မြောင်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုဖြစ်လို့ နှစ်ယောက် သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရ

ဩဂုတ် ၂၀ – ၂၀၂၆
SN (VOM)
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ မနေ့ ဩဂုတ် ၁၉ ရက်၊ ညနေပိုင်းက လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး နှစ်ယောက် သေဆုံးကာ ၁၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြောင်မြို့နယ်၊ လှေတင်ဦးကျေးရွာရှိ စတားလင့်ခ် အင်တာနက်ဆိုင် အနီးဝန်းကျင်မှာ မနေ့ည ၇ နာရီကျော်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တာမှာ လူသေဆုံး၊ ဒဏ်ရာရမှုအပြင် စတားလင့်ခ်ဆိုင်အပါအဝင် အဆောက်အအုံ ခုနစ်လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ည ၇ နာရီလောက်ကနေစပြီး ၁၀ မိနစ်အတွင်း လေယာဉ် သုံးစီးနဲ့ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ဖြစ်တယ်။ နှစ်ယောက် ပွဲချင်းပြီးသေတယ်။ အဲဒီအချိန် အင်တာနက် သုံးနေကြတဲ့လူတွေများတော့ အထိအခိုက်များတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လှေတင်ဦးကျေးရွာဟာ မြောင်မြို့နယ်နဲ့ ၂ မိုင်လောက်သာ ကွာဝေးပြီး မြောင် – ပရိန်လမ်းပိုင်းမှာ တည်ရှိတာဖြစ်ကာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပြီးတဲ့နောက် ဒေသခံအများအပြား ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်နေ့ကလည်း စစ်ကိုင်းတိုင်းအတွင်းရှိ ဆားလင်းကြီးမြို့နယ် (မြောက်ဘက်) က ရေခါးကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သုံးယောက် သေဆုံးကာ ခုနစ်ယောက်ထက်မနည်း ဒဏ်ရာရခဲ့တဲ့အပြင် ဘုန်းကြီးကျောင်းဆောင်တွေနဲ့ လူနေအိမ် ခြောက်လုံး ပျက်စီးခဲ့ပြီး ကျွဲ၊ နွား တိရစ္ဆာန်တွေလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ပင်လည်ဘူးမြို့နယ်မှာလည်း ဩဂုတ် ၁၈ ရက်က မိုင်းတုံကျေးရွာအနီး ရွှေလုပ်ကွက်မှာ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ရှစ်ယောက် သေဆုံးကာ အယောက် ၂၀ ကျော် ဒဏ်ရာရခဲ့ကာ ဩဂုတ် ၁၇ ရက်နေ့ကလည်း အဲဒီမြို့နယ်ထဲက မံစီကျေးရွာရှိ NUG ဆေးရုံနဲ့ လက်ဆည်ကန်၊ မြေသာနဲ့ ‌မြစေတီကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ပင်လည်ဘူးမြို့နယ်မှာပဲ ဩဂုတ် ၁၆ ရက်နေ့ကလည်း ကင်းပန်းကျေးရွာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် လေးယောက် သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရကာ အဆောက်အအုံ ၁၅ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW