ကြက်သွန်နီစျေး လက်ကား​ဈေးတပိဿာ နှစ်​သောင်းအထိတက်လာ

နိုဝင်ဘာ ၁၂ ၊ ၂၀၂၆
GG (VOM)
ပြည်တွင်းကြက်သွန်နီစျေးက ဒီရက်ပိုင်းအတွင်း လက်ကားစျေး တပိဿာကို နှစ်​သောင်းကျပ်အထိ အဆမတန် မြင့်တက်လာပါတယ်။
ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင် လက်ကားစျေး တပိဿာ နှစ်​သောင်းကျပ်ဖြစ်လာတာကြောင့် လက်လီစျေးကွက်မှာ အချောအသန့်ရှယ်ကြက်သွန်က ၂၀၀၀၀ ကျပ်အထက်အထိ စျေးရှိနေပါတယ်။
ခုလို ကြက်သွန်နီစျေး အဆမတန်မြင့်တက်လာတဲ့အတွက် စားသောက်ဆိုင်တွေ ၊ မုန့်ဟင်းခါး ၊ အကြော်ဆိုင် စတဲ့ ကြက်သွန်နီအသုံးပြုရတဲ့ အစားအစာဆိုင်တွေမှာ ကြက်သွန်သုံးစွဲတာ လျှော့ချလာသလို ပြည်သူအများစုကလည်း ချွေတာသုံးစွဲ လာကြပါတယ်။
” မုန့်ဟင်းခါးထဲမှာ ကြက်သွန်နီက အဖြစ်လောက်ပဲ ထည့်နိုင်တော့တယ်။ ကြက်သွန်အစား ငှက်ပျောအူ ၊ ပိန်းရိုးကို အစားထိုးထည့်နေရတယ်။ မုန့်ဟင်းခါးဆိုက် ဥတောင် ၁၅၀၀၀ ကျော်နေပြီ။ ” လို့ မုန့်ဟင်းခါး ရောင်းချသူ တယောက်က ဆိုပါတယ်။
ရန်ကုန်ဘုရင့်နောင်မှာ ဒီကနေ့ ကြက်သွန်ကားအစီးရေ ၁၃ စီးဝင်ရောက်ပြီး တောင်သာကြက်သွန်ကတပိဿာကို ၁၀၀၀၀ မှ ၁၈၀၀၀ ကျပ် ၊ မြင်းခြံကြက်သွန်က ၁၄၅၀၀ မှ ၂ ၀၀၀၀ ကျပ် ၊ မုံရွာနဲ့ဆိပ်ဖြူက ၁၃၀၀၀ မှ ၁၉၀၀၀ ကျပ်စျေးဖွင့်ထားပါတယ်။
နိုဝင်ဘာ ၉ ရက်နေ့ကဆိုရင် တောင်သာကြက်သွန်ကတပိဿာကို ၈၀၀၀ မှ ၁၃၀၀၀ ကျပ် ၊ မြင်းခြံကြက်သွန်က ၁၀၀၀၀ မှ ၁၄၅၀၀ ကျပ် ၊ ဆိပ်ဖြူက ၉၅၀၀ မှ ၁၄၀၀၀ ကျပ်သာစျေးရှိခဲ့ပါတယ်။
ကြက်သွန်နီစျေးတက်ပေမယ့် ရန်ကုန်ဘုရင့်နောင် ၊ မြင်းခြံကုန်စည်ဒိုင် ၊ ပခုက္ကူကုန်စည်ဒိုင်တွေမှာတော့ ဝင်သမျှကြက်သွန်အကုန်ပြတ်ပြီး အရောင်းအဝယ်သွက်ပါတယ်။
ပြည်တွင်းမှာ နွေကြက်သွန်လက်ကျန် နည်းလာပြီး မိုးကြက်သွန်အသစ်တွေ စျေးကွက်အတွင်း ဝင်ရောက်မှု အလွန်နည်းခြင်း ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားကောင်းတဲ့အတွက် စျေးနူန်း စံချိန်တင်မြင့်တက်လာတာ ဖြစ်ပါတယ်။
“လက်ကျန်က တော်တော်နည်းနေပြီ ။ပခုက္ကူမှာ ဒီနေ့ဆိုကုန်ချိန်တထောင်ကျော်ပဲဝင်တယ်။ မြင်းခြံကတော့ အဝင်တသောင်းလောက်ရှိနေသေးတယ်။တရုတ်ကြက်သွန်ကဝင်ပေမယ့် သိပ်မသုံးကြဘူး။စျေးကတော့ တခါမှမကြားဘူးတဲ့စျေးတွေဖြစ်နေတယ် ။ ” လို့ ကြက်သွန်ကုန်သည်တယောက်က ပြောပါတယ်။
ကြက်သွန်နီစျေးဟာ ပြီးခဲတဲ့ မေလနောက်ဆုံးပတ်ဖြစ်တဲ့ ၂၉ ရက်ကဆိုရင် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ဆိပ်ဖြူတပိဿာကို ၁၇၅၀ ကျပ်မှ ၂၆၀၀ ကျပ်စျေးသာရှိခဲ့ပြီး မုံရွာကလည်း ၁၈၀၀ မှ ၂၄၅၀ ကျပ် စျေးသာရှိခဲ့တာဖြစ် ပါတယ်။
အဲဒီနောက်ဇွန်လဆန်းကစပြီး ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ အမှတ် ၂ ချစ်ကြည်ရေးတံတားပြန်ဖွင့်ပြီး ပြည်ပကို ကြက်သွန်တင်ပို့မှုအားကောင်းလာတာကြောင့် စျေးဆက်တိုက်တက်လာတာဖြစ် ပါတယ်။
လာမယ့် ဒီဇင်ဘာလမှာ မိုးကြက်သွန်အသစ်တွေ လှိုင်လှိုင်ပေါ်ပြီး စျေးကွက်ထဲဝင်​ေရာက်မှုများလာရင်တော့ ကြက်သွန်နီစျေး အကျဘက်ကို ပြန်ရောက်နိုင်တယ်လို့ ကုန်သည်တွေသုံးသပ်ထားကြပါတယ်။
ဓာတ်ပုံ -CJ

Related posts

✕
VOM News

FREE
VIEW