သူတို့အိမ် အခန်း (၁၉၀)

ဆူးငှက်

 

ကက်ဆက်တဲ့လား
————————

ကျွန်တော် ၉တန်းကျောင်းသားလောက်က ကက်ဆက်ဆိုတာ စတင်ကြားဖူးခဲ့သည်။ မမြင်ဖူးခဲ့သေးပါး ထိုစဉ် ညောင်ပင်ဈေးအနီးနေသော အတန်းဖော် တစ်ဦးက သူတို့အိမ်မှာ ကက်ဆက်ရှိကြောင်း ပြောပြီး သူ့လွယ်ထဲမှာပါလာသည့် ကက်ဆက်ခွေလေး တစ်ခွေကို ထုတ်ပြသည်။ ကျွန်တော်က သည်ခွေလေးကပဲ ကက်ဆက်ဟုထင်သည်။ သည်အချပ်လေး က ဘယ်လိုအသံထွက်ပါလိမ့်ဟု စဉ်းစားရင်း အဖြေမရခဲ့။ ကက်ဆက်ဆိုသည့် လေးထောင့် ပုံးကို မမြင်ဖူးခဲ့။ ကျွန်တော်မြင်ဖူးတာက ရီကော်ဒါပဲ ဖြစ်သည်။ စိုင်ပြွန်ရိပ်သာဝင်းထဲနေစဉ် ဦးလေးသောင်တို့တိုက်ထဲမှာ ရီကော်ဒါနှင့် ရေဒီယိုဂရမ်ကြီးရှိသည်။ ရေဒီယိုဂရမ်က ဓာတ်ပြားစက်ရော ပါသည်။ ထိုစဉ်က အသံချဲ့စက် အငှားလိုက်သူ များက လက်နှင့်လှည့် သံပတ်ပေးဖွင့်ရသော ဓာတ်ပြားစက်တွေ သုံးသည်။ နောက်ပိုင်းတွင် ရီကော်ဒါစက်များ သုံးကြသည်။

 

 

ကျွန်တော့်မှာ ကက်ဆက်ကိုပင် တက္ကသိုလ်ကျောင်းသားဖြစ်မှ ကိုင်ဖူးပိုင်ဖူးတော့သည်။ ဒါတောင် မိုနို အုံးလီးလေးပါ။ ဝယ်တော့လည်း အသစ်မဟုတ် တပတ်ရစ်လေးကို အကြွေးနှင့် ဝယ်ရသည်။ မိုနိုကက်ဆက်လေးနှင့် ပတ်သက်၍ ကျွန်တော့် သူငယ်ချင်း ကိုစိုးမြင့်ကို သတိရမိသည်။ သူက ၈၁လမ်းနှင့် ၂၇လမ်းထောင့် ရေစင်ကြီးအနီးမှာ နေသည်။ သူ့မှာ ကက်ဆက်လေး တစ်လုံးရှိသည်။ သူ့ကက်ဆက်လေးကလည်း နေရှင်နယ် အုံးလီးကက်ဆက်လေးပါ။ သူက စိုင်းထီးဆိုင် ခရေဇီဖြစ်သည်။ ထိုစဉ်ကာလ စိုင်းထီးဆိုင်၏ စိတ္တဇအလွမ်းစီးရီး ထွက်လာတော့ မောင့်လပြည့်ဝန်း သီချင်းက နာမည်ကြီးလှသည်။

 

နေရှင်နယ်ပင်နာဆိုးနစ်နှင့် မောင့်လပြည့်ဝန်း
—————————————————-

 

ကိုစိုးမြင့်က စိတ္တဇအလွမ်းခွေကို ကက်ဆက်ထဲထည့်ပြီး တစ်နေကုန်ဖွင့်သည်။ သူက အိပ်ရာထဲမှာပင် ခြေရင်းမှာ ကက်ဆက်လေး ခပ်တိုးတိုး ဖွင့်ပြီးပက်လက်လှန်အိပ် မျက်လုံးစင်း၍ သီချင်းကို လိုက်ဆိုသည်။ ခြေရင်းက ကက်ဆက်ကို ပိတ်လိုလျှင် ပြန်ရစ်လိုလျှင် အိပ်နေရာမှ ခြေထောက်နှင့် ခလုတ်တွေကို နှိတ်သည်။ နောက်တော့ မောင့်လပြည့်ဝန်းကို ကြိုက်လိုက်ပုံက ကက်ဆက်တစ်ခွေလုံး အေဆိုဒ်မှာရော ဘီဆိုဒ်မှာရော မောင့်လပြည့်ဝန်း ချည်းသွင်းကာ တစ်နေကုန် တစ်ညလုံးဖွင့်သည်။ နေရှင်နယ် အုံးလီးကက်ဆက်လေးတွေ မာလိုက်ပုံ ကလည်း ကိုစိုးမြင့်က ခြေထောင်နှင့် တဖြောင်းဖြောင်း ကန်ဖွင့်ဖိဖွင့် ရိုက်ဖွင့် ခုတင်အောက် အကြိမ်ကြိမ် ပြုတ်ကျသော်လည်း ဘာမှမဖြစ်။

 

 

ကျွန်တော်ကဖြင့် သူနှင့် အမျိုးအစားတူ ကက်ဆက်လေးကို ယုယလိုက်ရတာ၊ ကက်ဆက် အဖုံးလေးချုပ်ပြီး စွပ်ရတာနှင့်၊ ခုတ်လေးတွေကြား ဖုန်သုတ်ရတာနဲ့၊ ကက်ဆက်ခေါင်းလေးကို အရက်ပျံ ဂွမ်းဆွတ်ပြီး ပွတ်ရတာနဲ့။ မထိရက် မကိုင်ရက်။ ကိုစိုးမြင့်သူ့ကက်ဆက်ကို ကိုင်တာတွယ်တာ မြင်တိုင်း ကျွန်တော့်မှာ ကြားက အူတိုနေသည်။ ကိုစိုးမြင့်က ကက်ဆက်ကို အကိုင်အတွယ်ကြမ်းသလောက် သူ့ရာလေးစပို့ စက်ဘီးလေးကိုတော့ ဂရုတစိုက်နှင့် ယုယလှသည်။ ကျောင်းလာလို့ သူ့စက်ဘီးလေးကြည့်လိုက်လျှင် နက်မှောင်ပြောင်လက်နေသည်။ စက်ဘီးတာယာတွေကလည်း ပန်းတွေဖောင်းကြွပြီး အမြဲတမ်း တင်းရင်းနေသည်။ သူက စက်ဘီးကျွတ်ပေါက်လျှင် ဘယ်တော့မှ မဖာဘူးတဲ့၊ ပေါက်သည့် ကျွတ်လွှင့်ပစ်ပြီး ကျွတ်သစ်ပဲ လဲထည့်တာတဲ့။

 

 

ဗီဒီယို ပြစားမယ့် အစီအစဉ်
——————————–

၁၉၈၀ကျော်ကာလ TV တွေပေါ်တော့ ညတိုင်လျှင် TV ကို ကြည့်ချင်လို့ စိုင်ပြွန်ရိပ်သာဝင်းထဲကနေ ၂၆ဘီလမ်း ဆိုင်းတန်းက မြို့နယ်ကောင်စီရုံး ရှေ့ထိ သွားမော့သည်။ ၁၉၈၅ လောက်တွင် အပေါ်စက် အောက်စက်များနှင့် ဇာတ်ကားတွေ ခေတ်စားလာပြီး အောက်ခြေပရိသတ်များက ညနေစောင်းတာနှင့် ဗီဒီယိုရုံတွေတွေထဲ TV ရှေ့ ရောက်ကုန်ကြလို့ စာအုပ်ဆိုင်တွေ အငှားပါးကုန်သည်။ ထိုစဉ်ကျွန်တော်က အောင်ရတနာတိုက် အောက်ထပ်မှာ ဗီဒီယို ပြစားဖို့ စိတ်ကူးရသည်။ အရပ်ထဲက ဗီဒီယိုရုံတွေဆီ ရောက်သွားသည့် ကိုယ့် စာအုပ်ငှားပရိသတ်၏ အိတ်ထောင်ထဲက ပိုက်ဆံလေးတွေ ကိုယ့်ဆီပဲ ရောက်ချင်လို့ ဖြစ်သည်။

 

 

သည်အစီအစဉ်ကို အဘအားတင်ပြတော့ ခါးခါးသီးသီး ငြင်းဆန်သည်။ ခွင့်မပြုခဲ့ပေ။ အဘက သူသာမက သူ့သားမက် ကိုလှဘော်ကလည်း လက်ခံမှာ မဟုတ်ဘူးလို့ ပြောသည်။ ဟုတ်တာပေါ့ သည်တိုက်က ကျွန်တော်ပိုင်မှ မဟုတ်တာ၊ တိုက်ပိုင်ရှင်က သဘောတူမှ ဖြစ်တာ။ သည်လိုနှင့် TV နှင့် ဝေးရသည်။ နောက်ပိုင်း အများတကာလို အိမ်မှာကြည့်ဖို့ TV လေးတလုံး ဝယ်မယ်ကြံတိုင်း အဘက လက်မခံ၊ “အလကားကွာ အပိုကုန်တွေ၊ ဈေးကလည်း တန်ပါဘိသနဲ့၊ အဲ့ဒီပိုက်ဆံနဲ့ ရွှေဝယ်ထားမှာပေါ့” ဟု အမြဲ ငြင်းသည်။ အဘမရှိလို့ အမေကျတော့လည်း TV အကြောင်းစကားစတိုင်း လက်မခံ၊ အပိုကုန်တွေဟုပဲ ကန့်ကွက်သည်။

 

ဆင်းရဲသားနဲ့ မတန်ပါဘူးကွာ
—————————————

တကယ်တော့ အဘနှင့် အမေက တောကတက်လာပြီး ဆင်းရဲပင်ပန်းစွာ လုပ်ကိုင် စားခဲ့ရသောကြောင့် တင်းတိမ် ချွေတာကြသည်။ ကိုယ့်ကိုကိုယ် ဆင်းရဲသားဟုပဲ ခံယူထားသည်။ ထို့ကြောင့် ဆင်းရဲသားနှင့် တန်သည့် အသုံးအဆောင် အသုံးအစွဲပဲ လက်င်္ခသည်။ အိမ်မှာ လျှပ်စစ်မီး မဆင်၊ စက်ဘီးကိုပင် သူ့သမီး ပန်တျာကျောင်းတက်တာ ဘတ်စ်ကားနှင့် အဆင်မပြေလို့ ဈေးသက်သာသည့် ညွန့်ပေါင်းစက်ဘီးပဲ ဝယ်ပေးသည်။ ရေဒီယိုကိုပင် မမခင်ရီကိုယ်တိုင် ကျွန်တော့်ကို ဆုချလို့ အဘက ဘာမှမပြောခဲ့။ ကျွန်တော့် ကက်ဆက်လေးကိုလည်း အဘက မျက်စောင်းထိုးတော့ အိမ်မှာအမြဲလာတတ်သည့် ကိုတင်ဌေး ကက်ဆက်ပါဟု ပြောထားရသည်။ တကယ်တော့ အဘက ရေဒီယိုရော ကက်ဆက်ရော ကြိုက်ပါသည်။ ဆိုင်းနားထောင်တာ ဇာတ်ထုပ်နားထောင်တာ တရားနာတာ အဆင်ပြေသည်။ သို့သော် သည်ပစ္စည်းတွေက ဒို့ဆင်းရဲသားတွေနဲ့ မတန်ပါဘူးဆိုကာ ရောင့်ရဲခြင်း ဖြစ်သည်။

 

 

တစ်ခါတရံ ပြန်စဉ်းစားမိတော့ ကျွန်တော်လည်း အခုထိ အဘလိုဖြစ်နေသည်။ အတော်များများ ပစ္စည်းတွေကို ကိုယ်နှင့် မတန်ပါဘူးဆိုကာ ရောင့်ရဲသည်။ သည်လိုရောင့်ရဲတော့ လောဘနည်းတာက တော်တော် အရာရာ ခေတ်နောက်ကျပြီး နှောင့်နှေးခဲ့ရသည်။ စက်ဘီးတောင်မှ တက္ကသိုလ်တက်ခါနီးမှ စီးတတ်သည်။ မမခင်ဝင်း က ထားခဲ့လို့လည်း သူ့စက်ဘီးကို စီးဖြစ်သည်။ တစ်ခါ ၂၀၀၀ခုနှစ်ကျော် ကာလများတွင် သားကြီးက ပူဆာလို့ တရုတ်ဆိုင်ကယ်လေး တစ်စီး ဖျစ်ညှစ် ဝယ်ထားသည်။ တကယ်ဆို သည်ဆိုင်ကယ်က အချိန်ပြည့် မအားတာမှ မဟုတ်တာ၊ အိမ်မှာရှိနေခိုက် ကျွန်တော်က တက်ခွပါလား၊ တက်စီးပါလား၊ ဆိုင်ကယ်နှင့် သွားပါလာပါလား၊ ထိုသို့မဟုတ် ကျွန်တော်က အဘစိတ်ဓာတ်နှင့် ရောင့်ရဲခဲ့တော့ အခုထိ ဆိုင်ကယ်မစီးတတ်။ အခုထိ သွားတာလာတာ သူများချည်း အားကိုးနေရတော့ အလုပ်မဖြစ် နှောင့်နှေးကုန်သည်။ နောက်ကျ ကုန်သည်။

 

TV ဝယ်မယ် ဆိုတော့
———————-

ကိုင်း.. သည်တစ်ခါတော့ TV လေးတစ်လုံး ဝယ်ဖို့ အဆင်ပြေလောက်ပါပြီ။ သည်တော့ ကျွန်တော်က အမေ့ကို TV ဝယ်မယ့်အကြောင်း ပြောတော့ အမေက ပုတီးတချောက်ချောက် စိပ်ရင်း ထုံးစံအတိုင်း အလကား အပိုအလုပ်တွေ၊ ကိုယ့်မှာ မရှိဘဲ ဟန်လုပ်ချင်တာ၊ အဲ့ဒီပိုက်ဆံ ရွှေဝယ်တာက အဖတ်တင်ဦးမယ် ဆိုတဲ့ အဘနှင့်ပူးတွဲ မူပိုင် စကားလုံး တွေပဲ ဖျစ်တောက်ဖျစ်တောက် ရွတ်နေတော့သည်။ ကျွန်တော်က ဘာမှ မပြောဘဲ အမေ့ကို ပြုံးကြည့်နေသည်။

 

အမေစကားဆုံးတော့မှ တစ်ဖက်လှည့်ကာ စိတ်ကောက်နေသည့် အမေကြားအောင် “မနေ့က ခင်သော်ဇင် ဈေးသွားတော့ ဓာတ်ပုံတိုက်က မမဒွဲဘူနဲ့ ဈေးထဲမှာ တွေ့တယ်တဲ့။ မမဒွဲဘူက အလှူဗီဒီယိုခွေရနေပြီ နက်ဖြန်ကျ အမေကြီးနဲ့ လည်း မတွေ့တာကြာလို့ ကိုကျော်ဝင်းနဲ့ အိမ်ဘက်လာပြီး ဗီဒီယိုခွေ လာပေးမယ်တဲ့။ အလှူဗီဒီယိုခွေရရင် TV ရှိမှ အလှူတုန်းက အမေ့မြေးလေးတွေ မောင်ရှင်လောင်းပုံလေးတွေ ကိုရင်ပုံလေးတွေ ကြည့်လို့ရမှာ အမေရဲ့၊ အမေ့မြေးလေးတွေလည်း သူတို့ပုံတွေ ပြန်ကြည့်လို့ရမှာ” ဟု ပြောလိုက်တော့ စိတ်ကောက်နေသည့် အမေ့မျက်နှာ ဝင်းသွားကာ ကျွန်တော့်ဘက် လှည့်ပြီး “ အခုသွားဝယ်မှာလား၊ နင့် အဘ သံသေတ္တာထဲမှာ ငါ့ပိုက်ဆံရှိတယ်၊ လိုရင် ယူသွား” တဲ့။

 

အရာကျသွားသည့် အိတ်ကလေး
—————————————-

တကယ်တမ်း TV ဝယ်ကြစို့ ဆိုတော့ ကျွန်တော့်မှာ ပိုက်ဆံ လုံလုံလောက်လောက်မရှိပါ။ ထို့ကြောင့် ထုံးစံအတိုင်း အဘထားရစ်ခဲ့သော သံသေတ္တာကြီးထဲက အမေ့အိတ်လေးကိုပဲ ပြေးယူကာ အမေ့ရှေ့မှာပဲ အိတ်လေးကို ဖွင့်ရသည်။ သည်အိတ်လေးက မမခင်ဝင်း၏ ပိုက်ဆံအိတ် အဟောင်းလေးဖြစ်သည်။ ယုန်မွေးတုသားရေသား အနီရဲရဲ ဖြစ်သည်။ မမခင်ဝင်း က ဇစ်ပျက်နေသော ထိုအိတ်လေးကို ပစ်ထားခဲ့သည်။ အိတ်လေး၏ သားရေတုအသားက မာလိုက် ခိုင်လိုက် တာမို့ အဘက ဇစ်ဖြုတ်ကာ ဖြတ်တောက် ပြင်ဆင်ပြီး နှိတ်စေ့အဖုံးလေးနှင့် ပြန်ချုပ်ထားသည်။ ထိုအိတ်လေးက အဘမှာ မရှိမဲ့ရှိမဲ့ ကျန်နေသေးသော ငါးမူးသားရွှေဆွဲကြိုးကုံးလေးရယ်၊ စတိလက်ကောက် အမာလေး တစ်ရံရယ်၊ မိုးကုတ်ကျောက် ကို ကွင်းထားသည့် လက်စွပ်ရယ်ကို ထည့်ခဲ့သည့် အိတ်လေး ဖြစ်သည်။ အဘဆုံးပြီးနောက် ရွှေဆိုသည် မှာ မူးလို့ပင် ရှူစရာ ရှိတော့ ထိုအိတ်လေးကို အမေက သူ့ပိုက်ဆံလေးတွေ သိမ်းဆည်းသည့် အိတ်လေးဖြစ်ကာ အရာကျ သွား တော့သည်။

 

အရင် အမေဈေးရောင်းတုန်းကတော့ အမေ့အိတ်လေးက ပြည့်ပြည့်ဖောင်းဖောင်းလေးပေါ့။ အခုတော့ အမေလည်း ဈေးမရောင်းနိုင်တော့ သူ့အိတ်လေးက မမခင်ရီ အလည်လာမှသာ ဘဏ္ဍာထိမ်း တာဝန်ယူရရှာသည်။ အမေက သူ့မြေးတွေ ကို ပြောရင်းဆိုရင်း ဆူရင်းငေါက်ရင်း အိတ်လေးထဲက ကျပ်တန်လေးတွေ ထုတ်ပေးနေရမှ ကျန်းမာသည်။ သည်လိုများ မပေးရလို့ကတော့ အိပ်ရာထဲ ဝင်ခွေနေပြီး ရောဂါတွေက ရင့်နေပါပြီ။ သေရတော့မှာပါ ငါ့ကိုပစ်ထားကြတယ် စသည်ဖြင့် ငြီးငြူနေတော့သည်။ စကားစပ်လို့ ပြောရလျှင် အမေက ထူးထူးထွေထွေ ဘာရောဂါမှ မရှိပါ။ မျက်စေ့ မကောင်း တာကလွဲလို့ ကြားသည်၊ စားနိုင်သည်၊ သွားနိုင်သည်။

သဘောကောင်းသော ဆရာဝန်မောင်နှံ
——————————————-

ထိုစဉ်က အိမ် အပေါ်ထပ်တွင် ဆရာဝန်ဇနီးမောင်နှံ လာနေဖူးသည်။ အပေါ်ထပ် အခန်းရှည်ကြီးက အားနေသောကြောင့် မန္တလေးဆေးတက္ကသိုလ် ခန္ဓာဗေဒဌာနသို့ ပြောင်းရွှေ့ တာဝန်ထမ်းရသည့် ဆရာဝန်က လာ၍နေသည်။ ဆရာဝန်အမည်က ဒေါက်တာစိန်မြင့်တဲ့။ သူက ယခု ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာဦးစောဝင်းနှင့် သူငယ်ချင်း ဖြစ်သည်။ ဒေါက်တာစောဝင်းက ဦးလှဘော်၏ တူအရင်းဖြစ်သည်။ ထို့ကြောင့် ဒေါက်တာစိန်မြင့် မန္တလေးပြောင်းရမည်ဆိုတော့ ဒေါက်တာစောဝင်းက နေရေးထိုင်ရေး အတွက် ကူညီခြင်းဖြစ်သည်။ ဦးလှဘော်နှင့် မမခင်ရီတို့ကလည်း အိမ်မှာ လူကြီး၂ယောက် ကျန်းမာရေးအတွက် သာမက အခန်းခ တစ်လ ၃၀၀ကျပ်က အဘနှင့် အမေအတွက် ပုံမှန်ဝင်ငွေလေး ရနိုင်တာမို့ စီစဉ်ခြင်း ဖြစ်ပါသည်။

 

မုံရွာ မန္တလေးဘူတာစဉ်
—————————

ထပ်၍ စကားစပ်ရပြန်လျှင် ဒေါက်တာစောဝင်းက ငယ်စဉ်ကတည်းက စာအလွန်တော်သည်။ လူရည်ချွန် ထပ်ကွမ်းဖြစ်သည်။ အနေအထိုင်လည်း ရိုသားလှသည်။ ကျွန်တော့်ထက်တော့ ကြီးသည်။ တစ်နှစ်တင် မုံရွာက မန္တလေးသို့ အပြန်တွင် ထိုစဉ်က ၈တန်းကျောင်းသား မောင်စောဝင်းနှင့် သူ့ဖခင် ဦးကြီးဦးလှဖေ သူ့မိခင် ကြီးဒေါ် ဒေါ်အုန်းကြည် တို့နှင့် ကျွန်တော်တို့ သားအမိ သားအဖ ၃ယောက်တို့လည်း မီးရထားနှင့် အတူပြန်ကြသည်။

 

 

မုံရွာဘူတာက ရထားထွက်သည်နှင့် ၅တန်းကျောင်းသား ကျွန်တော်က အမေ့ရင်ခွင်တိုးကာ အိပ်ချင်နေ သည်။ ကိုစောဝင်းက ကျွန်တော့ကို ရထားလမ်း တလျှောက် ပတ်ဝန်းကျင်ကို ကြည့်စေချင်သည်။ ဘူတာစဉ်ကိုလည်း မှတ်သားစေချင်သည်။ အပျင်းထူနေသော ကျွန်တော့်ကို စကားတွေ ပြောလိုက် မေးခွန်းတွေ မေးလိုက်နှင့် ခေါင်းထောင်စေ ချင်သည်။ “ကျော်ဆန်းရေ.. မုံရွာ၊ သံဗုဒ္ဓေ၊ ကြေးမုံ ပြီးတော့ အခု ချောင်းဦးနော် မှတ်ထား၊ မုံရွာ သံဗုဒ္ဓေ ကြေးမုံ ချောင်းဦး၊ မှတ်မိပြီလား” ဟု ပြောလိုက် မှတ်ခိုင်းလိုက်နှင့် နတ်ရေကန်၊ အလ္လကပ္ပ၊ မြင်းမူ၊ ညောင်ပင်ဝန်း၊ ရွာသစ်ကြီး၊ ငတရော်၊ ရွာထောင်၊ စစ်ကိုင်း၊ သိမ်တော်၊ အမရပူရဆိပ်ကမ်း၊ အမရပူရ၊ မြို့ဟောင်း၊ ရှမ်းစု၊ မန္တလေး စသည်ဖြင့် ဘူတာကြီးအရောက် ရထားပေါ်က ဆင်းသည်နှင့် မုံရွာ မန္တလေး ရထားလမ်း ဘူတာစဉ်ကို မှတ်မိ အလွတ်ရစေခဲ့သည်။

 

 

ထို့နောက် ၁နှစ်ခန့်အကြာ ဒေါက်တာစောဝင်း၏ သူငယ်ချင်းဖြစ်သူ ဒေါက်တာစိန်မြင့်၏ ဇနီး ဆရာဝန်မလေး လည်း မန္တလေးသို့ ပြောင်းရွှေ့လာသည်။ ထို့ကြောင့် အိမ်မှာ သဘောကောင်းလှသော ဆရာဝန် ၂ယောက်နှင့်မို့ အဘရော အမေရော အဆင်ပြေသည်။ အဘကမှ ခေါင်းကိုက် ဇက်ထိုး ဖြစ်တတ်သေး၏။ အမေက ဘာမှ မဖြစ်၊
အဘမဆုံးမီ တနှစ်ကပင် ဒေါက်တာစိန်မြင့်တို့ ဇနီးမောင်နှံက ရွှေလှံရပ်ထဲက ခြံနှင့် ဝင်းနှင့် လုံးချင်းအိမ်တစ်လုံးသို့ ပြောင်းရွှေ့ သွားကြသည်။ သည့်နောက်ပိုင်း အမေ အနည်းငယ် သရိုးသရီဖြစ်လျှင် အိမ်နီးချင်း ဒေါက်တာမပိုရှိသည်။

 

 

ဒေါက်တာမပို က သင်တန်းတက်သွားချိန် အမေနေထိုင်မကောင်း ဖြစ်တော့ အိမ်ထောင့်မှာ ဂိတ်ထိုးသည့် ဆိုက်ကားဆရာက ဆေးရုံကြီးတောင်ဘက် ၃၁လမ်းက သူ့ အသိဆရာဝန်ဆီ သွားပြပေးသည်။ သည်ကတည်းက အမေက ထိုဆရာဝန်နှင့် အဆင်ပြေနေ၏။ ဆရာကြီးက သဘောကောင်းလိုက်တာ ရီစရာတွေလည်း ပြောတတ်လိုက်တာ၊ သူ့ဆေးကလည်း တစ်ခွက်သောက်ရုံပဲ၊ ဆေးလည်းလိုက်တယ် ဟု ပြောတတ်သည်။ အမေ ဓာတ်ကျသောဆရာဝန်က ဒေါက်တာနည်ဝင်းတဲ့။ စာရေးဆရာ ကြည်ဇော်ဝင်း ပါပဲ။

 

အမေ ဝမ်းလျောစဉ်က
————————

 

ထိုစဉ်ကာလ အမေ့မှာ ကြီးကြီးကျယ်ကျယ် ဖြစ်တာဆိုလို့ တစ်မနက်ခင်းတွင် ဝမ်းတွေလျောသည်။ အတူနေ တူမ ခင်ပွန်းကို လှမ်းခေါ်ပြီး ဆေးရုံပြေးရသည်။ ဆေးရုံ OPT က ကမ်းနား ကူးစက်ဆေးရုံသို့ ညွှန်းသည်။ သည်မှာ လက်မခံ။ ကျွန်တော်ကလည်း ကမ်းနားဂေါဝိန်ထိ မသွားချင်လို့ ကျုံးနဘေး ၂၆ဘီလမ်းပေါ်က အေးသီရိပုဂ္ဂလိကဆေးရုံသို့ သွားသည်။ ထိုဆေးရုံကလည်း လက်မခံ။ သည်တော့ ထိုအနား ၇၅လမ်း ၂၆နှင့် ၂၇လမ်းကြားက ဒေါက်တာကြည်ကြည်စိန်ထံ ဝင်ကာ အကြံတောင်းသည်။ ဒေါက်တာ ကြည်ကြည်စိန် ဆိုသည်က ကျွန်တော့် မိတ်ဆွေ ကြံတိုင်းအောင် ကိုအောင်မင်း၏ မရီးဖြစ်၏။ ကိုအောင်မင်းဇနီး မကြည်ကြည်လင်း၏ အစ်မဖြစ်သည်။

 

ဆရာမဒေါက်တာကြည်ကြည်စိန်က လူမမာအမေ့ကို ကားပေါ်က ချက်ချင်းချခိုင်းပြီး အတူပါလာသည့် ခင်သော်ဇင်နှင့်အတူ သန့်ရှင်းရေးလုပ် ထဘီ အင်္ကျီများလဲ ပေါင်ဒါများဖြူးပြီး သူ့ဆေးခန်းမှာပင် ချက်ချင်း ပုလင်းချိတ်တော့သည်။ ကျွန်တော်တို့ကိုလည်း အိမ်မှာ လုပ်စရာရှိလျှင် ပြန်ကြပါ။ သူစောင့်ပြီး ဆေးသွင်းပေး ပါ့မယ်။ စိတ်မပူပါနှင့်ဟု ပြောသည်။ ကျွန်တော်တို့က စိတ်ပူ၍ မပြန်သည်ကိုပင် စိတ်မပူအောင်ပြောပြီး ပြန်ခိုင်းသည်။ ဟော.. ညနေလည်း ရောက်ရော အမေကို လူကောင်း ပကတိအတိုင်း အိမ်ထိ ပြန်လိုက်ပို့ပေးသည်။

နောက်တော့ ဒေါက်တာစောလှုခိုင် က မန္တလေးမှာ အခြေချတော့ ကျွန်တော်တို့လည်း အိမ်သို့ မနက်တစ်ကြိမ် ညနေ တစ်ကြိမ် ရောက်လာသည့် ဒေါက်တာစောလှခိုင်၏ ကျန်းမာရေး အစောင့်အရှောက်ကို ကံကောင်းစွာ ရရှိခဲ့တော့သည်။

 

 

ဘီလူးမညောင်ပင်နားက ဆရာဝန်
————————————-

ပြောလက်စနှင့် မထူးတော့ပါ။ ကျွန်တော်တို့ မိသားစုအနေနှင့် ဆရာဝန် မိတ်ကောင်း ဆွေကောင်းများနှင့် တွေ့ဆုံခဲ့ရပါသည်။ အနောက် စိုင်ပြွန်ရိပ်သာဝင်းထဲ နေစဉ်က ဘီလူးမညောင်ပင်အနီးက ဆရာဝန်ကြီး ဒေါက်တာသန်းဖေနှင့် ဆုံရသည်။ ဆရာကြီးကလည်း အလွန်သဘောကောင်းကာ ဆေးလည်းစွမ်း၏။ ဆရာက ဆေးခန်းကို သူ့အိမ်မှာပဲ ဖွင့်သည်။ ခြံဝင်းကျယ်ကြီးထဲက သူ့အိမ် ၂ထပ်တိုက်ကြီးကလည်း ဆောက်ပြီးခါစ ဖြစ်သည်။ သူ့ဆေးခန်းက တိုက်ထဲ အဝင်စ ညာဘက်မှာရှိသည်။ လူမမာများက ဆေးခန်းမျက်နှာစာ တိုက်ရှေ့က စက္ကူပန်းရုံကြီးအောက် ကွပ်ပျစ်ပေါ်က စောင့်ကြသည်။ ဆရာကတော်ကလည်း ခံ့ခံ့ညားညား မျက်နှာချို သဘောကောင်းသည်။ ဆရာကတော့ ဆေးခန်းမှာ စွပ်ကျယ်လက်စကကြီးနှင့် ခရုလုံချည် အဖြူခံ အရောင်ရင့် အကွက်ကျဲနှင့် ရိုးရိုးကြိး ဖြစ်သည်။

 

 

ဆေးခန်းထဲဝင်ဖို့ စာရင်းပေးထားသည့် အတိုင်း ဆရာကတော်ကခေါ်သည့် ဆေးခန်းထဲရောက်တော့ ဆရာကြီးက ဆေးပေါလိတ်ကြီးဖွာပြီး လူမမာကို မေးမြန်းကာ လူမမာပြောသမျှကို စိတ်ရှည်လက်ရှည်နားထောင်သည်။ ထို့နောက် ဆေးလိတ်ဖွာရင်း စဉ်းစားဆုံဖြတ်ပြီးတာနှင့် ကိုင်း.. သောက်ဆေးလေးနဲ့ အဆင်ပြေပါတယ်ဗျာ၊ သို့မဟုတ် ဆေးလေး တစ်ချောင်းတော့ ထိုးမှ ဖြစ်မယ်မယ်။ ဒါမှ သောက်ဆေးလေးနဲ့ဆို ပိုအဆင်ပြေမှာ ဟု အေးဆေးသက်သာစွာပြောပြပြီး ဆေးထိုးဖို့ ဆေးပေးဖို့ ပြင်ဆင်သည်။ ဆေးထိုးတော့လည်း ခဏလေး ပါဗျ၊ မနာစေရပါဘူး၊ ပရွက်ဆိတ်ကိုက်သလောက်တောင် မနာစေရပါဘူးဗျ ဟုပြော ဆေးထိုးပေးသည်။ ဆေးထိုး ဆေးပေးပြီး ဆေးဖိုးကန်တော့ရန် မေးတော့လည်း ဘီပီအိုင်ဆေးကောင်းလေးမို့ ၃ကျပ်တော့ ပေးပါဗျာ၊ ကိုင်း နက်ဖြန်လည်း လာစရာမလိုတော့ပါဘူး ဟု ပြုံး၍ ပြောသည်။ နေမကောင်းလို့ လိုက်ပို့သည့် ကျွန်တော်အမေ၏ အသံကိုကြားသည်နှင့် ဆရာကတော်၏ မိခင်ကြီးက တိုက်ထဲ ထိုင်နေရာမှ ထလာကာ ကျွန်တော်ကြိုက်တတ်သည့် ပေါက်ပေါက်လုံးတွေ စက္ကူအိတ်လေးနှင့် ထည့်ကာ လာပေးသည်။ ဆရာကတော်၏ မိခင်ကြီးက ကျွန်တော့် အမေ၏ ဆီဖောက်သည် ဖြစ်သည်။

 

“ပ”စောက် ရယ်၊ “လ” ထောင်ထားတာရယ်။ လှည်းဦးဒေါက်ရယ်
———————————————————————

ကိုင်း… ပြောဖြစ်ဆိုဖြစ် သွားလိုက်တာ ဆရာဝန်တွေ စုံပါပြီ။ ကျွန်တော်က အဘ သံသေတ္တာ ထဲရှိ အမေ့ ပိုက်ဆံအိတ်လေး ထဲက ငွေစက္ကူအထပ်လေးယူပြီး TV ဝယ်ဖို့ စီစဉ်ရတော့၏။ ထိုသို့ ငွေစက္ကူအထပ်လေး ကိုင်ရင်း ကြားဖူးသည့် အကြောင်းအရာ တစ်ခုကို သတိရမိလိုက်သည်။ ရွာက သီးနှံပေါ်ချိန် မြို့တက်ပြီး ပစ္စည်းဝယ်မည့် ဆွမ်းဒကာ၊ ကွမ်းဒကာကြီးများ ကို ရွာဦးဘုန်းကြီးက ဆွမ်းအစ်ကြီးကို ဆွဲယူကာ ကွမ်းတစ်ယာ ယာကာ ပါး စောင်ထဲ ထည့်ပြီးနောက်…

 

 

““အေးလေကွာ၊ ဘာပစ္စည်းဝယ်ဝယ် တံဆိပ်ကြည့်ကွာ။ “ပ”စောက် ရယ်၊ “လ” ထောင်ထားတာရယ်။ လှည်းဦးဒေါက်ရယ် ပါရင် စိတ်ချရပြီးသား ဝယ်သာဝယ်၊ မမှားဘူး”ဟု မိန့်ကြားရင်း ကွမ်းကို ဖွီးခနဲ ထွေးခံထဲ ထွေးလိုက် ၏။ ဤသို့ဖြင့် ဆွမ်းဒကာ ကွမ်းဒကာကြီးသည် ဝယ်သမျှ ပစ္စည်းကို ရွာဦးကျောင်း မိန့်မှာချက်နှင့် တသဝေမတိမ်း စစ်ဆေး ဝယ်သည်။ ဤသို့ဖြင့် တောကြိုအုံကြား မှာလည်း USA တံဆိပ်ပါသည့် မည်သည့် ပစ္စည်း မဆို ကောင်းမှန်း သိကုန်သတဲ့။

 

 

အခုလည်း ၂၆ဘီလမ်းမ ၏ TV ဈေးတန်းမှာ နေရှင်နယ်ကိုပဲ စွဲလမ်းကြသတဲ့။ လေအေးစက်၊ ရေခဲ သေတ္တာများ ဆိုလျှင် နေရှယ်နယ်မှ နေရှယ်နယ်ဖြစ်၏။ ကျွန်တော် TV ဝယ်လျှင်လည်း နေရှယ်နယ်ဖြစ်မှဟုလောက်သာ သိသည်။ ထိုစဉ်က ၂၆ဘီလမ်း၏ လမ်း၈၀နှင့် ၈၁လမ်းကြား။ (ယခင် အယ်လ်ဖင် စတုန်း ဓာတ်ရှင်ရုံနှင့် ကြေးနန်းရုံကြား) နေရာတွင် ခမ်းနားလှသော ဆိုင်ခန်း၊ ဈေးတန်း၊ စတိုးကြီးများက မှိုလိုပေါက်လာ၏။

 

ဆိုနီရှိ၏။ မစ်ဆူဘီရှီ ရှိ၏။ ပင်နာဆိုး နစ်ရှိ၏။
————————————————

၈၁လမ်းနှင့်၈၂လမ်းကြား ၂၆ဘီလမ်း ဝဲယာမှာတော့ ပလက်ဖောင်းပေါ်အထိ TV ထည့်သည့် ဂျပ်ပုံးကြီးတွေ အရွယ်အစား အမျိုးမျိုး အထပ်လိုက်၊ အပုံလိုက် ရှိ၏။ အနီ၊ အစိမ်း၊ အနက် ရောင်စုံ…။ ဆိုနီရှိ၏။ မစ်ဆူဘီရှီ ရှိ၏။ ပင်နာဆိုး နစ်ရှိ၏။ တိုရှီဘာရှိ၏။ ဒေဝူးရှိ၏။ ဂိုးလ်စတားရှိ၏။ အိုင်ဝါရှိ၏။ နေရှင်နယ် ရှိ၏။ ဆန်ညိုရှိ၏။ ဂျေဗီစီ ရှိ၏။ သို့သော် ထိုပစ္စည်းတွေ အကြောင်းလည်းမသိ၊ ဈေးနှုန်းလည်း မသိ။ ကျွန်တော် မဝယ်တတ်၊ အမျိုးအစားတွေလည်း မသိ၊ ဈေးနှုန်းတွေလည်း မသိ။ အခု ကျွန်တော် TV ဝယ်ဖို့ကလည်း ဆရာဝန်ပါမှ ဖြစ်တော့မည်။

Related posts

Leave a Comment

VOM News

FREE
VIEW