တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သားများထိခိုက်မှုရှိပြီး နေရပ်စွန့်ခွာသူများလာ

ဘူးသီးတောင်၊ ဒီဇင်ဘာ ၁၂-၂၀၁၈

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်နဲ့ နယ်စပ်ဒေသတွေမှာ ပြီးခဲ့တဲ့လကုန်ပိုင်းကစတင်ကာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

အဲဒီတိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သားတစ်ဦးထိခိုက်မှုရှိခဲ့ပြီး ဒေသခံအများအပြားဟာ နေရပ်စွန့်ခွာထွက်ပြေးသူတွေ များပြားလာနေတာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့က စိုင်းဒင်ချောင်းအတွင်း ခလရ ၂၃၄ တပ်ရင်းက စစ်ကြောင်းထွက်လာခဲ့ရာ မြိုမချောင်းကျေးရွာသို့အရောက်မှာ စက်လှေသမားတွေကို အကူအညီတောင်းခံခဲ့တဲ့အတွက် လိုက်လံပို့ဆောင်ခဲ့ရာ လမ်းမှာတိုက်ပွဲငယ်တစ်ခုဖြစ်ပွားခဲ့ပြီး စက်လှေမောင်းတဲ့ ရခိုင်လူငယ်တစ်ဦး ကျည်ထိဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

“၁၀ ရက်နေ့ကတော့ စိုင်းဒင်ချောင်းထဲမှာ တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပါတယ်။ စစ်ကြောင်းထွက်လာတဲ့အချိန်မှာ တိုက်ခိုက်ခဲ့တယ်လို့သိရတယ်၊ ရခိုင်လူငယ်တစ်ဦး လက်မောင် ကျည်ဖောက်သွားတယ်လို့ကြားတယ်၊ ထိပ်တိုက်တွေ့တဲ့တိုက်ပွဲဖြစ်နိုင်တယ်”လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

ဒဏ်ရာရရှိသူမှာ မြိုမချောင်းကျေးရွာက ကိုအောင်ကျော်ထွန်းဖြစ်ပြီး ဘယ်ဘက်လက်မောင်းကို ကျည်ဖောက်ဝင်သွားခဲ့ ကာ ၎င်းအားဆေးကုသမှုခံယူရန် ဘူးသီးတောင်ဆေးကိုကို ပို့ဆောင်ထားပြီးဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၁ ရက်နေ့မှာတော့ ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီး ၃ နာရီဝန်းကျင်ခန့်အကြာ နှစ်က်အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် အနီးအနားရှိကျေးရွာတွေဆီ ကျည်ဆံတွေကျရောက်တဲ့အတွက် ကျေးရွာသားတွေ ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။

“နောက်ဆက်တွဲအနေနဲ့တော့ မနေ့ကမနက်ပိုင်းမှာ ကံပြင်ကျေးရွာအနားမှာ တိုက်ပွဲတစ်ခုဖြစ်ခဲ့တယ်၊ သုံးနာရီနီးပါးလောက်ကြာခဲ့တယ်လို့ သိရတယ်၊ ရွာသားတွေက ကြောက်ရွံ့ပြီး ထွက်ပြေးလာခဲ့တယ်၊ စည်တောင်ကျေးရွာကို ၁၉၆ ယောက် ခိုလုံဖို့ရောက်နေတယ်၊ နောက်ထပ်သုံးဆယ်လောက်ကတော့ စပါးထားရွာကိုရောက်နေတယ်လို့ကြားတယ်”လို့ ဦးထွန်းအောင်သိန်းက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ ကံပြင်ကျေးရွာမှာ ၂ ဖာလုံလောက်သာကွာဝေးပြီး လက်နက်ကြီးပစ်ခတ်တဲ့အသံတွေကြား နေကြရပြီး တိုက်ပွဲဖြစ်ပွားပြီး မကြာခင်မှာ ကျေးရွာသာတွေအားလုံး ထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။

“စစ်သားတွေ ကျွန်တော်တို့ရွာကနေ တောင်ဘက်ကိုထွက်သွားတယ်၊ မကြာခင်မှာပဲ တိုက်ပွဲဖြစ်သံကြားရတယ်၊ အိမ်တွေကိုလည်း ကျည်တွေကျတယ်၊ လက်နက်ကြီးတွေနဲ့ ပစ်သံတွေလည်း လေးငါးချက်လောက်ကြားခဲ့ရတယ်၊ ဒါနဲ့ရွာသားတွေက ကြောက်ပြီးထွက်ပြေးလာခဲ့ကြတာပါ”လို့ ကံပြင်ကျေးရွာသားတစ်ဦးက ပြောပါတယ်။

အဲဒီလိုတိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ပြီးခဲ့တဲ့ ၈ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် သင်းပုန်းတန်းကျေးရွာကို ဖက်ဝမ်းချောင်းကျေးရွာက အိမ်ထောင်စု ၁၀စု လူဦးရေ ၄၂ ဦး၊ ၁၁ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာကို ကံပြင်ကျေးရွာက လူဦးရေ ၁၉၆ ဦး၊ စပါးထားကျေးရွာကို လူဦးရေ ၃၀ ခန့်တို့ ထွက်ပြေးရောက်ရှိ လာခဲ့ကြတာဖြစ်ပါတယ်။

#voiceofmyanmar#ဘူးသီးတောင်# တိုက်ပွဲကြောင့် အရပ်သားများထိခိုက်နေရပ်စွန့်ခွာသူများ#

Related posts

Leave a Comment

VOM News

FREE
VIEW