ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာက ပေါ်တာဆွဲခံရသူတွေ ပြန်လည်ရောက်ရှိ

ဘူးသီးတောင်၊ ဒီဇင်ဘာ ၂၇-၂၀၁၈

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စည်တောင်ကျေးရွာသား ၁၁ ဦးကို ဒီကနေ့မနက်ပိုင်း ၈ နာရီခွဲလောက်မှာ တပ်မတော်စစ်ကြောင်းက ပေါ်တာဆွဲသွားခဲ့ပြီး ညနေ ၃ နာရီလောက်မှာ ပြန်လည်လွှတ်ပေးလိုက်တဲ့အတွက် ကျေးရွာကိုပြန်လည်ရောက်ရှိလာခဲ့ကြပြီဖြစ်ပါတယ်။

အဲဒီကျေးရွာသားတွေဟာ ဒီကနေ့မနက်ပိုင်းက သူတို့ရဲ့လယ်ထဲမှာ စပါးရိတ်၊ တလင်းသိမ်းလုပ်ငန်းတွေကို လုပ်ကိုင်နေကြတဲ့အချိန်မှာ သပြေဆိပ်ဘက်ကမ်းကနေ ကူးလာတဲ့တပ်မတော်စစ်ကြောင်းက ပေါ်တာဆွဲသွားတာဖြစ်ပါတယ်လို့ စည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“ကျွန်တော်တို့ရွာသား ၁၁ယောက်ကို မနက် ၈ နာရီခွဲလောက်မှာ ပေါ်တာဆွဲသွားတယ်၊ ပြီးတော့ ရေကောင်းချောင်းဘက်ကို ခေါ်သွားတယ်၊ အဲဒီဘက်မှာတိုက်ပွဲတွေဖြစ်နေတယ်၊ သူတို့ကစစ်ကူသွားတာနဲ့တူတယ်၊ အဲဒီလူတွေကို လူသားဒိုင်းအဖြစ် ခေါ်သွားတာဖြစ်နိုင်တယ် ”လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်က ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ မနေ့ကညနေပိုင်းမှာ စစ်တွေ-ဘူးသီးတောင် ကားလမ်းမအတိုင်းထွက်လာခဲ့တဲ့အချိန် ရေကောင်းချာင်းကျေးရွာအနီး ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး တိုက်ပွဲငယ်တစ်ခုဖြစ်ပွားခဲ့တာကြောင့် သပြေဆိပ်ကျေးရွာမှာ ညအိပ်ခဲ့တာဖြစ်ပါတယ်။

“မနေ့က ညနေပိုင်းစစ်ကြောင်းလာတဲ့အချိမှာ ဗုံးသုံးလုံးပေါက်တယ်၊ ပြီးတော့ ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်၊ နာရီဝက်လောက်ကြာတယ် ၃ နာရီခွဲလောက်မှာ ပြီးတယ်၊ သူတို့ကသပြေဆိပ်ကိုသွားပြီး ညအိပ်ပြီးတော့ ဒီမနက်အဲဒီရေကောင်းချောင်းဘက်ကိုသွားတာဖြစ်နိုင်ပါတယ်၊ အင်အားကတော့ ၇၀ ကျော်ပါတယ်လို့ သိရတယ် ”လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ပေါ်တာဆွဲခံရသူများမှာ စည်တောင်ကျေးရွာမှ ဦးမောင်မောင်အေး (ဘ) ဦးရွှေသာထွန်း ၃၄နှစ်၊ ဦးကျော်သိန်းနိုင် (ဘ) ဦးစံမောင် ၃၆နှစ်၊ ကိုလူဖြူ (ဘ)ဦးသန်းထွန်း ၂၀နှစ်၊ ဦးသန်းနိုင်ဝင်း (ဘ) ဦးစောလှမောင် ၂၉နှစ်၊ ဦးသန်းရွှေ (ဘ) ဦးထွန်းမြဦး ၄၈နှစ်၊ ကိုမောင်ကျော်လှိုင် (ဘ) လှထွန်းစိန် ၂၂နှစ်၊ ဦးလှထွန်းစိန် (ဘ) ဦးဦးကျော်မြ ၅၄နှစ်၊ ဦးခထီးအောင် (ဘ) ဦးကျော်မြအောင် ၅၂နှစ်၊ ကိုမောင်ခင်ရွှေ (ဘ) ဦးမောင်ထွန်းမြ ၂၇နှစ်တို့ဖြစ်ပြီး ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာမှ ဆေးမျိုးလယ်မှာ လာရောက်အလုပ်လုပ်နေတဲ့  ဦးသိန်းဟန် (ဘ) ဦးဦးဘစံ ၃၆နှစ်၊ ကိုအောင်မျိုးလင်း (ဘ) ဦးမောင်ကျော်သိန်း ၂၈နှစ် တို့ဖြစ်ကြပါတယ်။

ဒါအပြင် ရသေ့တောင်မြို့နယ်အတွင်းမှာ အခုလ ၂၅ ရက်နေ့ကစတင်ပြီးတော့ ဒီနေ့အထိ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွား နေကြတာဖြစ်ပါတယ်။

#voiceofmyanmar#ဘူးသီးတောင်#ပေါ်တာဆွဲခံရသူတွေပြန်လည်ရောက်ရှိ#

Related posts

Leave a Comment

VOM News

FREE
VIEW