ထိုင်းကို ထောပတ်သီး ပြန်လည်တင်ပို့ခွင့်ရရှိတော့မှာမို့ အရည်အသွေးကောင်းတဲ့အသီးတွေ တင်ပို့ဖို့လိုအပ်

 

နိုဝင်ဘာ ၂၈ ၊ ၂၀၂၆
GG (VOM)

ပြည်ပစျေးကွက်ပျောက်နေတဲ့ ထောပတ်သီးကို လာမယ့်ဒီဇင်ဘာလကစပြီး ထိုင်းကို နယ်စပ်ဂိတ်နှစ်ခုကနေ ပြန်လည်တင်ပို့ခွင့်ရရှိမယ်လို့ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း MAVO က သိရပါတယ်။

ထိုင်းဘက်က တာဝန်ရှိသူတွေနဲ့ မြန်မာဘက်က တာဝန်ရှိသူတွေရဲ့ ဆွေးနွေးညှိနိူင်းမှုအရ ထိုင်းကို ထောပတ်သီး ပြန်လည်တင်ပို့ခွင့်ရခဲ့တာ ဖြစ်ကြောင်း ၊ Normal Trade နဲ့တင်ပို့ခွင့်ရတာမျိုးမဟုတ်ဘဲ နှစ်နိုင်ငံ နားလည်မှုနဲ့ တင်ပို့ခွင့်ရရှိတာလို့ ဆိုပါတယ်။

ဒီနှစ်ထောပတ်သီးရာသီမှာ မြန်မာကနေ ထိုင်းကို ထောပတ်သီးတင်ပို့ခွင့်အပေါ် ထိုင်းကပိတ်လိုက်တာကြောင့် ပြည်တွင်းမှာ ထောပတ်သီးစျေးတွေကျပြီး တောင်သူတွေ ဆုံးရှုံးမှုများခဲ့ပါတယ်။

ဒါကြောင့် တာဝန်ရှိသူတွေက ကျန်ရှိတဲ့ ရာသီချိန်မှာ ထိုင်းကိုထောပတ်သီးတင်ပို့ခွင့်ရရေး ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

” နောက်လမှာ တရားဝင် ကုမ္ပဏီတွေကို ပေးသွင်းမယ်။သတ်မှတ်ချက်လေးတွေတော့ရှိတယ်။ Normal Trade ကိုတော့ ဖြေးဖြေးချင်းသွားရမှာပေါ့။အခုကနားလည်မှုနဲ့ နောက်လလောက်မှာတင်ပို့ဖို့ဆွေးနွေးထားတာပါ။အပေါ်ကလူကြီးတွေဆွေးနွေးထားတာပေါ့။Normal Tradeရဖို့လည်း လုပ်ဆောင်နေပါတယ်။ ” လို့ MAVO ရဲ့ အတွင်းရေးမှူး ဦးကျော်စိုးမင်းက ပြောပါတယ်။

ထိုင်းကို ထောပတ်သီး တင်ပို့ခွင့်ပိတ်ခံရတဲ့အကြောင်းတွေထဲမှာ မြန်မာကုန်သည်တွေက ထောပတ်သီးအနုတွေတင်ပို့တဲ့အတွက် စျေးကွက်ထဲအရောက်မှာပုပ်သိုးကုန်တာ ၊ စားသုံးသူလက်ထဲအရောက်မှာ စားမရတော့ဘဲ ပစ်လိုက်ရတယ်ဆိုတဲ့ အချက်လည်းပါဝင်ပါတယ်။

ဒါကြောင့် အခု ထိုင်းကို ထောပတ်သီး ပြန်လည်တင်ပို့ခွင့် ရရှိချိန်မှာ မြန်မာဘက်က ကုန်သည်တွေ လုပ်ငန်းရှင်တွေအနေနဲ့ အရည်အသွေးကောင်းပြီး ပြည်ပတင်ပို့ဖို့ အဆင်ပြေတဲ့ ထောပတ်သီးတွေကိုသာ တင်ပို့ရောင်းချဖို့ လိုအပ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ထောပတ်သီးအထွက်နူန်းကောင်းပေမယ့် အရည်အသွေးပိုင်းနဲ့ တခြားလိုအပ်ချက်တွေ ရှိနေတာကြောင့် အရည်အသွေးပိုင်းကို ခုထက်ပိုပြီးကောင်းအောင် စနစ်နကျနဲ့ စိုက်ပျိုးဖို့ ၊ ဓာတ်မြေဩဇာနဲ့ စိုက်ပျိုးရေးဆေးကို စနစ်တကျသုံးဖို့ ခူးဆွတ်ချိန်မှာလည်း စနစ်တကျလုပ်ဖို့ လိုအပ်နေပါတယ်။

ထောပတ်သီးအထွက်နူန်းကောင်းပေမယ့်အရည်အသွေး ကောင်းမွန်တဲ့ အသီး နည်းတာကြောင့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားက မျိုးစပ်ဖြစ်တဲ့ Hass အမျိုးအစားထောပတ်သီး ကို တင်သွင်းစိုက်ပျိုးပြီး ပြည်ပကို ပြန်လည် တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။

Hass ထောပတ်သီးကို ပြည်ပပို့ဖို့အတွက်သာ အဓိကစိုက်ပျိုးတာဖြစ်ပြီး ထွက်ရှိသမျှထောပတ်သီးရဲ့ ၉၀ ရာခိုင်နူန်းလောက်က ထိုင်းစျေးကွက်ကို နှစ်စဥ်တင်ပို့နေတာဖြစ်ပါတယ်။

ကျန်တဲ့ တရုတ် ၊ အိန္ဒိယ အပါအဝင် နိုင်ငံတကာစျေးကွက်ကိုတော့ ခုချိန်ထိ ထိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း ၊ တရုတ်ကိုတင်ပို့ဖို့အတွက်တော့ လက်ရှိမှာစာချုပ် မူကြမ်းပြီးစီးသွားလို့ လက်မှတ်ရေးထိုးဖို့သာကျန်ပြီး ဒီနိုဝင်ဘာလကုန်မှာ လက်မှတ်ရေးထိုးမယ့်အခြေအနေ ရှိပါတယ်။

တရုတ်ကို ထောပတ်သီး တင်ပို့ခွင့်အတွက် နှစ်နိုင်ငံလက်မှတ်ထိုးပြီးပါကလည်း ဒီနှစ်ထောပတ်သီးရာသီအတွက် မမှီနိုင်ကြောင်း ၊ လာမယ့်နှစ်ရာသီမှသာ စတင်ပို့နိုင်မယ့် အခြေအနေရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – CJ
#Voiceofmyanmar
#VOM
#ထောပတ်သီး
#ထိုင်းစျေးကွက်
#တင်ပို့ခွင့်ရရှိ

Related posts

✕
VOM News

FREE
VIEW