ဩဂုတ် ၂၅ ၊ ၂၀၂၆
GG (VOM)
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊အင်ကျင်းပင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ကိုရင်လေးတွေက ဗုံးသီးကိုထုရိုက်ဆော့ကစားရာကနေ ပေါက်ကွဲပြီး ကိုရင်နှစ်ပါးပျံလွန်တော်မူကာ ခြောက်ပါးထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ် ။
ဖြစ်စဥ်က ဩဂုတ် ၂၄ ရက်နေ့ ၊မနက် ၁၀ နာရီကျော်လောက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ကိုရင်လေးတွေဟာ ဆွမ်းခံပြီး ပြန်လာချိန် လမ်းမှာတွေ့တဲ့ ဗုံးသီးကိုယူလာပြီး ကျောင်းအတွင်းမှာ ထုရိုက်ဆော့ကစားရာမှ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
” ဗုံးသီးက ၄၀မမ ဗုံးသီးလို့သိရတယ်။ ကိုရင်လေးတွေက ပညာလည်းသင်ရင်းကျောင်းမှာ ဝတ်နေကြတာ ။ နှစ်ပါးကတော့ နေရာမှာပဲ ပွဲချင်းပြီး ပျံလွန်တော်မူသွားတယ်။ ကျန်တဲ့ခြောက်ပါးကတော့ ဆေးကုသမှုပေးနေတယ်။ ဗုံးသီးတွေနဲ့ပတ်သက်လို့ အသိပညာ ပေးဖို့တွေ လိုအပ်နေတာ ဒီဖြစ်ပျက်တွေက သက်သေပဲ။ ” လို့ စစ်ရှောင်ကူညီနေသူက ပြောပါတယ် ။
ဗုံးပေါက်ကွဲမှုအတွင်း ပျံလွန်တော်မူခဲ့တဲ့ ကိုရင်တွေက အသက် ၁၃ နှစ် နဲ့ ၁၄ နှစ်အရွယ်ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေကတော့ အသက် ၅ နှစ်အရွယ် ကိုရင်နှစ်ပါးနဲ့ အသက် ၁၁ နှစ် ၊ အသက် ၁၂ နှစ် ၊ အသက် ၁၆ နှစ်နဲ့ အသက် ၂၂ နှစ်အရွယ် ကိုရင်တွေ ဖြစ်တယ်လို့ သိရပါတယ် ။
သြဂုတ် ၂၀ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာမှာ စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ အသက် ၅ နှစ်အရွယ်ကလေးအပါအဝင် ကလေးငယ် ၁၀ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ။
တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ နေရာဒေသတွေဘက်က ကျေးရွာတွေမှာ စစ်ကျန်ဗုံးသီး ၊ စစ်ကျန်လက်နက်တွေနဲ့ပတ်သက်ပြီး ဒေသခံပြည်သူတွေကို အသိပညာပေးမှုကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ဖို့ လိုအပ်နေပါတယ် ။
ဓာတ်ပုံ – CJ
