မန္တလေး၊ ဇူလိုင်- ၃၀- ၂၀၂၆
SA(VOM)
အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း လျာထားဧရိယာထဲက လယ်ယာမြေတွေပေါ်မှာ အခြားနည်းသုံးစွဲခွင့်မရှိပဲ အကွက်ရိုက်ရောင်းချ နေအိမ်တွေဆောက် လူနေထိုင်မှုတွေရှိလို့ဆိုကာ ဖယ်ရှားပေးဖို့ အမိန့်စာထုတ်ပြန်တဲ့အပေါ် ကွင်းအမှတ် ၆၀၃ အတွင်းကကျေး ရွာနေသူတွေနဲ့ ရပ်မိရပ်ဖတွေစုပေါင်းကာ ဒီကနေ့ ဇူလိုင်လ ၃၀ ရက်နေ့ မနက်ပိုင်းက ရွှေဘုံသာတိုက်ဟောင်းကျောင်းတိုက်အတွင်းမှာ အစည်းအဝေးတရပ်ပြုလုပ်ခဲ့ပါတယ်။
” ပြည်သူတွေရဲ့ စိတ်ဆန္ဒပဲရှင့် တကယ်လို့ တန်ရာတန်ကြေး အပြည့်စုံရမယ်ဆိုရင်တော့ ကျမတို့ စဥ်းစားပါမယ်၊ တတ်နိုင်ရင်တော့ ကျမတို့ ကျမတို့တည်နေရာလေးကို ကျမတို့ တည်နေရာလေးအတိုင်း နေချင်ပါတယ်” လို့ ကွင်းအမှတ် ၆၀၃ က ရပ်မိ ရပ်ဖ အဖွဲ့ဝင် ဒေါ်ခင်ခင်ချော က ကျေးရွာနေသူတွေရဲ့ဆန္ဒကို မေးမြန်းပြီး VOM ကို ဖြေကြားပါတယ်။
ထုတ်ပြန်စာမှာတော့ အမရပူရမြို့နယ်၊ ယဥ်တော်ကျေးရွာအုပ်စုကွင်းအမှတ် ၆၀၃ (မြို့ပတ်လမ်းအရှေ့ဘက်ခြမ်း)မှာ မြေကွက်ရိုက်ဖော်ဆောင်ခြင်း၊ ဝန်းခြံကာရံခြင်း၊ လမ်း ခင်းကျောက်ရိုးစီခြင်း၊ အဆောက်အဦး ဆောက်လုပ်အသုံး ပြုနေကြောင်း စိစစ်တွေ့ရှိရတာကြောင့် လယ်ယာမြေ ဥပဒေပုဒ်မ ၁၉ (ဂ ၊ ဃ) တို့နဲ့ လက်ရှိနေထိုင်သူတွေကို လယ်ယာမြေပေါ်မှ ထွက်ခွာသွားရန်၊ လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ဆောက် လုပ်ထားတဲ့ အဆောက်အဦးများ (အခိုင်အမာ ကာရံထားသော ကျောက်တိုင်များကို ဖယ်ရှားသွားရန်) ကို သြဂုတ်လ ၁၄ ရက်နေ့မှာ နောက်ဆုံးထား ဖယ်ရှားပေးဖို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အမိန့်ထုတ်ပြန်ထားတာဖြစ်ပါတယ်။
သြဂုတ်လ ၁၄ ရက်နေ့မှာ နောက်ဆုံးထား ဖယ်ရှားပေးဖို့အပြင် လိုက်နာမှုမရှိရင် သက်ဆိုင်ရာ တရားရုံးကနေ တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ တရားစွဲဆို ဆောင်ရွက်မယ်လို့လည်း ပါရှိပါတယ်။
အဲ့ဒီကွင်းအမှတ် ၆၀၃ မှာ ဦးမြင့်ဆွေ၊ ဦးသိန်းဌေး၊ ဦးသာဟန်၊ ဦးကျော်စွာဝင်း၊ ဒေါ်လှရင်၊ ဒေါ်လှလှဝင်း တို့က ပုံစံ ၇ အမည်ပေါက်ထားတာဖြစ်ပြီး ၂၀၁၅၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၂၀ ခုနှစ်တွေမှာ ကိုင်းမြေတွေကို ဝန်းခြံခတ်၊ အကွက်ရိုက် ရောင်းချထားတာထားတာ ၅၄ ကွက်ရှိတယ်လို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အမရပူရခရိုင်၊ ယဥ်တော်ကျေးရွာအုပ်စုနဲ့ ငယ်တိုးတိုက်နယ်အတွင်းက အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းဧရိယာအတွင်းမှာပါဝင်တဲ့ ကွင်းအမှတ် ၆၀၃၊ ၆၀၄၊ ၆၀၅ – က၊ ၆၀၆-က၊ ၆၀၆၊ ၆၀၇၊ ၆၀၈၊ ၆၀၉၊ ၆၁၁ အတွင်း ပုံစံ ၇ နဲ့ ကိုင်းမြေစိုက်ပျိုးလုပ်ပိုင်ခွင့်ရှိတဲ့ စုစုပေါင်းဧရိယာ ၄၀၅.၅၀ ဧကအတွင်းမှာ စိုက်ပျိုးလုပ်ပိုင်ခွင့်တွေကို ပယ်ဖျက်ရုပ်သိမ်းခဲ့ပြီးဖြစ်တာကြောင့် လယ် ယာမြေလုပ်ပိုင်ခွင့် ပုံစံ ၇ လက်ဝယ်ကိုင်ဆောင်ထားသူတွေအနေနဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ နောက်ဆုံးထားပြီး သတ်မှတ်နှုန်းထား ငွေကြေးသော်၄င်း၊ စီမံကိန်းစာချုပ်ပါအတိုင်း စီမံကိန်းမှ ပေါ်ထွက်လာမယ့် မြို့မြေကွက်သော်၄င်း လာရောက်ထုတ်ယူဖို့ ကြေငြာစာတွေကို သက်ဆိုင်ရာ ရပ်ကွက်ရုံးတွေမှာ ထုတ်ပြန်ထားတာတွေ့ရပါတယ်။
အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းဧရိယာအတွင်းမှာပါဝင်တဲ့ ကွင်းအမှတ် ၆၀၃၊ ၆၀၄၊ ၆၀၅ – က၊ ၆၀၆-က၊ ၆၀၆၊ ၆၀၇၊ ၆၀၈၊ ၆၀၉၊ ၆၁၁ အတွင်း မှာ ရွာမြေအပါအဝင် နေအိမ် တသောင်းကျော်ရှိတယ်လို့ သိရပါတယ်။
ထုတ်ပြန်စာအမိန့်နဲ့ ပတ်သက်ပြီး ဒီကနေ့မနက် ဇူလိုင်လ ၃၀ ရက်နေ့ မနက်ပိုင်းက ကွင်းအမှတ် ၆၀၃ အတွင်းက ရွှေဘုံသာတိုက်ဟောင်းကျောင်းတိုက်အတွင်းမှာ ကျေးရွာနေသူတွေနဲ့ ရပ်မိရပ်ဖတွေစုစည်းကာ ကော်မတီတရပ်ဖွဲ့ဖို့အပြင် သက်ဆိုင် ရာအဖွဲ့အစည်းတွေကတဆင့် အထက်အဆင့်ဆင့်တင်ပြသွားမယ်လို့သိရပြီး ဘယ်လိုဆောင်ရွက်ထားတယ်ဆိုတဲ့အကြောင်းကို ရပ်မိရပ်ဖအဖွဲ့ဝင်တယောက်ဖြစ်တဲ့ ဒေါ်ခင်ခင်ချော ကို VOM က မေးမြန်းထားပါတယ်။
