မြေသိမ်းဥပဒေကိစ္စ လယ်သမားတွေ ဆွေးနွေး

စစ်တွေ၊ ဒီဇင်ဘာ ၁၂-၂၀၁၈

ခိုင်လင်းစံ (VOM)

အသစ်ထွက်ရှိလာမယ့် မြေသိမ်းဥပဒေ ပြဌာန်းရေးကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက ဦးဆောင်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဆွေးနွေးမှုပြုလုပ်နေပါတယ်။

အဲဒီဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့က စတင်ပြုလုပ်နေတာဖြစ်ပြီး ယခု ၂၀၁၈ ခုနှစ်အတွင်း အသစ်ပြင်ဆင် လိုက်တဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေနဲ့ မကြာခင်ပြဌာန်းဖို့ရှိနေတဲ့ မြေသိမ်းဥပေဒတွေကို ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

“အသစ်ပြင်ဆင်လိုက်တဲ့ မြေယာဥပဒေမှာ နာမည်တွေကို ပြောင်းလဲအသုံးပြုထားတာကလွဲလို့ ထူးခြားတာမရှိဘူး၊ တောင်သူတွေအတွက် အကျိုးဖြစ်ထွန်းမယ့် အနေအထားကိုမတွေ့ရဘူး၊ မြေသိမ်းဥပဒေကို ပြဌာန်းလို့ရှိရင်လည်း ပိုဆိုးလာနိုင်မယ့်သဘောကို တွေ့ရတယ်၊ ဒါကြောင့် ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ ဒီကိစ္စအတွက်”လို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဦးကျော်ဇံကပြောပါတယ်။

ဒါ့အပြင် ထပ်မံပြဌာန်းဖို့ပြင်ဆင်နေတဲ့ မြေသိမ်းဥပဒေဟာ တောင်သူတွေအတွက် အကျိုးမရှိတဲ့ဥပဒေတစ်ရပ်ဖြစ်သလို အဲဒီဥပဒေကိုပြဌာန်းလိုက်ပါက တောင်သူတွေအနေနဲ့ မြေယာမဲ့တွေဖြစ်သွားနိုင်တယ်လို့ တောင်သူလယ်သမားသမဂ္ဂက ပြောပါတယ်။

“လောလောဆယ်မှာ အစိုးရ မြေသိမ်းဥပဒေဆိုပြီးတော့ ဥပဒေတစ်ရပ်ကို ပြဌာန်းနိုင်ဖို့အတွက် ဖိအားပေးနေတာရှိတယ်၊ အဲဒီဥပဒေကိုကျွန်တော်တို့ သုံးသပ်ကြည့်တော့ တောင်သူတွေအတွက် စိုးရိမ်ရတဲ့အနေအထားရှိပါတယ်၊ မြေယာအားလုံးရဲ့ ၅ ပုံ ၃ ပုံဟာ သိမ်းဆည်းခံသွားရနိုင်တယ်၊ ပြီးတော့ တောင်သူတွေ မြေယာမဲ့ဖြစ်သွားနိုင်တယ်၊ လက်ရှိလုပ်ကိုင်စာသောက်နေကြတဲ့ တောတောင်တွေကိုလည်း လုပ်ကိုင်ခွင့်မရဖြစ်သွားနိုင်တယ်၊ ဒါကြောင့် ဒီဥပဒေတွေကို ပြင်ဆင်ဖို့လိုအပ်နေပါတယ်”လို့ တောင်သူလယ်သမားသမဂ္ဂ အတွင်းရေးမှူး ဦးထွန်းတင်က ပြောပါတယ်။

မြေသိမ်းဥပဒေဆိုတာဟာ နိုင်ငံအတွက်မရှိမဖြစ်လိုအပ်တဲ့ ဥပဒေတစ်ရပ်ဖြစ်ပေမယ့် အဲဒီဥပဒေတွေကို ပြဌာန်းလိုက်ပါက ပြည်သူတွေကိုအကျိုးပြုတဲ့ဥပဒေမျိုးဖြစ်ဖို့လိုအပ်သလို ဥပဒေမူကြမ်းတွေကို ပြည်သူတွေသိရှိအောင် ချပြမှုတွေပြုလုပ်ပြီး ပြည်သူလက်ခံနိုင်တဲ့အနေအထားအထိ ပြင်ဆင်ပေးဖို့လိုအပ်နေတယ်လို့ ဦးထွန်းတင်က ပြောကြားခဲ့ပါတယ်။

#voiceofmyanmar#စစ်တွေ#မြေသိမ်းဥပဒေကိစ္စလယ်သမားတွေဆွေးနွေး#

 

 

Related posts

Leave a Comment

VOM News

FREE
VIEW