မန္တလေး နိုဝင်ဘာ ၁၆ -၂၀၁၈
ဟိန်းကို (VOM)
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက် ချော်ဆိပ်ရပ်က တောင်သူမိသားစု(၆)ဦး နဲ့ရေကြောင်းရဲတပ်ဖွဲ့တို့ အငြင်းပွားမှုဖြစ်ပွားနေသော မြေယာကို ရေကြောင်းရဲတပ်ဖွဲ့က နိုဝင်ဘာလ(၁၀)ရက်နေ့က ခြံခတ်ခြင်းလုပ်ငန်းများ လုပ်ဆောင်နေစဉ် တောင်သူမိသားစု(၆)ဦးလုံးဟာ ဖမ်းဆီးခံရတဲ့ အတွက် အမြန်ဆုံးလွတ်မြောက်ရန် ယနေ့ နိုဝင်ဘာ(၁၆)ရက် နံနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
နိုဝင်ဘာ ၁၀ရက် နံနက်ပိုင်းက ရေကြောင်းရဲတပ်ဖွဲနဲ့ မြို့ နယ်ရဲတပ်ဖွဲ့များ၊ မြို့ ပြစီမံကိန်း နှင့်မြေစီမံခန့်ခွဲမှုဌာနတို့ကနေ ခြံစည်းရိုးကာရန်အတွက် ခြံစည်းရိုးတိုင်များစိုက်ထူစဉ် ၎င်းမြေပေါ်တွင်နေထိုင်သည့် ဦးပေါက်စနှင့်မိသားစုဝင်များက တုတ်၊ သံတူရွင်း တို့ဖြင့် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းများ ရှိသည်ဟုဆိုကာ တောင်သူမိသားစု(၆)ဦးဖြစ်တဲ့ဦးပေါက်စ၊ ဒေါ်တင်ဌေး၊ ဒေါ်မြင့်မြင့်စန်း၊ မင်းမင်းခိုင်၊ ခိုင်ဇာဝင်း၊ အောင်ကျော်မိုးတို့ ကို အမှတ်(၇) နယ်မြေရဲစခန်းတွင် (ပ)၇၆၄/၂၀၁၈၊ ပုဒ်မ ၂၉၄/၃၃၂/၄၄၀ တို့ဖြင့် အမှုဖွင့်ထားတယ်လို့သိရပါတယ်။
အဲဒီမြေကို တောင်သူမိသားစုဟာ ၂၀၁၆ခုနှစ်၊ အောက်တိုဘာလက တောင်သူပိုင်မြေမကျူးကျော်ရဆိုသည့် ဆိုင်းဘုတ်ထောင်ပြီး ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့တဲ့အတွက် တက်ကြွလှုပ်ရှားသူ ကိုတိုးကြီး၊ ကိုသိန်းအောင်မြင့်၊ ကိုမျိုးဝင်းအပါအဝင် ဦးပေါက်စတို့ဟာ ပုဒ်မ၄၄၇နဲ့ တရားစွဲဆိုခဲ့ရပြီးနောက် (၂၀၁၈)ခုနှစ်၊ အောက်တိုဘာလက ၎င်းအမှုကို မဟာအောင်မြေတရားရုံးက အမှုမှ အပြီးသတ်လွှတ်ပေးခဲ့ပါတယ်။
#voiceofmyanmar #မန္တလေးတောင်သူ #ဖမ်းဆီးခံတောင်သူလွတ်မြောက်ရေး