အကျဉ်းကျနေရာက ပြန်လည်လွတ်မြောက်လာတာမဟုတ်၊ ဖိနှိပ်ခံပြည်သူဘဝကို ရောက်လာတာလို့ ဦးအောင်သန်းဝေပြော

စစ်တွေ၊ ဒီဇင်ဘာ ၈-၂၀၁၈
ခိုင်လင်းစံ(VOM)

 

အစိုးရအဖွဲ့ကို ဝေဖန်မှုနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့က ထောင်ဒဏ်ခြောက်လ ကျခံနေရရာကနေ ဒီကနေ့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ စစ်တွေမြို့မိမြို့ဖအဖွဲ့ဝင် ဦးအောင်သန်းဝေက သူဟာလွတ်မြောက်လာခဲ့တာမဟုန်ဘဲ အကျဉ်းသားအဖြစ်ကနေ ဖိနှိပ်ခံပြည်သူဘဝကို ရောက်ရှိလာခဲ့တာသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

ဦးအောင်သန်းဝေဟာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလအတွင်းက မြောက်ဦးမှာ ရခိုင်ထီးနန်းကျဆုံးတဲ့နေ့ အခမ်းအနားကျင်းပခွင့် မရရှိတဲ့အတွက် ဆန္ဒပြတောင်းဆိုတဲ့လူအုပ်စုကို သေနတ်ဖြင့်ပစ်ခတ်ဖြိုခွဲခဲ့ရာ လူငယ်အများအပြားသေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိခဲ့တာကြောင့် အဲဒီဖြစ်စဉ်မှာ အဓိကသက်ဆိုင်တဲ့ သူတွေကိုဖော်ထုတ်ပေးဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

 

“ကျွန်တော်က အမှန်တရားကိုဝေဖန်ပြောဆိုခဲ့တာပါ။ ဘယ်သူ့ကိုမှသိက္ခကျစေတဲ့အလုပ်တွေကိုလည်းမလုပ်ခဲ့ဘူး။ ဘယ်သူ့လုံခြုံရေးကိုမှလည်း ထိခိုက်စေတာမျိုးမရေးခဲ့ဘူး။ အခု ကျွန်တော်ကတော့ ပြန်လွတ်လာတယ်လို့ မခံယူဘူး။ အကျဉ်းသားဘ၀ကနေ အဖိနှိပ်ခံပြည်သူဘ၀ကိုရောက်လာခြင်းဖြစ်ပါတယ်။ လွတ်မြောက်လာခဲ့တာ မဟုတ်ဘူး။”လို့ ဦးအောင်သန်းဝေကပြောပါတယ်။

 

ထို့အပြင် ဦးအောင်သန်းဝေက သူရေးသားခဲ့သည့်စာမှာ မြောက်ဦးပစ်ခတ်မှုဖြစ်စဉ်မှာ သက်ဆိုင်တဲ့အဓိကတရားခံတွေကို ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့တာသာဖြစ်ပြီး အဲဒီကိစ္စအတွက် ရခိုင်ပြည်နယ်အစိုးရကိုလည်း တရားဝင် တင်ပြခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။

 

“ကျွန်တော်က မတရားစွပ်စွဲ ဖမ်းဆီးခံရပြီး အကျဉ်းချခံခဲ့ရတာဖြစ်ပါတယ်။ ဒီကိစ္စကိုလည်း အစိုးရကိုတရားဝင် တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ အဓိကတာဝန်ရှိသူတွေကို အရေးယူတာမရှိသေးဘူး။ အပြစ်ရှိသူတွေက လွတ်မြောက်နေကြတယ်”လို့ သူကပြောပါတယ်။
ဒါ့အပြင် အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဆန္ဒပြမှုမှာပါဝင်ခဲ့ပြီး သေနတ်ဒဏ်ရာရရှိခဲ့သူတွေကို ရဲတပ်ဖွဲ့က တရားစွဲဆိုမှုတွေပြုလုပ်ခဲ့ပြီး ပြစ်ဒဏ် ၆ လချမှတ်ခဲ့တာဖြစ်ပါတယ်။

 

မြောက်ဦးပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ လူမှုအဖွဲ့အစည်းတွေနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ တာဝန်ရှိသူတွေကို  ဖော်ထုတ်အရေးယူဖို့ တိုက်တွန်းခဲ့ကြတာကြောင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုက တကယ်လို့သူ့မှာတာဝန်ရှိတယ်ဆိုရင် လက်ရှိတာဝန်ကနှုတ်ထွက်ပေးမယ်လို့ ပြောကြားခဲ့ပေမယ့် ဒီနေ့အထိ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။

 

 

Related posts

Leave a Comment

VOM News

FREE
VIEW