မြောက်ဦးမှာဆီဆိုင်တွေမီးလောင် ငြိမ်းသတ်ဖို့အခက်အခဲရှိ

မြောက်ဦး၊ ဒီဇင်ဘာ ၈

ခိုင်လင်းစံ

 

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက် ဆီဆိုင်တန်းတွေ ဒီညနေ ၅နာရီခန့်လောက်က စတင်မီးလောင်မှုဖြစ်ပွားနေပြီး မီးငြိမ်းသတ်ဖို့အတွက် အခက်အခဲရှိနေပါတယ်။

 

အဲဒီဆီဆိုင်တန်းဟာ မြောက်ဦးမြို့ရဲ့ အပြင်ဘက် ကျောက်တော်-မြောက်ဦးလမ်းပိုင်းမှာတည်ရှိပြီးတော့ စက်သုံးဆီအရောင်းဆိုင်တွေကို သီးသန့်နေရာချပေးထားတာဖြစ်ပါတယ်။

 

“မီးကတော့ လောင်တုန်းပါပဲ။ စလောင်တာကတော့ ညနေ ၅ နာရီလောက်ကတည်းကလောင်နေတာပါ။ မီးပြင်းတော့ဘယ်သူမှအနားမကပ်ရဲဘူးဗျ။ ဆီပုံးတွေဆက်တိုက်ပေါက်နေတော့ ငြိမ်းသတ်ဖို့အခက်အခဲရှိနေတယ်။”ဟု ကိုထွန်းနေဝင်းက ပြောပါတယ်။

 

အဲဒီဆီဆိုင်တန်းမှာ ဆီသိုလှောင်ရုံတွေပါထားရှိတဲ့အတွက် ဆီပီပါတွေကိုမီးလောင်နေတာကြောင့် ပေါက်ကွဲမှုတွေဖြစ်ပွားနေပြီး မီးသတ်တပ်ဖွဲ့က မီးငြိမ်းသတ်နိုင်ရေးအတွက် ကြိုးစားနေပေမယ့် အခက်အခဲရှိနေတာဖြစ်ပါတယ်။

 

“မီးကဆိုင်အားလုံးကိုလောင်နေတယ်လို့ ပြောရမှာပဲ။ မီးရှိန်ကလည်းပြင်းတယ်။ လူတွေအနားသွားလို့မရနိုင်ဘူး။ ကျွန်တော်တို့ဆိုရင် ရထားလမ်းဘက်ကနေပတ်လာပြီးတော့ စောင့်နေရတယ်။”လို့ ကိုထွန်းနေဝင်းကပြောပါတယ်။

 

ဒါ့အပြင် အဲဒီမီးလောင်မှုဟာ ဘယ်လိုစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဘယ်ဆိုင်ခန်းကစလောင်တယ်ဆိုတာကို မသိရှိနိုင်သေးကြောင်းနဲ့ လက်ရှိအခြေအနေကို မီးသတ်ဌာနတာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့မေယ့် အဆက်အသွယ်မရရှိခဲ့ပါ။

 

အဲဒီဆီဆိုင်တန်းကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် မြောက်ဦးမီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ မြို့တွင်းကဆီအရောင်းဆိုင်တွေနဲ့ ဆီသိုလှောင်ရုံတွေကို မြို့ပြင် ယခုလက်ရှိနေရာကို ပြောင်းရွှေ့ထားလိုက်တာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW