ဩဂုတ် ၂၅ ၊ ၂၀၂၆
GG (VOM)
စင်ကာပူနိုင်ငံ ၊ ဩစတြေးလျ ၊ နယူးဇီလန် နဲ့ ပါပူဝါနယူးဂီနီနိုင်ငံမှာ အလည်ပတ်စ်ပို့ Passport of Visit (PV) အမျိုးအစားကိုင်ထားတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာသံရုံးတွေက စာအုပ်သက်တမ်းတိုး မပေးတော့ဘူးလို့ ထုတ်ပြန်ထားပါတယ်။
ဒါအပြင် Passport for Dependent (PT) ၊ Passport for Education (PE) လက်မှတ်အမျိုးအစား ပြောင်းလိုပါကလည်း သက်တမ်းတိုးခြင်းဆိုင်ရာ လျှောက်လွှာနဲ့ အတူ ပြောင်းလဲလိုတဲ့ Passport အမျိုးအစားကို ကိုယ်ရေးစာနဲ့ တကွ နိုင်ငံကူးလက်မှတ်သက်တမ်း မကုန်မီ ၁၂ လကြိုတင် တင်ပြဖို့လိုပြီး သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရရှိမှသာ အမျိုးအစားပြောင်းလဲပြီး သက်တမ်းတိုးပေးမယ်လို့ ဆိုပါတယ်။
Passport for Job (PJ) သက်တမ်းတိုးခြင်းနဲ့ တခြားနိုင်ငံကူးလက်မှတ်အမျိုးအစားမှ PJ အမျိုးအစားကို ပြောင်းလဲကိုင်ထားသူတွေအနေနဲ့လည်း နိုင်ငံကူးလက်မှတ်သက်တမ်း ၆ လ ကျန်သူတွေသာ သက်တမ်းတိုး လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
” ဩဇီသံရုံးကို မေးထားတာတော့ PV ကိုသက်တမ်းတိုးမပေးတော့ဘူးသိရတယ်။ PJ passport ကိုင်ထားတဲ့သူတွေ PJ to PJ သက်တမ်းတိုးမှာဆိုရင် ၆လအောက်မှ သက်တမ်းတိုးလျှောက်လို့ရပါမယ်။ ဩဇီသံရုံးမှာတင် လုပ်ပေးတာဖြစ်လို့ ၆ လအထက်ဆို မလုပ်ပေးပါဘူး။ ကြိုမပို့ပါနဲ့လို့ပြောပါတယ် ။ Passport သက်တမ်းတိုးဖို့ တတခြားအရေးကြီးအကြောင်းအရာတွေရှိရင်တော့ သံရုံးကိုသေချာဖုန်းဆက်မေးမှ ရမယ်ထင်ပါတယ်။PJ to PT/PE ချိန်းမယ့်သူတွေကတော့ မြန်မာနိုင်ငံက ခွင့်ပြုချက်တောင်းခံရမှာဖြစ်လို့ အဲဒီလိုချိန်းမယ့်သူတွေကတော့ သက်တမ်းတနှစ်အောက်ဆိုရပါတယ်ပြောတယ်။ ” လို့ ဩဇီရောက် မြန်မာနိုင်ငံသားက ပြောပါတယ်။
အလားတူ စင်ကာပူရောက် မြန်မာနိုင်သားတွေအနေနဲ့လည်း ဒီနေ့ ဩဂုတ် ၂၅ ရက်ကစပြီး PV စာအုပ်သက်တမ်းခြင်းနဲ့ပတ်သက်ပြီး သံရုံးရဲ့ Email ကို PDF စာဖိုင်နဲ့ ပေးပို့လျှောက်ထားဖို့ သံရုံးက ပြန်လည်ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
ဒါအပြင် အရင်ရက်က သံရုဲးရဲ့ What app ကမှတဆင့် PV စာအုပ်သက်တမ်းတိုးဖို့ လျှောက်ထားပြီး ရက်ချိန်းရထားသူတွေကိုလည်းစာအုပ်သက်တမ်းတိုးမပေးတော့ဘဲ Email ကနေသာ ထပ်မံလျှောက်ထားဖို့ ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
” အရင်ကဆိုရင် ပတ်စ်ပို့သက်တမ်းတိုးတာ ၊ ပြောင်းတာတွေကို သံရုံး What app ကနေ အပွိုင့်မန့်တင်လို့မရတော့ဘူး ။ Email ကနေ PDF ဖိုင်နဲ့အပွိုင့်မန့်လျှောက်ရမှာဖြစ်သွားတယ် ။ အခုက အရင် What App ကနေအပွိုင့်မန့်ရထားလို့ ဒီနေ့စာအုပ်သက်တမ်းတိုးလာသူတွေကိုလည်း Email ကနေ ပြန်တင်ခိုင်းပါတယ်။ PV ကိုင်ပြီး အလုပ်လာလုပ်သူတွေထဲမှာ အိမ်အကူတွေလည်းပါတယ်ဆိုတော့ တချို့က email မသုံးတတ်ဘူး ။ရှိလည်းမရှိကြဘူး ။ Email ကတင်ခိုင်းပေမယ့် ဘယ်တော့ပြန်ချပေးမယ်ဆိုတာလည်း မပြောဘူး ။
အရင် What app နဲ့တင်ထားသူတွေထဲတောင် စာမပြန်အကြောင်းမကြားသူတွေအများကြီး ရှိထားတယ်။ ” လို့ စင်္ကာပူရောက် မြန်မာနိုင်ငံသားက ပြောပါတယ်။
စင်ကာပူမှာရောက်နေတဲ့ PV ကိုင်ထားသူတွေကို သက်တမ်းတိုးပေးမှု စနစ် ပြောင်းလိုက်သလို သက်တမ်းတိုးခွင့်ရရှိဖို့ အချိန်ကြာတဲ့အတွက် စာအုပ်သက်တမ်းကုန်ဆုံးခါနီးသူတွေက သက်တမ်းတိုးမရဘဲ ပြည်ပမှာ ဒုက္ခရောက်မှာကို စိုးရိမ်နေကြပါတယ်။
စင်ကာပူရောက်နေတဲ့မြန်မာနိုင်ငံသားတွေထဲက PV ကိုင်ထားသူတွေကို Email ကနေ ပြောင်းလဲလျှောက်ထားဖို့ သတ်မှတ်လိုက်တာနဲ့ပတ်သက်ပြီး သံရုံးဘက်ကတော့ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ထိုင်းရောက်မြန်မာတွေကိုလည်း ဩဂုတ် ၁၉ ရက်ကစပြီး PV အမျိုးအစားကို စာအုပ်သက်တမ်းတိုးခြင်း ၊ PV အမျိုးအစားကနေ တခြား Passport အမျိုးအစားကိုပြောင်းခြင်း ၊စာအုပ်အသစ်လဲလှယ်ခြင်းကို သံရုံးက ပြုလုပ်မပေးတော့ဘဲ နေပြည်တော်က ခွင့်ပြုမိန့်ကျမှသာ သံရုံးက ပြုလုပ်ပေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
