သူတို့အိမ် အခန်း (၁၈၁)

 

ဆူးငှက်

 

ဒေါ်ဒေါ်က မျက်ချည်မပြတ် စောင့်ရှောက်တယ်
——————————————————

ဒေါ်ဒေါ်လူထုဒေါ်အမာက ကျွန်တော်တို့၏ လူမှုရေး စီးပွားရေး၊ စားဝတ်နေရေး ကိစ္စတွေ အပေါ် မျက်ချည် မပြတ် ဂရုတစိုက် ရှိလှ၏။ ၁၉၉၆ ကာလ ကျွန်တော် ကျန်းမာရေးချူချာပြီး တိုက်သို့ လာတာ မမြင်မတွေ့ရလျှင် ချက်ချင်း အိမ်သို့ လိုက်လာပြီး အိုဗာတင်း နှင့် သီးနှံတွေ ယူလာပေးသည်။ အိမ်မှာ ကျွန်တော့် အမေနှင့် တွေ့တော့လည်း မိခင်ကြီး၏ အသက်နှင့် ကျန်းမာရေးကို မေးမြန်းကာ ရင်းရင်းနှီးနှီး စကားတွေပြော အားပေးသည်။ တစ်ခါကများ တရှောင်ရှောင် ဖြစ်နေသော ကျွန်တော့် ကျန်းမာရေးကို အားမရတော့ သမီးကြီး ပါမောက္ခ ဒေါက်တာသန်းရင်မာနှင့် ပြစေသည်။ ထိုမျှမက စိတ်အထူးကု ဆရာဝန်နှင့်ပါ ပြသပေးပါ၏။ ကျွန်တော့် ကျန်းမာရေးသာမက မိခင်ကြီးအပါအဝင် ဇနီးနှင့် အိမ်သားများ ကျန်းမာရေးပါ မေးမြန်းလေ့ရှိသည်။

မှတ်မှတ်ရရ တစ်ခါကများ တိုက်သို့ လိုက်ပါလာလေ့ရှိသော ကျွန်တော့် ဇနီးကို မမြင်တာကြာလို့ မေးတော့ “ သူ့ အဒေါ်များရှိတဲ့ ရန်ကုန်ကို အလည်သွားပါတယ် ဒေါ်ဒေါ်” ဟုဖြေပြီးနောက် ၊ နောက်တစ်ပတ် ခန့်အကြာ မင့် ဇနီး ရန်ကုန်က ပြန်ရောက်ပြီလားကွယ့် ဟုမေးပြန်သည်။ ကျွန်တော်က ပြန်မရောက်သေးကြောင်းဖြေသောအခါ “ လင်မယားဆိုတာ အိပ်ရာနွေးနေရတယ်၊ အိပ်ရာအေးအောင်ထိ မခွဲကြရဘူးကွယ်၊ အလည်အပတ် သွားတာဆိုရင် တော်သင့်ပြီ၊ ပြန်ခေါ်တော့” ဟု အမြော်အမြင်နှင့် ဆုံးမသည်။

လူထုတိုက် အယ်ဒီတာစာပွဲ၏ ညနေခင်းလေးတွေက အလွန် အဖိုးတန်လှ၏။ ရေမိုးချိုးပြီး ဒေါ်ဒေါ်က အောက်ဆင်းလာကာ တိုက်ရှေ့က ကိုညီပုလေးစာအုပ်ဆိုင်မှာ သမီးချွေးမနှင့် အတူထိုင် စကားပြောရင်း စာအုပ်ဆိုင်က လူဝင်လူထွက်ကို အကဲခတ်သည်။ (ထို အကဲခတ်ချက်များက ဆောင်းပါးများဖြစ်သွားသည်) ။ ထို့နောက် သတင်းစာတွေ ကိုင်ပြီး စာအုပ်တိုက် ဧည့်စာပွဲနားက ကျွန်တော်တို့ စာပွဲဘေးက ခုံမှာထိုင်ရင်း လတ်တလောသတင်းများသာမက စာအကြောင်းပေအကြောင်း သမိုင်းအကြောင်းတွေ ပြောသည်။

 

ဘာမှ မရလိုက်သူများ
————————-

တစ်ခါက တိုက်သို့ အလုပ်လာအပ်သော မြို့နယ်အရာရှိအဆင့် တိုက်ပုံဝတ်ပုဂ္ဂိုလ်တစ်ယောက်က ဒေါ်ဒေါ့်ကို မြင်တာနှင့် သူ ဘယ်သူဖြစ်ကြောင်း မိတ်ဆက်ကာ တက္ကသိုလ်တုန်းက နံရံကပ်စာစောင်တွေမှာ သူ ဘယ်လို စာတွေရေးခဲ့ပုံ၊ ဖောင်ကြီးမှာ ဘယ်လို ဆွေးနွေးခဲ့ပုံ၊ အလုပ်ထဲတွင် စာဖတ်ချင်သောကြောင့် ခရီးထွက်ရာတွင် လေယာဉ်နှင့်ပဲ သွားခဲ့ပုံ၊ လောလောဆယ် မန္တလေးမြို့ထုတ် သတင်းစာတွင် နိုင်ငံအကျိုးပြုဆောင်းပါးများ ဆက်တိုက် ရေးဖြစ်နေပုံ များကို ၁နာရီကျော်ကြာ ရွှန်းရွှန်းဝေမျှ ပြောသွားသည်။ ဒေါ်ဒေါ်က တစ်ခွန်းမှ မပြောလိုက်ရ။ သူပြန်သွားတော့ ဒေါ်ဒေါ်က ငြီးပြောပြောသည်။ “ သြော်.. သူ့ခမျာ ဒီလာပြီး ဘာမှ ရမသွားရရှာပဲကိုး” တဲ့။

သည်စကားကလည်း တိုတိုပေမယ့် ထိရောက်လှ၏။ ဟုတ်တာပေါ့၊၊ လူထုဒေါ်အမာလို ပုဂ္ဂိုလ်ကြီးနှင့် နဖူးတွေ့ ဒူးတွေ့ တွေ့တာတောင် ဘာမှမဟုတ်သော ကိုယ်ရည်သွေး တီးလုံးတွေနှင့် အဖိုးတန်အချိန်တွေ အလဟဿ ဖြစ်သွားသည်။ ရသင့်ရထိုက်၊ မေးသင့်မေးထိုက်၊ ကြားသင့် နာသင့်သော အဖိုးတန်စကားတွေရနိုင်သော အခွင့် အရေးရှိပါလျက် ရမသွားရရှာပုံကို ဒေါ်ဒေါ်က ပြောလိုက်ခြင်းဖြစ်ပါ၏။ အလိုလေး… ဒီစကားက စောစောက ပုဂ္ဂိုလ်တင်မဟုတ်ဘဲ ကိုယ့်နှင့်ပင် သက်ဆိုင်နေပါပကောလား၊ ဟုတ်တာပေါ့၊ ကျွန်တော်ကကော ဘာထူးလို့လဲ။ ဒေါ်ဒေါ်နှင့် စတွေ့စဉ်ကာလက အပေါ်ထပ် ထမင်းစားခန်းမှာ ဒေါ်ဒေါ်က မင့်အစ်မတွေရော နေကောင်းကြလားဟူသော စကားတစ်ခွန်းရှိသေး၊ ကျွန်တော်က ကိုယ့်မိသားစုအကြောင်း အရည်မရ အဖတ်မရ ပြောလိုက်တာ ဆိုတာများ ၁နာရီကျော် ၂နာရီနီးပါး၊ ဒေါ်ဒေါ်တို့မှာ ထမင်းစားချိန်ပင် နောက်ကျလို့။

 

တည် ဆောက် ပြုပြင်တွေ နောက်မှာ
——————————————

ထိုစဉ်ကာလ မန္တလေးမှာ တည်ဆောက်ပြုပြင်များက တစ်မြို့လုံး ဟုန်းဟုန်းထနေ၏။ ၁၉၉၀ကာလကတည်း စသည့် တည်ဆောက်ပြုပြင်များဖြစ်သည်။ ဈေးချိုကြီးလည်း ဖျက်ပြီးပြီ။ ၇၈လမ်းပေါ် ခင်စောမူ ဆီစက်ကွေ့က ဆီးပန်းနီဆရာတော်၏ ဂူဗိမာန်လည်း မရှိတော့။ စန္ဒာမုနိကုန်းတော်ပေါ်က ကနောင်မင်းဂူလည်း ထိုးကော်လိုက်ပြီ။ မန္တလေးတောင်ပေါ်လည်း ကားလမ်းကြီး ဖောက်လိုက်သည်။ နာမည်ကျော် မန်းရာပြည့်ကွင်းကြီးက တိရစ္ဆာန်ဥယျာဉ် တစ်ဖြစ်လဲ။ ကျုံးကြီးက လုပ်အားပေးများနှင့် ရေဖောက်ထုတ် ပြန်တူးဖော်။ ကျုံးပတ်လည်လည်း လမ်းတွေချဲ့၊ အိမ်တွေဖျက်။ မနက်တိုင်း လမ်းလျှောက်ထွက်သည့် ဒေါ်ဒေါ့်မှာ ဒါတွေ မမြင်ချင်အဆုံး၊ မကြားချင်အဆုံး။

ဒေါ်ဒေါ့်ဆောင်းပါးတွေအတွက် ကျွန်တော်က ဓာတ်ပုံလေးတွေ ရိုက်ပြီး ပုံကူးပြတိုင်း ဒေါ်ဒေါ်က မမှတ်မိ လောက်အောင် ပြောင်းလဲသွားသော မြင်ကွင်းတွေ အတွက် စိတ်မကောင်းဖြစ်နေသည်။ ပြီးတော့ ဆွေးဆွေး မြေ့မြေ့ ပြောပါသေး၏။ ဒို့မန္တလေးက အကွက်နံပတ်တွေ လမ်းနံပတ်တွေ အိမ်နံပတ်တွေနဲ့ လမ်းညွှန်တာမ ဟုတ်ဘူး။ အထင်ကရ အဆောက်အဦးတွေနဲ့ ညွှန်းကြတာကွယ့်။ မန်္တလေးမှာရှိတဲ့အဆောက်အအုံတွေဆိုတာက နေဖို့ထိုင်ဖို့ သက်သက်သာ မကဘူး။ တချို့ဆို လူမှုရေးအရ၊ စီးပွားရေးအရ အရေးပါတယ်။ တချို့ဆို ယဉ်ကျေးမှုအရ အရေးပါတယ်။ တချို့ဆို သမိုင်းနဲ့ချီပြီး အရေးပါခဲ့တယ်။ ဒီလို သမိုင်းနဲ့ချီပြီး အရေးပါခဲ့တဲ့ အဆောက်အအုံမျိုးတွေကျတော့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ ထိန်းသိမ်း စောင့်ရှောက်ပြီး မှတ်တမ်းမှတ်ရာ အဖြစ် ထားရှိခဲ့ကြတာ၊ အဲလို အဆောက်အအုံမျိုး ဘယ်နှယ့်လုပ် အစားထိုးလို့ ရမှာလဲ။ ဒါပေမဲ့အခုတော့ တော်တော်များများ ပျောက်မယ့်ကိန်း ဆိုက်နေပြီ။ မပျောက်ခင် မှတ်တမ်းတင်ထားကြပါကွယ်။ သိသမျှ အချက်အလက်ကို ရေးကြသားကြ၊ ပြုစုကြပါကွယ်”ဟု ဆိုသည်။

 

ဒေါ်ဒေါ်ပေးတဲ့ တာဝန်
—————————–

ဒေါ်ဒေါ်က ကျွန်တော့်ကို တခုတ်တရ မှာကြားတာက“မင်းမှာလည်း ကင်မရာလေး ရှိနေတော့ ဒို့မန်္တလေးမှာ ကျန်ကောင်း ကျန်ရာလေးတွေ ကျန်နေရှာနေသေးတဲ့ ပစ်္စည်းလေး တွေသာမက အဆောက်အအုံတွေကိုပါ ဓာတ်ပုံ လေး ရိုက်ထားပါကွယ်။ ဒို့ မိဘများရဲ့ မိတ်ဆွေကြီး အသားစား ရှောင်ကျဉ်ရေး ဦးကျော်လှတို့ စိုက်ခဲ့ကြတဲ့ တိရစ္ဆာန်များကို မစားခြင်းဖြင့် သူတို့အား ကြင်နာပါဆိုတဲ့ ဆိုင်းဘုတ်ကအစ သမိုင်းရှိတယ်၊ မကြာခင် ပျောက်တော့မှာ၊ တစ်ဆက်တည်း အဲဒီပစ်္စည်း၊ အဲဒီ အဆောက်အအုံတွေနဲ့ ပတ်သက်ပြီးလည်း သိသင့်သိအပ်တဲ့ အချက်အလက်တွေ မေးမြန်းမှတ်သား ထားကွယ့်” တဲ့။ ဒေါ်ဒေါ် ဆက်၍ ပြောသည်က “ အဲ့ဒီ အချက်အလက်တွေနဲ့ လက်ရှိ မြင်ကွင်းတွေကို နှိုင်းယှဉ်ပြီး မင်းရေးဖို့ ကောင်းတယ်” တဲ့။ ဤသို့ဖြင့် ကျွန်တော်သည် မြန်မာ့ဓနမဂ္ဂဇင်းမှာ “ မန္တလေးမျဉ်းဖြောင့်များ” ဟူသော ပင်တိုင် ကဏ္ဍကို ၁၉၉၆ခုနှစ် မေလကတည်းက လစဉ်ရေးဖြစ်သည်မှာ မဂ္ဂဇင်းရပ်နားသွားသည့် ၂၀၁၁ခုနှစ်အထိ ဖြစ်သည်။ ဒီလိုရေးဖြစ်တာကလည်း ဒေါ်ဒေါ်ပေးသော တာဝန်ကို ထမ်းဆောင်ရခြင်းပဲ ဖြစ်ပါ၏။

ဒေါ်ဒေါ်နှင့် စကားစမည်ပြောသောအခါ တစ်ခါတစ်ရံ လေးနက်လွန်းလှသည့် ကောက်ချက်တွေ၊ အတွေးအခေါ်တွေ၊ သုံးသပ်ချက်တွေ ရတတ်သည်။ အမှတ်မထင်..။

 

ဒေါ်ဒေါ် နှင့် မနက်ကော်ဖီချိန်
———————————-

ထိုစဉ်ကာလ တစ်ရက်တွင် ကျွန်တော် လူထုတိုက်ရောက်ခိုက် ဒေါ်ဒေါ်လူထုဒေါ်အမာက “မင်း နက်ဖြန်မနက် အားလားကွဲ့” ဟု မေးသည်။ ကျွန်တော်က “အားပါကြောင်း” ပြောတော့ “ဒါဆိုရင် နက်ဖြန်မနက် ၈နာရီမထိုးခင်၊ မင်း ကင်မရာလေး ယူပြီး တိုက်ကိုလာခဲ့ကွဲ့၊ ဒီရောက်မှ ကော်ဖီသောက်တာပေါ့။ မလွန်ဆန်လှူသင်းမှာ နယ်က ငွေလှူမယ့် ပွဲရှိတယ်။ ငါတို့ သွားကြရအောင် …။ ဓာတ်ပုံလေးဘာလေး ရိုက်ကြတာပေါ့ကွယ်…” ဟု သေသေချာချာ မှာသည်။ ကျွန်တော်က “စိတ်ချပါ ဒေါ်ဒေါ် …။ ကျွန်တော် မနက် ၈နာရီမထိုးခင် လာပါ့မယ်” ဟု ပြောလိုက်သည်။

နောက်နေ့မနက် ၈နာရီမထိုးခင် ကျွန်တော် ရောက်သွားပြီး လူထုတိုက်ရှေ့ စက္ကူပန်းရုံလေးအောက် စက်ဘီးထိုးတော့ တိုက်ထဲမှာ ဆရာကျော်ရင်မြင့်လည်း ရောက်နေသည်။ ဆရာကျော်ရင်မြင့်က ထုံးစံအတိုင်း ကျွန်တော်တို့ထက် လုံ့လဝီရိယ ကောင်း၏။ “လာ … ကိုဆူး၊ ဒေါ်ဒေါ် စောင့်နေပြီ။ အပေါ်တက်ရအောင်” ဟု ကျွန်တော့်ကို စောင့်ခေါ်ကာ အပေါ်ထပ်သို့ တက်သည်။ ဆရာကျော်ရင်မြင့်က ကိုညို(ဆရာညီပုလေး) အမှတ်မထင် ခရီးရှည်ကြီး ထွက်သွားကတည်းက ဒေါ်ဒေါ့်ကို သားအရင်းပမာ စောင့်ရှောက်သည်။ ဒေါ်ဒေါ့်ကို သာမက လူထုပုံနှိပ်တိုက်နှင့် စာအုပ်တိုက်၏ လုပ်ငန်းတွေကိုပါ ကူညီပေးနေသည်။

တိုက်အပေါ်ထပ် ထမင်းစားခန်းထဲမှာ ဒေါ်ဒေါ်က ကော်ဖီခွက်တွေ၊ ပဲပလာတာတွေနှင့် ကျွန်တော်တို့ကို စောင့်နေသည်။ “လာကြကွဲ့၊ စားကြဦး” ဟု ဆိုကာ သူကိုယ်တိုင် ကော်ဖီတွေ ငှဲ့ထည့်ပေးသည်။ ကျွန်တော်သည် ဒေါ်ဒေါ်၏ ထမင်းစားပွဲမှာ ခပ်ရို့ရို့ မဝံ့ မရဲထိုင်ရင်း ဒေါ်ဒေါ်ကျွေးသော နံနက်စောစာကို စားကာ ရင်တွေ တလှပ်လှပ် ခုန်နေသည်။ ကမ္ဘာကျော်၊ နာမည်ကျော် သတင်းစာဆရာ၊ စာရေးဆရာမကြီး တစ်ယောက်က မိခင်တစ်ယောက်ပမာ ကျွေးမွေး စောင့်ရှောက်နေမှုအပါ် ဝမ်းသာပီတိ ကြည်နူးမှု ဖုံးလွှမ်းသွားလို့ ဖြစ်သည်။

ဒေါ်ဒေါ်က ကျွန်တော်တို့ ဘေးမှထိုင်ကာ “ မနေ့က မနက်က ငါတို့ဆီ ဦးမောင်မောင်မြ ဖုန်းဆက်တယ်ကွဲ့၊ မြစ်ဝကျွန်းပေါ် ဖျာပုံ ဘိုကလေးဖက်က မန္တလေးကို ဘုရားဖူးလာတဲ့ မိသားတစ်စုက မန္တလေးရောက်တာနဲ့ သူတို့ ထိုးခဲ့တဲ့ ထီလက်မှတ်က ဆုကြီးပေါက်တာ တဲ့။ မန္တလေးနဲ့ ကံစပ်တယ်ဆိုပြီး မလွန်ဆန်လှူသင်းကြီးကို၊ ငွေလှူမလို့တဲ့။ အဲဒါ ငါတို့ကို လှမ်းအကြောင်းကြားတာတော့၊ ဒါမျိုးက ဓာတ်ပုံလေးဘာလေးနဲ့ သတင်းလေးရေးရမှာမဟုတ်လား။ အဲဒါကြောင့် မင်းတို့ကိုခေါ်တာ။ ခဏနေရင် အိမ်ကကားနဲ့ သွားကြမယ်။ ဆန်လှူသင်းမှာ ဘယ်သူမှ များများစားစား ဖိတ်မထားဘူး” ဟု အကျိုးအကြောင်း ပြောကြသည်။ ကျွန်တော်တို့ စားသောက်ပြီးတော့ ဒေါ်ဒေါ် ဦးဆောင်ပြီး၊ ဆရာကျော်ရင်မြင့်နှင့် ကျွန်တော်တို့နှစ်ဦးသား ဒေါ်ဒေါ့် အရိပ်ခိုကာ မလွန်ဆန်လှူသင်းသို့ ဒေါ်ဒေါ့်ကားနှင့် သွားကြ သည်။ အခါတိုင်း ဒေါ်ဒေါ်သွားလျှင်ကားမောင်းပေးနေကျ ကိုညို(ဆရာညီပုလေး) မရှိတော့ မျက်နှာချင်းဆိုင် နဂါးတိုက်က ဒရိုင်ဘာ တစ်ဦးက လာ၍ ကားမောင်း ပေး၏။

 

မလွန်ဆန်လှူသင်း အသင်းတိုက်မှာ
—————————————

၃၂လမ်း၊ ကွမ်းသီးတန်းနှင့် ဆားတန်းကြားက မလွန်ဈေးဆန်လှူအသင်းကြီး၏ “ညီမူရာ” ခန်းမရောက်တော့၊ အသင်းလူကြီး များနှင့် အလှူရှင်မိသားစု ရောက်ရှိနေကြပြီ။ အလှူ့ရှင်က အသက် ၇၀ ဝန်းကျင် အရွယ် မြန်မာ အမျိုးသားကြီးဖြစ်၏။ အလှူ့ ရှင်၏ မိသားစုလည်း ပါသည်။ ကျွန်တော်တို့ ရောက်ပြီး မကြာမီမှာပင် မလွန်ဆန်လှူ အသင်းကို ဧည့်သည်အလှူ့ရှင်က အလှူငွေ လှူဒါန်းပြီး အသင်းကြီး၏ သြဝါဒစရိယာ ဆရာတော်က ရေစက်ချတရား ဟောကြားသည်။ ကျွန်တော်က ဓာတ်ပုံရိုက် မှတ်တမ်းတင်သည်။

 

စာပေရဲ့ ကျေးဇူးကြောင့်
—————————

ရေစက်ချတရားနာပြီးသည်နှင့် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် မိတ်ဆက်စကား ဆိုမိကြတော့ အလှူ့ရှင်က ဒေါ်ဒေါ့်ကို လူထုဒေါ်အမာမှန်းသိသွားကာ အံ့အားတသင့်ဖြစ်သွားသည်။ “ကျွန်တော် ငယ်စဉ်ကတည်းက စာပေဖတ်ရှုခြင်း ဝါသနာထုံခဲ့ ပါတယ်။ ကျွန်တော့် စီးပွားရေးသာမက နိုင်ငံရေးအမြင်၊ လူမှုရေးအမြင်တွေကို စာပေရဲ့ ကျေးဇူးကြောင့် တည့်မတ်နိုင်ခဲ့ပါတယ်။ အထူး သဖြင့် ဆရာမကြီးလူထုဒေါ်အမာရဲ့ စာတွေက အဓိက မောင်းနှင်အား တွေပါ။ ကျွန်တော် အင်မတန်လေးစားတဲ့ ဆရာမကြီးနဲ့ အခုလို ရင်းနှီးစွာ တွေ့ဆုံရမယ်ဆိုတာ မမျှော်လင့်ခဲ့ပါဘူး။အခုလို မထင်မှတ်ဘဲ ကျွန်တော်လေးစားခဲ့ရတဲ့ ဆရာမကြီးနဲ့တွေ့ခိုက်၊ လတ်တလော ကျွန်တော့်ရင်တွင်းမှာ ပေါ်ပေါက်လာတဲ့ သဒ္ဓါစိတ်၊ ကြည်ညိုစိတ်ကို ဆရာမကြီးက လက်ခံပေးဖို့ အနူးအညွတ် ပန်ကြားပါတယ်” ဟု ရည် မွန်ဖွယ်ရာစွာ ပြောဆိုသည်။

ထို့နောက် သူ့သမီးဖြစ်သူထံမှ စာအိတ်အလွတ်လေးတစ်လုံး တောင်းပြီး စာအိတ်ထဲသို့ ငွေစက္ကူအချို့ ထည့်သည်။ ပြီးသည်နှင့် “ဆရာမကြီးက ကျွန်တော်နှင့် ရွယ်တူရင်လည်း ဖြစ်ပါလိမ့်မယ်။ သို့မဟုတ်ရင် လအနည်းငယ်နဲ့ ၁နှစ်တန်သည် ငယ်ရွယ်သူလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သီလဂုဏ်၊ ပညာဂုဏ်အားဖြင့် ကျွန်တော့်ထက် အဆများစွာ ကြီးမားပါတယ်။ ဒါကြောင့် လက်အုပ်ချီ ကန်တော့ခြင်းကို ထိုက်တန်စွာ လက်ခံပေးပါ” ဟု ဆိုပြီး စာအိတ်လေး ဒေါ်ဒေါ့်လက်အပ်ကာ ကန်တော့သည်။ ဒေါ်ဒေါ်က လာရောက်ကန်တော့ကြသူတိုင်း၊ ကန်တော့သူကို လက်အုပ်ချီကာ ရတနာသုံးပါးကို ပြန်လည်ကန်တော့ရင်း၊ ကန်တော့သူကို မေတ္တာပို့ရင်း ကန်တော့သူက ရတနာသုံးပါးကို ကန်တော့သည့် အရာ ရောက်အောင် တစ်ဆင့်ခံယူ လွှဲအပ်လေ့ရှိသည်။ ကျွန်တော်က ရွှေဥမင် ဆရာတော်နှင့် တောင်ဖီလာဆရာတော်ကို ရွှေဥမင်တော်ရတွင် တွေ့ဆုံကြခိုက် တောင်ဖီလာဆရာတော် ရွှေဥမင်ဆရာတော်သို့ လှူဒါန်း သည့် ဝတ္ထုပစ္စည်းတိုင်း “ရွှေစည်းခုံသို့ ပေးလှူပါ၏” ဟူ၍ လက်အုပ်ချီကာ ရွတ်ဆို လက်ခံသည့် ရွှေဥမင်ဆရာတော်ကို သတိရနေမိသည်။

 

မေတ္တာစိတ်၊ မုဒိတာစိတ်
—————————-

ကင်မရာချောင်းကြည့်ပေါက်မှ မြင်ရသည့် မြင်ကွင်းတွေက တဖြည်းဖြည်းချင်း ေ၀ဝါးလာသည်။ ကျွန်တော့်မှာ မြင်ကွင်းကို ကြည့်ရင်း ကြည်နူးစိတ်ကြောင့် ယိုဖိတ်လာသော မျက်ရည်တွေနှင့်ပါလား။ ဒါ တကယ့် တန်ဖိုး မဖြတ်နိုင်သည့် မြန်မာတို့၏ မေတ္တာစိတ်၊ မုဒိတာစိတ်ဖြစ်သည်။ တကယ့်ယဉ်ကျေးမှုဖြစ်သည်။ မလွန်ဆန်လှူအသင်းလူကြီးများ၊ အလှူရှင် မိသားစုနှင့် ကျွန်တော်တို့တစ်တွေ အသင်း တိုက်မှာပဲ နံနက်စာ စားကြရင်း၊ အလှူ့ရှင်ကို ကျွန်တော်တို့နှင့်လည်း ဒေါ်ဒေါ်က မိတ်ဆက်ပေးသည်။ ဒေါ်ဒေါ်က ကျွန်တော်တို့ကို သူ့ လက်ရင်း လုပ်ဖော်ကိုင်ဖက်များ အသွင်မြှင့်တင် မိတ်ဆက်ပေးတော့ ကြက်သီးမွေးညှင်းထမျှ တုန်လှုပ်သွားပါ၏။

အလုပ်တစ်ခုကို သူ့နေရာကိုယ့်နေရာ တာဝန်ကိုယ်စီယူကြရင်း ရာထူးကြီးသူက ငယ်သူအပေါ် “လက်အောက် ငယ်သားပါ။ တပည့်တပန်းပါ” ဟု ခေါင်းတခါခါ၊ လက်တခါခါ၊ မျက်မှောင်တကြုပ်ကြုပ်နှင့် မောက်မောက်မာမာ ပြောဆို နေကြမှုများ မြင်ရ၊ ကြုံဆုံရ လေတိုင်း ဒေါ်ဒေါ်၏ မြင့်မြတ် ကျက်သရေရှိသော “လူကြီးလူကောင်း” စိတ်ဓာတ်နှင့် အပြုအမူကို သတိတရရှိလှပါ၏။
ကျွန်တော်တို့ ပြန်လာကြ၍ လူထုတိုက်ရှေ့ ကားဆိုက်ကာ ဒေါ်ဒေါ်လည်းဆင်း၊ ကျွန်တော်တို့လည်း ဆင်းပြီး၊ ဆရာကျော်ရင်မြင့်နှင့် ကျွန်တော်က ပြန်ကြတော့မည်ဟု စက်ဘီးလေးတွေ ထုတ်တာ မြင်တော့ ဒေါ်ဒေါ်က “မင်းတို့က ပြန်ကြတော့မလို့လား၊ နေပါဦးကွဲ့။ လာခဲ့ကြဦး” ဟု ခေါ်ကာ အလုပ်စားပွဲကို ဖြတ်၍ ဧည့်ခန်းထဲဝင်သည်။ ကျွန်တော်တို့ နှစ်ယောက်သား ဒေါ်ဒေါ့်နောက်လိုက်ပြီး ဧည့်ခန်းထဲ ဒေါ်ဒေါ်ထိုင်နေသည့်အနား ရောက်တော့ ဒေါ်ဒေါ်က သူ့နဘေး လွတ်နေသည့် ခုံနှစ်လုံးကို ညွှန်ပြရင်း၊ “ထိုင်ကြကွဲ” ဟု ဆိုသည်။

 

သိက္ခာရှိတဲ့ ကလောင်
————————-

ကျွန်တော်တို့ ထိုင်ပြီးမှ ဒေါ်ဒေါ်က …“ကိုင်း ခုနက မင်းတို့လည်း မြင်ကြမှာပေါ့ …။ အဲဒီဆရာကြီးက နယ်ကနေ မန္တလေးကို မိသားစုနဲ့ ဘုရားဖူးလာရင်း၊ မန္တလေး ရောက်ခိုက် ထီဆုကြီးပေါက်လို့ မလွန်ဆန်လှူအသင်းကြီးကို လှူတယ်။ ဒီတင် ဒို့နဲ့ ဆုံပြီး ဒို့ကိုရော ကန်တော့တယ်။ ဒါက မင်းတို့ မြင်ခဲ့ကြားခဲ့တာတွေပဲ။ ဒို့ပြောချင်တာက အခု ဒို့က အသက် ၇၅ နှစ်ရှိပြီ။ အဲဒီ ဆရာကြီးလည်း ရှိရင် ၇၅ နှစ်ထက်တော့ မငယ်တော့ ဘူး၊ ၇၆ နှစ် ၇၇နှစ် အနည်းဆုံးရှိရောပေါ့။ ဒို့ကို တွေ့လိုက်တာနဲ့ ချက်ချင်း လက်အုပ်ချီ ကန်တော့တယ်ဆိုတာ မန္တလေး ဂုန္တာန်ဝင်း၊ ဆေးရိုးဝင်းက ဦးတင် ဒေါ်စုသမီး အမာဆိုတဲ့လူကို ကန်တော့တာ မဟုတ်ဘူးကွဲ့။ “လူထုဒေါ်အမာ” ဆိုတဲ့ ကလောင်ကို ကန်တော့တာ။ အမာဆိုတဲ့ မိန်းမတစ်ယောက်ကို သူနဲ့ ရွယ်တူလောက်ပေမယ့် ဘာလို့ ကန်တော့မှာလဲ။ ဒါပေမယ့် “လူထုဒေါ်အမာ” ဆိုတဲ့ ကလောင်တစ်ချောင်းကတော့ အခု ငါတို့ အသက် ၇၅ နှစ်တိုင်ထိ လူရိုသေရှင်ရိုသေ စာတွေ ရေးခဲ့လို့ပေါ့ကွယ်။

အကယ်၍များ ငါတို့ကလောင်က တစ်ချက်တစ်လေများ ဖောက်ဖောက်ပြန်ပြန် ရေးခဲ့ချွတ်ခဲ့ရင်၊ စာဖတ်သူအပေါ် စော်ကားမော်ကား ပြုမူခဲ့ရင်၊ တိုင်း ပြည်အကျိုး လူမျိုးအကျိုးအပေါ် ထိကပါးရိကပါး ဖြစ်ခဲ့ရင် နောက်ပိုင်း ငါတို့ ဘယ်လိုပဲ အဖတ်ဆယ်ဆယ် အရာမထင် နိုင်တော့ဘူး။ လူရိုရှင်ရိုသေ မဖြစ်တော့ဘူး၊ အသက်သာကြီးမယ်၊ ဘယ်သူကမှ ကြည်ညိုလေးစားစိတ်မရှိတော့ဘူး။ ကန်တော့ကြဖို့ အနေသာ မျက်နှာတောင် ကြည့်ချင်မြင်ချင်မှာ မဟုတ်ဘူး၊ အဲဒီတော့ မင်းတို့လည်း ကလောင်ကိုင် နေကြပြီ။ ကလောင်နဲ့ လူရာဝင်နေကြပြီ။ ကိုယ့်ကလောင်ကြောင့် ကိုယ့်သိက္ခာ ပျက်ရမယ့် ကိစ္စကို ပထမဆုံးအနေနဲ့ ဘယ်တော့မှ မပြုလုပ်မိကြစေနဲ့။ ကိုယ့်ကလောင်ကြောင့် တစ်ဦးတစ်ယောက်နစ်နာမှု၊ တိုင်းပြည်နဲ့ လူမျိုးနစ်နာမှု၊ မဖြစ်စေကြစေနဲ့။ အသက်ကြီးရင့်တဲ့အထိ ကိုယ့်ကလောင်ကြောင့် မျက်နှာမပြဝံ့၊ ဆင်ဖြူ့ မျက်နှာ ဆင်မည်း မကြည့်ဝံ့ မဖြစ်ကြစေနဲ့။ ဘယ်အရွယ်ရောက်ရောက် ကိုယ့်ကလောင် ကြောင့် လူရိုသေ၊ ရှင်ရိုသေဖြစ်ဖို့ ဘယ်လောက် လိုအပ် သလဲဆိုတာ ပြောပြချင်လို့ပါကွယ်။ ကဲ ကဲ မင်းတို့နှစ်ယောက် မုန့်ဖိုးခွဲယူ လိုက်ကြ” ဟု ပြောဆိုပြီး ကန်တော့ခံ ရရှိ ထားသော အိတ်ကလေးထဲမှ ပိုက်ဆံကို၊ အကုန်ထုတ်ပြီး ဆရာကျော်ရင်မြင့်နှင့် ကျွန်တော့်အား တစ်ဝက်စီ ခွဲဝေပေး လိုက်၏။

ကျွန်တော်တို့ ဒေါ်ဒေါ်မျက်နှာကို ကြည့်ရင်း ဖော်မပြနိုင်သော ကြည်နူးမှုများဖြင့် အံ့အားသင့်နေကြသည်။ ဒေါ်ဒေါ့် စကားတွေက တိုးညှင်းညင်သာသော်လည်း အင်အားတွေ အများကြီးနှင့် ရင်ထဲ စူးဝင်သွားသည်။ နွေးထွေး လုံခြုံသလို ခံစားလိုက်ရ၏။ ကျွန်တော်တို့ စာပေခရီးအတွက် အခြေခံကျသော သဘောထားဟု လေးလေးနက်နက် ခံယူလိုက်ရပါ၏။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW