ဘူးသီးတောင်မှာ ညမထွက်ရအမိန့် တစ်နာရီတိုးမြှင့်ထုတ်ပြန်

ဘူးသီးတောင်၊ ဒီဇင်ဘာ ၈-၂၀၁၈
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်မြို့မှာ ညမထွက်ရအမိန့်ကို နောက်ထပ် တစ်နာရီးတိုးမြှင့်ပြီး မနေ့ညကထုတ်ပြန်လိုက်ပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့ ညကဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက်ကျေးရွာအနီးမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံးမှုဖြစ်ပွာခဲ့ပြီးနောက်ပိုင်းမှာ အခုလိုညမထွက်ရအမိန့်ကို တိုးမြှင့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

“ညမထွက်ရအမိန့် တိုးမြှင့်ထုတ်ပြန်တာဟုတ်ပါတယ်။ အခုညနေပိုင်းကပဲ မြို့မှာကြေညာသွားတယ်”လို့  ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောပါတယ်။

အရင်က ဘူးသီးတောင်မြို့မှာ ညမထွက်ရအမိန့်ကို ည ၁၁ နာရီကနေ မနက် ၅ နာရီအထိ ထုတ်ပြန်ထားခဲ့ပြီး ဒီဇင်ဘာလ ၇ ရက်နေ့တွင် ည ၁၀ နာရီမှ မနက် ၅ နာရီအထိ တစ်နာရီ တိုးမြှင့်ထုတ်ပြန်လိုက်တာပါ။

 

“အရင်ကတော့ ညမထွက်ရအမိန့်ကို ၂၅ ရက်တစ်ကြိမ်စီထုတ်ပြန်ပါတယ်။ ပုံမှန်ထုတ်ပြန်နေတာပဲလေ။ ည ၁၁ နာရီကနေ မနက် ၅ နာရီအထိထုတ်ထားတာပါ။ မနေ့ညနေပိုင်းကတော့ နဂိုထုတ်ပြန်ထားတဲ့အမိန့်ကို တစ်နာရီးတိုးပြီးတော့ ပြောင်းလဲထုတ်ပြန်လိုက်တာ တွေ့ရတယ်။”လို့ ဘူးသီးတောင်မြို့ခံ ကိုထွန်းသိန်းကပြောပါတယ်။

လက်ရှိမှာ ဘူးသီးတောင်မြို့နယ်အတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် လုံခြုံရေးစိုးရိမ်မှုတွေရှိနေသလို ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းကလည်း နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW