မြောက်ပိုင်းလမ်းပေါ်က ခရီးသွား

CM(VOM)
ရှမ်းမြောက်ဒေသက မြို့တော်တော်များများမှာ ပြီးခဲ့တဲ့နှစ်တွေက တိုက်ပွဲ တွေကြောင့် ထိခိုက်မှုတွေ ရှိခဲ့ပေမယ့် ကျွန်မတို့မြို့လေးကတော့ စစ်ဘေး ဒဏ်ကနေ လွတ်ခဲ့တာကြောင့် မိတ်ဆွေ၊ သူငယ်ချင်းတွေလို တခြားမြို့တွေ ကို စစ်ရှောင်စရာ မလိုခဲ့ပါဘူး။
တိုက်ပွဲတွေနဲ့ နယ်မြေမငြိမ်းချမ်းမှုတွေကြောင့် ကျွန်မလည်း တော်ရုံ အကြောင်း ကိစ္စ မရှိဘဲ ခရီးမထွက်ဖြစ်ပါဘူး။ အခုတော့ အကြောင်း တိုက်ဆိုင်လို့ ရှမ်းမြောက်ကနေ မန္တလေးကို ခရီးနှင်ခဲ့ရပါတယ်။
စစ်ပွဲတွေဖြစ်ပြီးနောက် အဓိက ပြောင်းလဲသွားတာကတော့ လမ်းပန်းဆက် သွယ်ရေးနဲ့ အထူးသဖြင့် ကားခဈေးတွေပါပဲ။ အရင်ထက်ကို သိန်းနဲ့ချီပြီး ကားခဈေးတွေ တက်သွားတာပါပဲ။ တော်ရုံတန်ရုံနဲ့တော့ ခရီးတခါသွားဖို့ မလွယ်တော့ပါဘူး။
မိုင် ၂၆၀ ကျော် ကွာဝေးတဲ့ ရှမ်းမြောက် တန့်ယန်းမြို့ကနေ မန္တလေးကိုသွားဖို့ အတွက် ခရီးသည်တင်ကားလေး ရှေ့ခန်းတစ်ယောက်စာ နှစ်သိန်းခွဲပေးပြီး မနက် ၆ နာရီခွဲလောက်က ခရီးစထွက်ခဲ့တယ်။ တန့်ယန်း-လားရှိုးသွား မြို့ အထွက် စစ်ဆေးရေးဂိတ်မှာ ရှမ်းမြောက်စစ်ပွဲတွေ ပြင်းထန်တုန်းက ထိုင်နေ ကျ အစိုးရတပ်စစ်သားတွေနဲ့ ပြည်သူ့စစ်တွေ မရှိတော့ဘဲ ရဲနဲ့ ယာဉ်ထိန်းရဲ တချို့ကိုပဲ တွေ့ရတော့တယ်။
ကားဆရာက ပါလာတဲ့ ခရီးသည်သုံးယောက်ရဲ့ မှတ်ပုံတင်တွေတောင်းပြီး အဲ့ဂိတ်မှာ သွားပြရတယ်။ ကြာနေလို့ ဘာဖြစ်လို့ပါလိမ့်လို့ တွေးနေတုန်း ကားပေါ်ပြန်တက်လာတဲ့ ကားသမားပြောတာက
“PSMS နဲ့ စစ်နေတာထင် တယ်။ စာတလုံးချင်း ရိုက်နေတာ အကြာကြီးပဲ။ အဲ့အပြင် စာအုပ်ထဲမှာပါ စာရင်းတွေ ထပ်မှတ်သေးတယ်။ အဲ့ဒါကြောင့် ကြာ နေတာ” တဲ့။
ဒါနဲ့ ဆက်ထွက်လာတော့ ခုနှစ်မိုင်ဘုရားနားမှာ အရင်က ကားတားပြီး စစ်ဆေးတဲ့ စစ်တပ်ဂိတ် မရှိတော့ဘူး။ နောက် မန်ကတ်ရွာနားရောက်တော့ မန်ကတ်က စစ်တပ်စစ်ဆေးရေးဂိတ်လည်း မရှိတော့ဘူး။
တန့်ယန်းမြို့နယ် အပိုင်းဘက်မှာ ၁၀၂၇ တုန်းက ရောက်လာတဲ့ UWSA (ဝတပ်) ဂိတ်နှစ်ဂိတ်လောက်ပဲ ရှိတယ်။ (ဝတပ်) ဂိတ်တွေက အစစ်ဆေး အမေးအမြန်းမရှိ ဒီအတိုင်း လွတ်လွတ်လပ်လပ် သွားရုံပဲ။
လွယ်ပန်တောင် ဆင်းလာပြီး ဟိုယနဲ့ မိုင်းရယ် လမ်းခွဲမှာတော့ စစ်တပ်ဂိတ် တခုရှိတယ်။ ဒါလည်း စစ်ဆေးတာ မတွေ့ရဘူး။ ကုန်မပါလို့လားတော့ မသိပါဘူး။
စစ်တပ်ဂိတ် နည်းနည်းကျော်တော့ ဟိုယအဝင်နား ရောက်တာနဲ့ MNDAA တပ်တွေ စိုးမိုးတဲ့နယ်မြေ ဖြစ်နေပြန်ရော။ တန့်ယန်း-လားရှိုးလမ်းပိုင်းက ဟိုယ၊ လွယ်ငင်း၊ နမ့်ပေါင်၊ မန်ပျဉ်နဲ့ သီပေါ-လားရှိုးလမ်းပိုင်းက မယ်ဟန်၊ နောင်မွန်၊ စဉ့်အင်၊ ကုန်းသာ၊ ဆွတ်လန်း စတဲ့ ရွာတွေကနေ သီပေါတံတားနား ရောက်ခါနီးအထိ MNDAA စိုးမိုးတယ်လို့ သိရတယ်။
၁၀၂၇ တိုက်ပွဲကတည်းက ပြန်မဆုတ်တော့တဲ့ ကိုးကန့်ဂိတ်တွေလို့လည်း ခရီးသွားတချို့က ပြောပါတယ်။
ကားက လားရှိုး-တန့်ယန်းလမ်းခွဲနား ရောက်တော့ လားရှိုး-သီပေါသွား လမ်းမ ကြီးပေါ် ပြန်တက်ပြီး သီပေါဘက် ပြန်ထွက်ခဲ့တယ်။ စဉ့်အင်တံတားမှာ MNDAA တွေ ဂိတ်ထိုင်နေတာ တွေ့ရတယ်။
သီပေါတံတားနား မရောက်ခင် အတော်လှမ်းလှမ်းမှာ ကားရပ်ရတယ်။ မရပ်လို့လည်း မရတော့ဘူး။ ရှေ့မှာ ကားတွေရော လူတွေရော ကြပ်ညှပ်လို့။
ဇန်နဝါရီလ တခေါက်လာတုန်းကတော့ မြစ်ဆိပ်ကနေ လှေစီးဖြတ်ခဲ့ရတာ။ အခုတခါကျတော့ သီပေါတံတားပေါ် လမ်းလျှောက် ဖြတ်ရမှာဆိုတော့ တံတားဘက် ကားရပ်လို့ရတဲ့နေရာအထိ ကားသမားက ရပ်ပေးတယ်။
ကားသမားတွေက မန္တလေးကလာတဲ့ ခရီးသည်နဲ့ တန့်ယန်းကသွားတဲ့ ခရီးသည်တွေကို သီပေါတံတား ဟိုဘက်ကမ်း ဒီဘက်ကမ်းမှာ သူတို့ချင်း ချိတ်ပြီး ကားချိန်းပေးကြတယ်။
ခရီးသည်တွေ ပါလာတဲ့ပစ္စည်းတွေကို အထမ်းသမားငှားပြီး သယ်ပေးကြ တယ်။ အထမ်းသမားခတွေကိုတော့ သက်ဆိုင်ရာ ကားသမားတွေက ရှင်း ပေးကြတယ်။
ခရီးသည်က မရှင်းရဘူး။ တချို့ခရီးသည်တွေကျတော့ အထမ်းသမားတွေကို သနားလို့ဆိုပြီး ဘောက်ဆူးသဘောမျိုး သပ်သပ်ထပ်ပေးတဲ့သူတွေလည်း ရှိတယ်။ အဲ့လမ်းတလျှောက်လုံး ကားတွေရော လူတွေရော ဈေးဆိုင်တွေ ရော စည်ကားနေတာပဲ။
အရင်တခါက လှေနဲ့ကူးရတော့ စက်လှေမှောက်မယ့် အန္တရာယ်စိုးရိမ်ရတယ် ဆိုပေမယ့် ဒီဘက်ကမ်း ကားရပ်တာနဲ့ လှေပေါ်တန်းတက်ရပြီး ဟိုဘက်ကမ်း ရောက်ရင်လည်း လာကြိုတဲ့ ချိန်းကားပေါ် တန်းတက်လိုက်ရတာဆိုတော့ လူတွေ သွားလာရ သက်သာသေးတယ်။
အခုတခါကျတော့ တံတားနဲ့ ခပ်လှမ်းလှမ်းကနေ လမ်းဆင်းလျှောက်ရတာ အဝေးကြီး၊ ကားသမားနဲ့ ချိတ်ဆက်ပြီး ပစ္စည်းသယ်ကြမယ့်လူတွေ ဆိုတာက လည်း အများကြီးပဲ။
ကိုယ့်ပစ္စည်းပျောက်မှာ စိုးရိမ်ရတာက တမျိုး၊ နေပူပူ မိုးရွာရွာ အဆောင်းမပါ ဘာမပါနဲ့ တံတားပေါ်က ဖြတ်လျှောက်ရမယ့်အရေး တွေးပြီး ကြိုမောနေရတာပေါ့။
အဲ့အချိန်က နေတော်တော်ပူတယ်။ ဘေးလွယ်အိတ်လွယ်ပြီး ကိုယ့်အထုပ် သယ်တဲ့လူ နောက်အမှီလိုက်ရင်း လျှောက်လာရတယ်။
တနေရာရောက်တော့ ကိုယ့်အသိ တန့်ယန်းသားတယောက်ကို မြင်တော့ ကိုယ်က စနောက်ချင်လို့ သူ့ကို ဓာတ်ပုံလှမ်းရိုက်လိုက်မိတယ်။
အဲ့အချိန်မှာ အထမ်းသမား အတော်များများက “ဟေ့ ဓာတ်ပုံမရိုက်နဲ့၊ မရိုက်နဲ့၊ ဒီမှာရိုက်လို့မရဘူး” ဆိုပြီး ဝိုင်းအော်ကြလို့ လန့်ခဲ့ရသေး။
တံတားနဲ့ ကိုက်တစ်ရာအကွာလောက် ကျတော့ အစိုးရစစ်တပ်က စစ်သားတွေကို တွေ့ရတယ်။ တံတားပေါ်ရောက်တော့ အဝင်ပေါက်ကနေ တန်းစီပြီး ဝင်ကြရတယ်။ အထမ်းသမားတွေရဲ့ အထုပ်တွေကို သူတို့က စစ်ဆေးတယ်။
“ဟေ့ကောင် အဲ့အထုပ် မစစ်ရသေးဘူး”
“ဆရာ ခုနက စစ်ပြီးပါပြီဗျ”
“ဟေ့ကောင် လျှာမရှည်နဲ့ အောက်ကိုပြန်ချဆိုရင် ချလိုက်”
အထမ်းသမားက အထုပ်တွေ ပြန်ချနေတဲ့အချိန် သူတို့ကို ကျော်တက်လာခဲ့တယ်။
ဘာတွေဆက်ဖြစ်မလဲ မသိတော့ဘူး။
တံတားပေါ်လည်း ရောက်ရော အိတ်ထဲက ဖုန်းမြည်လာလို့ ထုတ်ကိုင်မယ်လုပ်တော့ ဘေးကလူတွေက “ဖုန်းမဆက်နဲ့၊ မထုတ်နဲ့၊ တော်ကြာ ဟိုက လှမ်းပစ်လိမ့်မယ်” လို့ သတိပေးတာနဲ့ ကိုယ့်မှာ ကြောက်ကြောက်နဲ့ ပြန်ထည့်ထားလိုက်ရတယ်။
တံတားဟိုဘက်ကမ်း ရောက်တော့ ဘယ်ဘက်က လမ်းကြားကနေ ဆင်းရတယ်။ ခရီးသည်လာချိန်းတဲ့ မန္တလေးကားက သီပေါသစ်တောရုံးနား မရောက်ခင်နားမှာ ရပ်ထားတယ်။
သီပေါမြို့ဟောင်းဘက် ဘုန်းကြီးကျောင်းနားကနေစပြီး တံတားဟိုဘက် သစ်တောရုံးမရောက်ခင် နေရာနားအထိ သုံးဖာလုံလောက် လမ်းဆင်း လျှောက် ရတာ နေပူပူထဲ အဆင်မပြေလှဘူး။ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာ ရေးမကောင်းသူတွေအနေနဲ့ ဘယ်လိုဖြတ်ကြမလဲဆိုတာ တွေးကြည့် မိတော့ စိတ်မကောင်းမိတာတော့ အမှန်ပဲ။
ဒါနဲ့ သီပေါကနေ မန္တလေးဘက်ကို ချိန်းကားနဲ့ ဆက်ထွက်လာခဲ့တယ်။ သီပေါတိုးဂိတ်နားမှာ စစ်ဆေးရေးတွေ မရှိဘူးဆိုပေမယ့် ဘေးမှာခုံနဲ့ ထိုင်စောင့်နေတဲ့နား ဆင်းပြီး ကားသမားက စာရင်းသွားပေးရတယ်။
ကျောက်မဲရောက်တော့ မီးလောင်ထားတဲ့ အမိုးပွင့် တိုးဂိတ်ကို တွေ့ရတယ်။ ကားသမား စာရင်းဆင်းပေးရတယ်။ ပြီးတော့ နောင်ချိုကိုရောက်တယ်။ နောင်ချိုတိုးဂိတ်မှာ ကားသမားက စာရင်းဆင်းပေးရပြန်တယ်။
နောင်ချို၊ အုမ္မတီး၊ အုမ္မခါး၊ လမ်းခွဲ၊ ရေဝင် လမ်းတစ်လျှောက်က စစ်ပွဲတုန်းက ပျက်စီးခဲ့ရတဲ့ တချို့အိမ်တွေ လူပြန်မနေကြသေးတာ တွေ့ရတယ်။ တချို့အိမ်တွေကလည်း ကျည်ဆံပေါက်ရာတွေနဲ့ အတိုင်းနေနေကြတာပဲ။ စစ်ပွဲတုန်းက ရွာလုံးကျွတ်နီးပါး ပျက်စီးထိခိုက်သွားကြရတာကိုး။
စစ်ဖြစ်တုန်းက ပျက်စီးဆုံးရှုံးကြရတဲ့ ရှမ်းမြောက်ပြည်သူတွေ နလန်ထူဖို့ တော်တော်ရုန်းကန်ကြရဟန်တူတယ်။ လမ်းတလျှောက်လုံး အရင်လို လူသိပ်မစည်တော့ဘဲ ခြောက်ကပ်ကပ် ဖြစ်နေတာတွေ့ရတယ်။
ဒါနဲ့ ဘန့်ဘွေးတိုးဂိတ် ရောက်တယ်။ စစ်ဆေးရေးတွေ မတွေ့ရဘူး။ တလမ်းလုံး အစစ်ဆေး အမေးအမြန်းမရှိ အေးဆေးခဲ့သလောက် ဝက်ဝံစစ်ဆေးရေး ဂိတ်နား ရောက်မှ ရင်ပြန်မောရပြန်တယ်။ တအိအိနဲ့ သွားနေရတဲ့ ကားတန်း ရှည်ကြီးကို နှစ်နာရီနီးပါးလောက် စောင့်ပြီး ဖြတ်လာရတာ။
အရင် X-ray စက်နဲ့ စစ်တဲ့နေရာနားမှာ လူတန်းလေးငါးတန်းလောက် တန်းစီ ပြီး မှတ်ပုံတင်ပြ၊ မျက်နှာ စကန်ဖတ်ခံရတယ်။ ကိုယ့်အလှည့်ပြီးတာနဲ့ လူသွား လမ်းကနေ လျှောက်ရတယ်။ လျှောက်လမ်းက CCTV ရှေ့မှာ တခါရပ်ရပြန် တယ်။
အရင်တခါလာတုန်းက အဲ့လိုတွေ အစစ်ဆေးမခံရတော့ မသိဘဲ CCTV ကို ကျော်သွားမိတယ်။ CCTV ရှေ့ မရပ်ရကောင်းလားဆိုပြီး အဲ့နားက ရဲတယောက်က ဟောက်လို့ ပြန်လှည့်ရပ်ခဲ့ရသေးတယ်။ အဲ့ဂိတ်ကို ကျော်သွားမှ ဟင်းခနဲ သက်ပြင်းမောကြီး ချမိလိုက်တယ်။
ဘာပြစ်မှုမှ မလုပ်ထားပေမယ့် ၁၃/ ကိုင်ထားသူတယောက်အနေနဲ့ ဒီရှမ်း မြောက်လမ်းပေါ်ရောက်ရင် ဘာကိုကြောက်လို့ ကြောက်မှန်းမသိ၊ ဘယ်သူ့ကို ကြောက်လို့ ကြောက်မှန်းမသိတဲ့ စိုးရိမ်စိတ်တွေက အပြည့်။
ဒါတောင် စစ်ဆေးရေးဂိတ် အတော်များများက စစ်ဆေးတာတွေ အတော် နည်း သွားလို့။
မန္တလေး (၁၆) မိုင်ကျရင် ဘာဖြစ်ဦးမလဲလို့ တွေးရင်း ခရီးဆက်လာလိုက်တာ တကယ်တမ်း အဲ့ဂိတ်ကိုရောက်တော့ အစစ်အဆေးမရှိ ချောချောမောမောပါ ပဲ။ ဒါနဲ့ မိုးမချုပ်ခင် မန္တလေးကိုရောက်ခဲ့တော့တယ်။
ရှမ်းမြောက်သူဖြစ်တဲ့ ကိုယ့်မှာ ခရီးတခါထွက်ဖို့အရေး မနည်းကြီး စဉ်းစား နေရတယ်။ အရင်တုန်းကဆိုရင် ဒီလမ်းတစ်လျှောက်လုံးပါ်မှာ တယောက် တည်း ကားတစီးနဲ့ စိတ်လွတ်ကိုယ်လွတ် ပတ်သွားခဲ့ဖူးပေမယ့် အခုဆိုရင် မသွားမဖြစ် သွားရမယ့် ခရီးအနေနဲ့တောင် မသွားလာချင်တော့လောက် အောင်ပါပဲ။
ဒီလမ်းခရီးပေါ်မှာ ကားသမားလည်း ကားသမားအလျောက်၊ ကုန်သည်လည်း ကုန်သည်တွေအလျောက်၊ ခရီးသည်တွေလည်း ခရီးသည်တွေအလျောက် အသီးသီး စိတ်ပန်းကိုယ်ပန်းနဲ့ ဖြတ်သန်းသွားလာနေကြရတာပါလားလို့ တွေး တောရင် အမြန်ဆုံး အေးချမ်းမယ့်အချိန် ရောက်ပါစေလို့သာ ဆုတောင်းနေမိပါတော့တယ်။

Related posts

Leave a Comment

VOM News

FREE
VIEW