အသက်ကို ကာကွယ်ပေးမည့် အလွယ်ကူဆုံး အလေ့အကျင့်

မန္တလာ ဆရာမျိုး
မြန်မာနိုင်ငံတွင် ဆိုင်ကယ်သည် နေ့စဉ်ဘဝအတွက် အရေးကြီးသော သယ်ယူပို့ဆောင်ရေးယာဉ်တစ်မျိုးဖြစ်သည်။ အလုပ်သွားရန်၊ ကျောင်းတက်ရန်၊ စျေးဝယ်ရန်နှင့် ခရီးတိုများ သွားလာရာတွင် ဆိုင်ကယ်ကို အများဆုံး အသုံးပြုကြသည်။ သို့သော် အသုံးပြုသူများ များပြားလာသည်နှင့်အမျှ လမ်းမတော်တဆမှုများလည်း ပိုမိုများပြားလာနေပြီး ယင်းမတော်တဆမှုများကြောင့် အသက်ဆုံးရှုံးမှု၊ မသန်စွမ်းဖြစ်မှုနှင့် မိသားစုများ၏ စီးပွားရေးအခက်အခဲများ ဖြစ်ပေါ်နေသည်။ ထိုကဲ့သို့သော ဆိုးကျိုးများကို လျှော့ချနိုင်ရန် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းမှာ အရည်အသွေးပြည့်မီသော Helmet (ဦးထုပ်) ကို မှန်ကန်စွာ ဆောင်း၍ ဆိုင်ကယ်စီးခြင်း ဖြစ်သည်။
ဦးနှောက်သည် လူ့ခန္ဓာကိုယ်၏ အရေးအကြီးဆုံး အင်္ဂါတစ်ခုဖြစ်ပြီး အသက်ရှူခြင်း၊ နှလုံးခုန်ခြင်း၊ လှုပ်ရှားခြင်း၊ စဉ်းစားတွေးခေါ်ခြင်းနှင့် မှတ်ဉာဏ်တို့ကို ထိန်းချုပ်ပေးသည်။ ဆိုင်ကယ်မတော်တဆမှု ဖြစ်ပွားသောအခါ ဦးခေါင်းကို ပြင်းထန်စွာ ထိခိုက်မိပါက ဦးနှောက်ဒဏ်ရာ၊ သွေးယိုစီးခြင်း၊ သတိလစ်ခြင်း၊ ကိုယ်လက်မသန်စွမ်းဖြစ်ခြင်း သို့မဟုတ် အသက်ဆုံးရှုံးခြင်းအထိ ဖြစ်နိုင်သည်။ Helmet သည် ထိုသို့သော ထိခိုက်မှုများကို အပြည့်အဝ မကာကွယ်နိုင်သော်လည်း ထိခိုက်မှု၏ ပြင်းထန်မှုကို သိသိသာသာ လျှော့ချပေးနိုင်သော လုံခြုံရေးပစ္စည်းဖြစ်သည်။
ကျန်းမာရေးဆိုင်ရာ သုတေသနများအရ Helmet ကို မှန်ကန်စွာ ဆောင်းထားသူများတွင် ဦးခေါင်းဒဏ်ရာ ဖြစ်ပွားနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ပြီး အသက်ဆုံးရှုံးနိုင်ခြေကိုလည်း များစွာ လျော့နည်းစေကြောင်း တွေ့ရှိထားသည်။ ထို့ကြောင့် Helmet သည် ဒဏ်ငွေရှောင်ရန် ဆောင်းရသည့် ပစ္စည်းမဟုတ်ဘဲ မိမိအသက်နှင့် မိသားစု၏ အနာဂတ်ကို ကာကွယ်ပေးသော လုံခြုံရေးကိရိယာတစ်ခု ဖြစ်သည်။
Helmet ဆောင်းရုံဖြင့်လည်း မလုံလောက်သေးပါ။ မှန်ကန်စွာ ဆောင်းထားရန်လည်း အရေးကြီးသည်။ Helmet ကို ခေါင်းနှင့် အံဝင်ခွင်ကျ အရွယ်အစားဖြစ်စေရန် ရွေးချယ်ရမည်။ Chin Strap (မေးသိုင်းကြိုး) ကို သေချာတင်းကျပ်စွာ ချည်ထားရမည်။ ကြိုးမချည်ထားပါက မတော်တဆမှုဖြစ်ချိန်တွင် Helmet ကျွတ်ထွက်သွားနိုင်ပြီး ကာကွယ်မှု လျော့နည်းသွားမည်ဖြစ်သည်။ ထို့ပြင် အက်ကွဲနေသော၊ ထိခိုက်ပျက်စီးနေသော Helmet များကို ဆက်လက်အသုံးမပြုသင့်ဘဲ အသစ်လဲလှယ်သင့်သည်။
လမ်းပေါ်တွင် မကြာခဏ တွေ့ရသည်မှာ “အိမ်နားလေးပဲ သွားတာပါ”၊ “ခဏပဲ စီးမှာပါ”၊ “အမြန်မောင်းမှာ မဟုတ်ဘူး” ဟူသော အကြောင်းပြချက်များဖြင့် Helmet မဆောင်းခြင်းဖြစ်သည်။ သို့သော် လမ်းမတော်တဆမှုသည် မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို ကြိုတင်သတိပေးခြင်းမရှိဘဲ ဖြစ်ပွားနိုင်သည်။ အိမ်နှင့် နီးသောနေရာများတွင်ပင် မတော်တဆမှုများ ဖြစ်ပွားနိုင်သကဲ့သို့ မိမိ၏ အမှားမဟုတ်ဘဲ အခြားယာဉ်မောင်းတစ်ဦး၏ ပေါ့ဆမှုကြောင့်လည်း မတော်တဆမှု ဖြစ်နိုင်သည်။
Helmet သည် ယာဉ်မောင်းအတွက်သာ မဟုတ်ဘဲ နောက်က လိုက်စီးသူအတွက်လည်း မဖြစ်မနေ လိုအပ်သည်။ ကလေးငယ်များ လိုက်ပါစီးနင်းပါကလည်း ၎င်းတို့၏ အသက်အရွယ်နှင့် ကိုက်ညီသော Helmet ကို အသုံးပြုသင့်သည်။ ကလေးများ၏ ဦးခေါင်းနှင့် ဦးနှောက်သည် လူကြီးများထက် ပိုမိုထိခိုက်လွယ်သောကြောင့် လုံခြုံရေးကို ပိုမိုအလေးထားရမည်ဖြစ်သည်။
Helmet ဆောင်းခြင်းနှင့်အတူ လမ်းစည်းကမ်းများကို လိုက်နာခြင်း၊ အရှိန်မလွန်ဘဲ မောင်းနှင်ခြင်း၊ အရက်သေစာ သို့မဟုတ် မူးယစ်ဆေးဝါး သုံးစွဲပြီး ယာဉ်မမောင်းခြင်း၊ မိုဘိုင်းဖုန်း အသုံးမပြုဘဲ အာရုံစိုက်မောင်းနှင်ခြင်းတို့ကိုလည်း လိုက်နာရမည်။ ထိုသို့ ပြုလုပ်ခြင်းသည် မိမိသာမက အခြားလမ်းအသုံးပြုသူများ၏ အသက်အန္တရာယ်ကိုပါ ကာကွယ်ပေးနိုင်သည်။
Helmet တစ်လုံး၏ တန်ဖိုးသည် အသက်တစ်ချောင်း၏ တန်ဖိုးနှင့် မနှိုင်းယှဉ်နိုင်ပါ။ မတော်တဆမှုတစ်ကြိမ်ကြောင့် ဖြစ်ပေါ်လာနိုင်သော ကုသစရိတ်၊ မသန်စွမ်းဖြစ်မှု၊ အလုပ်အကိုင်ဆုံးရှုံးမှုနှင့် မိသားစု၏ ဝမ်းနည်းပူဆွေးမှုတို့နှင့် နှိုင်းယှဉ်ပါက Helmet ဝယ်ယူခြင်းသည် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်သည်။
ထို့ကြောင့် “ခရီးတိုလည်း Helmet ဆောင်းပါ၊ ခရီးဝေးလည်း Helmet ဆောင်းပါ။ မိမိအတွက်လည်း ဆောင်းပါ၊ မိသားစုအတွက်လည်း ဆောင်းပါ။” လမ်းပေါ်တွင် စည်းကမ်းလိုက်နာမှုနှင့် Helmet ဆောင်းသည့် အလေ့အကျင့်ကို လူတိုင်း မွေးမြူနိုင်မည်ဆိုပါက ဆိုင်ကယ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးမှုနှင့် ပြင်းထန်သော ဦးခေါင်းဒဏ်ရာများကို လျှော့ချနိုင်မည်ဖြစ်ပြီး ပိုမိုလုံခြုံသော လူမှုအသိုင်းအဝိုင်းတစ်ခုကို အတူတကွ တည်ဆောက်နိုင်မည်ဖြစ်သည်။
မန္တလာ ဆရာမျိုး
#voiceofmyanmar #VOM # မန္တလာဆရာမျိုး #Helmet

Related posts

Leave a Comment

VOM News

FREE
VIEW