အောက်တိုဘာ ၁ ၊ ၂၀၂၆
CC (VOM)
ပဲခူးတိုင်း ၊ တောင်ငူမြို့၊ အမှတ် ၁၀ ရပ်ကွက် ၊အုတ်ကျွတ်တန်း ၊ ၁၀ လမ်းမှာ သားအရင်းက အမေဖြစ်သူကို ဓားမနဲ့ ခုတ်သတ်မှု ဖြစ်ခဲ့ပြီး သားဖြစ်သူကို လက်ရှိ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရ ပါတယ်။
မနေ့က စက်တင်ဘာ ၃ဝ ရက်နေ့၊ မနက်ပိုင်းမှာ ဖခင်ဖြစ်သူက အပြင်သွားနေချိန် နေအိမ်မှာကျန်ခဲ့တဲ့ အသက် ၄၉ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ် ငြိမ်းငြိမ်းစံကို အသက် ၂၂ နှစ်အရွယ်သားက ဓားမနဲ့ခုတ်သတ်ခဲ့တာဖြစ်ပါတယ်။
” မနေ့က မနက် ၅ နာရီလောက်မှာ ဖြစ်တာပါ။ အဖေက အပြင်သွားတယ်။ အဲဒီအချိန်သားဖြစ်သူက ဆေးကြောင်ပြီး အမေကိုခုတ်သတ်လိုက်တာလို့ သိရတယ်။ မျက်နာတွေ ၊ လက်တွေ ၊ ခေါင်းမှာ ဓားဒဏ်ရာတွေ အများကြီးပဲ။ ဆေးရုံကိုပို့လိုက်ပေမယ့် ရတဲ့ဒဏ်ရာတွေကများတော့ ဆုံးသွားတယ်။ ” လို့ တောင်ငူမြို့ခံက ပြောပါတယ်။
လက်ရှိမှာ လူသတ်မှုကျူးလွန်တဲ့ သားဖြစ်သူ ဟန်ထူးအောင်ကို တောင်ငူမြို့မ ရဲစခန်းက ဖမ်းဆီးထားပြီး ရာဇသတ်ကြီး ဥပေဒ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၄ ရက်ကလည်း.နေပြည်တော်၊ ပျဥ်းမနားမြို့၊ ပေါစံခေါကျေးရွာမှာ ဖခင်ဖြစ်သူက ဇနီးနဲ့ သမီးကို ဓားနဲ့ခုတ်သတ်မှု ရှိခဲ့ပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊အီနိုင်းကျေး ရွာ ၆ အုပ်စုမှာ ဆေးကြောင်နေတဲ့ သားအရင်းက မိခင်ဖြစ်သူကို ဓားနဲ့ခုတ်သတ်မှု ဖြစ်ခဲ့ပါတယ်။
ဓာတ်ပုံ – CJ
