စက်တင်ဘာ ၁၆ – ၂၀၂၆
SS (VOM)
မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၆၂ ယောက်ကို မနက်ဖြန် စက်တင်ဘာ ၁၇ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ခေါ်ဆောင်မယ်လို့ ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးက အသိပေးထားပါတယ်။
မြန်မာ့လေကြောင်း အမှတ်စဉ် 8M-502 နဲ့ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်း Kemenyan Camp နဲ့ Beranang Camp တို့ကနေ ပြန်ပို့မယ်လို့ သိရပါတယ်။
“တရားမဝင် နေထိုင်မှုတွေ၊ ပြီးတော့ တခြား လူဝင်မှုကြီးကြပ်ရေးနဲ့ သက်ဆိုင်တဲ့ စည်းကမ်းချက်တွေကို ချိုးဖောက်တဲ့အတွက် ပြစ်ဒဏ်တွေ ကျခံပြီးချိန်မှာ ထိန်းသိမ်းရေးစခန်းတွေကို ရောက်သွားတဲ့ သူတွေပါ။ မြန်မာနိုင်ငံကိုပြန်ဖို့ အခက်အခဲတွေ ရှိနေတဲ့အတွက် နှစ်နိုင်ငံညှိနှိုင်းမှုနဲ့ စိစစ်ပြီး ပြန်ခေါ်နေတာ။ မြန်မာနိုင်ငံသား အထောက်အထား ပြည့်စုံတဲ့သူတွေကို မြန်မာသံရုံးအစီအစဉ်နဲ့ နေရပ် ပြန်ပို့နေတာပါ” လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
တရားဝင် စာရွက်စာတမ်းမရှိဘဲ အထောက်အထားမဲ့ နေထိုင်သူတွေ၊ အလုပ်သမားပါမစ် (Work Permit) မရှိဘဲ တရားမဝင် အလုပ်လုပ်ကိုင်နေသူတွေ၊ ဗီဇာသက်တမ်း ကုန်ဆုံးပြီး ဆက်လက် နေထိုင်နေသူတွေဟာ မလေးရှား အာဏာပိုင်တွေရဲ့ ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုတွေမှာ ဖမ်းဆီးခံခဲ့ရတာလို့ သူက ပြောပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်မယ့် သူတွေရဲ့ အမည်စာရင်းတွေကို သက်ဆိုင်ရာ မိသားစုဝင်တွေ သိရှိနိုင်ဖို့အတွက် ကွာလာလမ်ပူ မြန်မာသံရုံးက နာမည်တကွ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
ဒါအပြင် ထိန်းသိမ်းရေးစခန်းတွေမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ကိစ္စနဲ့ပတ်သက်လို့ တာဝန်ရှိသူ မဟုတ်သူတွေက မိသားစုဝင်တွေဆီကနေ ငွေကြေးလိမ်လည် တောင်းခံတာတွေ ရှိနေတဲ့အတွက် သတိထားကြဖို့ကိုလည်း သံရုံးက အသိပေးထားပါတယ်။
မြန်မာအစိုးရအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကလည်း မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်း Tanah Merah Camp မှ မြန်မာနိုင်ငံသား ၇၅ ယောက်ကို 8M-502 နဲ့ ပြန်လည် ခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံမှာ ပြစ်ဒဏ်ကျခံရပြီးနောက် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရသူတွေကို မြန်မာအစိုးရအနေနဲ့ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်က ပထမဆုံးအကြိမ်အဖြစ် မြန်မာ့တပ်မတော် ရေယာဉ်တွေနဲ့ ပြန်လည် ခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Photo – CJ (ပုံဟောင်း)
