) ချက်နဲ့ ပတ်သက်တဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိ အစိုးရအနေနဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည် ဖော်နိုင်ခြင်း မရှိတဲ့အတွက် အာဆီယံက မြန်မာအစိုးရရဲ့ ကိုယ်စားလှယ်တွေကို ထိပ်သီးအစည်းအဝေးတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးတွေကို တက်ရောက်ခွင့် မပြုတဲ့ မူဝါဒကို ဆက်လက် ကျင့်သုံးလျက်ရှိတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံက မြန်မာကို အာဆီယံရဲ့ ပုံမှန်အဖွဲ့ဝင်အဖြစ် ပြန်လည်လက်ခံရေးကို မကြာသေးမီက တွန်းအားပေးခဲ့ပေမယ့်လည်း အာဆီယံအနေနဲ့ နောက်ဆုံးကျင်းပခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အဲဒီမူဝါဒကို မပြောင်းလဲဘဲ ဆက်လက် ကျင့်သုံးခဲ့ပါတယ်။
ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြုမိန့်ခွန်းမှာ ဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာကို ကာကွယ်မြှင့်တင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ လွတ်လပ် တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ခိုင်မာစွာစွဲကိုင်ကာ နိုင်ငံတကာ ဆက်ဆံရေးမှာ ဘက်မျှဟန်ချက်ညီတဲ့ ဆက်ဆံရေးကို တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။
အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်း မိတ်ဖက်နိုင်ငံတွေအကြား နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေအတွက် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် တိုးမြှင့်သွားမှာဖြစ်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်နဲ့အညီ နိုင်ငံတကာဆက်ဆံရေးကို ပိုမိုခိုင်မာအောင် တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။
အာဆီယံရဲ့ ထုတ်ပြန်ချက်တွေဟာ မြန်မာအစိုးရက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရာမှာ အထောက်အကူပြုခြင်း၊ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေခြင်းနဲ့ ASEAN Charter၊ ASEAN Way၊ ASEAN Spirit တို့အပေါ် အခြေခံခြင်းရှိပါက အပြုသဘောဆောင်ကာ စဉ်းစားသွားမယ်လို့ ဆိုပါတယ်။
ဒါအပြင် နိုင်ငံတော်မှာ ရိုသေခန့်ညားလောက်တဲ့ ကာကွယ်ရေးစွမ်းပကားနဲ့ လုံခြုံရေးစွမ်းပကား ရရှိစေဖို့အတွက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှာ အသက်သွင်းခဲ့ပြီး အာဏာတည်စေခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက် အကောင်အထည်ဖော် ကျင့်သုံးသွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၀ နဲ့အညီ နိုင်ငံတော် လုံခြုံရေးနဲ့ ကာကွယ်ရေးမှာ ပြည်သူလူထုတရပ်လုံး ပါဝင်ရေးအတွက် တပ်မတော်ရဲ့ ဦးဆောင်မှုနဲ့ ပြည်သူ့စစ် မဟာဗျူဟာကို ဖော်ဆောင်ရမှာဖြစ်ပြီး လက်ရှိမှာ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၆) အထိ ဖွင့်လှစ်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
“နိုင်ငံတော် ကာကွယ်ရေးနဲ့ပတ်သက်လို့ တပ်မတော်ကို တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိတဲ့ ခေတ်မီတပ်မတော် Standard Army တရပ်ဖြစ်အောင် ဖွဲ့စည်း တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ တိုက်စွမ်းအားရှိဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေရရှိစေဖို့ ကျွန်တော်တို့ အစိုးရအနေနဲ့ မူဝါဒတွေချမှတ်ပြီး ဆက်လက် ဖြည့်ဆည်းပေးသွားမှာ ဖြစ်ပါတယ်” လို့ နိုင်ငံတော်သမ္မတက ပြောပါတယ်။
ဒါအပြင် ဒီကနေ့ ပြောကြားတဲ့ မိန့်ခွန်းကနေတဆင့် တနိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာကြဖို့ကိုလည်း တိုက်တွန်းထားပြီး အစိုးရ ရက် ၁၀၀ ကာလအတွင်းမှာလည်း တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့နဲ့ ဆွေးနွေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးသဘောထား ကွဲလွဲမှုတွေနဲ့ လိုလားချက်တွေကို လက်နက်ကိုင်နည်းလမ်းနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးလမ်းကြောင်းမှတဆင့် ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ကိုလည်း တိုက်တွန်း ပြောကြားပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ စတင် တာဝန်ယူချိန်မှစပြီး “တိုင်းပြည် တည်ငြိမ်အေးချမ်းမှုရရှိရေး” နဲ့ “နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုရရှိရေး” ဆိုတဲ့ ဦးစားပေး ရည်မှန်းချက် နှစ်ရပ်ကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ခဲ့ပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းမှုရှိမှသာ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝနဲ့ နိုင်ငံ့စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မှာဖြစ်လို့ ငြိမ်းချမ်းရေးရရှိရေး မဖြစ်မနေလိုအပ်တယ်လို့ ဆိုပါတယ်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အပိုဒ် ၂၀ (င) အရ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ဆွေးနွေးသဘောတူ ချုပ်ဆိုခဲ့တဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)၊ (၂) နဲ့ (၃) တို့ကို NCA အပိုဒ် ၂၀ (စ) နဲ့အညီ ဆွေးနွေးအတည်ပြုချက် ရယူနိုင်ရေးအတွက်ကိုလည်း ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းထားပြီးဖြစ်တယ်လို့လည်း မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ဒါအပြင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး ပေါ်ပေါက်လာစေရေးအတွက် ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ အချက် ၄၃ ချက်ပါ ပြင်ဆင်ချက်တွေကိုလည်း ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) မှတဆင့် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကိုလည်း ဆက်လက် ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – CJ
