သင်ခန်းစာတွေမှာ ဘာသာရေး ခွဲခြားဆက်ဆံမှုကို အားပေးတာတွေ ပြုပြင်ပြောင်းလဲပေးဖို့ အရပ်ဘက်အဖွဲ့အစည်း တစ်ရာကျော် တိုက်တွန်း

မန္တလေး၊ ဒီဇင်ဘာ ၂၇-၂၀၁၈

လင်းလင်း(VOM)

မူလတန်းသင်ရိုးညွှန်းတမ်းပါ စာရိတ္တနှင့် ပြည်သူ့နီတိ သင်ခန်းစာတွေမှာ လူမျိုးရေး ၊ ဘာသာရေး ခွဲခြားဆက်ဆံမှုကို အားပေးတဲ့ သင်ခန်းစာတွေ ပါဝင်လာတာတွေ့ရှိရတာ နှင့်  ပတ်သက်ပြီး ပြုပြင်ပြောင်းလဲပေးဖို့ အရပ်ဘက်အဖွဲ့အစည်း တစ်ရာကျော်နှင့် တစ်သီးပုဂ္ဂလ ပုဂ္ဂိုလ်တွေက  ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ နိုင်ငံတော်သမ္မတနှင့် လွှတ်တော် အသီးသီးကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြတယ် လို့ သိရပါတယ်။

ပညာရေးဝန်ကြီးဌာနကနေ အသိအမှတ်ပြုခွင့်ပြုထားတဲ့ အခြေခံပညာ သင်ရိုးညွှန်းတန်း၊မူလတန်းအဆင့် ဘဝတွက်တာ ကျွမ်းကျင်စရာ၊စာရိတ္တနှင့် ပြည်သူ့နီတိ  သင်ခန်းစာသင်ရိုးညွှန်းတမ်းတွေမှာ ဝံသာနုစိတ်ဓာတ်မြှင့်တင်ရေးခေါင်းစဉ်နှင့် “သွေးနှောခြင်းကို ငါတို့မုန်း လူမျိုးအညွှန့်တုန်း” ဆိုတဲ့ သင်ကြားမှုတွေကို မြန်မာနိုင်ငံဒေသအတော်များများမှာရှိတဲ့ အခြေခံပညာကျောင်းတွေအပါအဝင် ပုဂ္ဂလိကကျောင်းအချို့မှာပါသင်ကြားနေတာကို တွေ့ရှိရပြီး ၊ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ အခန်း(၁)၊ ပုဒ်မ ၃မှာ နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ တို့ နေထိုင်သည့် နိုင်ငံဖြစ်တယ်လို့ အတိအလင်းဖွင့်ဆိုထားရုံသာမက ပုဒ်မ ၂၂ တွင် ယင်းလူမျိုးပေါင်းစုံရဲ့ စာပေ၊ယဉ်ကျေးမှု၊အနုပညာ၊စကား စသည်တို့ တိုးတက်ဖွံ့ဖြိုးဖို့ ကူညီဆောင်ရွက်မယ်လို့ ကတိပြုထားပါတယ်။

“နိုင်ငံက အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို သွားနေတဲ့အချိန်မှာ ဒီလိုမျိုး လူမျိုးစုတစ်စုနဲ့ တစ်စု ဘာသာတစ်ခုနဲ့တစ်ခုကြား အမုန်းပွားစေတဲ့ အကြောင်းအရာတွေကို ဒီကလေးအရွယ်တွေ သင်နေတဲ့ဟာက အရမ်းကိုစိုးရိမ်စရာကောင်းတယ်ပေါ့နော်” လို့ နိုင်ငံတော် သမ္မတထံ လက်မှတ်ရေးထိုး ပေးပို့ရာမှာ ပါဝင်တဲ့ The Seagulls အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါ်စုချစ်က ပြောပါတယ်။

လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့် ၊မိမိယဉ်ကျးမှု ဓလေ့ထုံးတမ်းစဉ်လာများကို လွတ်လပ်စွာကျင်းသုံးခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်းထည့်သွင်းထားပြီး ၊အခန်း(၈) ပုဒ်မ ၃၄၈ အရ နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ဇာတိ၊ကိုးကွယ်ရာ၊ဘာသာ၊ရာထူးဌာနန္တရ၊အဆင့်အတန်း၊ယဉ်ကျေးမှု၊အမျိုးသား၊အမျိုးသမီး၊ဆင်းရဲချမ်းသာတို့ကို အကြောင်းပြုပြီး ခွဲခြားမှုမရှိစေရလို့ ပြဌာန်းထားရှိပါတယ်။

ယခုကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို ဆန့်ကျင်ပြီး အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို လူမျိုးရေး ဘာသာရေး ခွဲခြားဆက်ဆံမှုတွေနှင့် ယဉ်ပါးစေဖို့အတွက် ပြဌာန်းထည့်သွင်းသင်ကြားနေမှုဟာ ထိတ်လန့်ဖွယ်ကောင်းနေတယ်လို့ အရပ်ဘက် အဖွဲ့အစည်းတွေက ဆိုပါတယ်။

“အခုလောလောဆယ်တော့ တိုက်တွန်းထားတယ်၊တိုက်တွန်းပြီးတော့ သူတို့ဘက်က ဘာလုပ်ငန်းစဉ် ဆက်လုပ်မလဲဆိုတဲ့ ဥစ္စာကိုစောင့်မယ်၊ပြီးတော့ လွှတ်တော်ကိုလည်း ပေးပို့ထားတဲ့ဟာရှိတော့ လွှတ်တော်မှာ မေးခွန်းမေးမြန်းတာရှိမလား ဒါမှမဟုတ် သမ္မတကိုယ်တိုင်အနေနဲ့ပဲ action ယူမလားဆိုတဲ့ဟာကို စောင့်ကြည့်မယ်၊စောင့်ကြည့်လို့ ထူးခြားလာတဲ့ဟာမျိုး မရှိဘူးဆိုရင်တော့ အခြားလုပ်ငန်းစဉ်တွေ ဆက်လုပ်သွားဖို့ရှိပါတယ်”လို ဒေါ်စုချစ်က ပြောပါတယ်။

အိတ်ဖွင့်ပေးစာ ပေးပို့ရာမှာ အရပ်ဘက်အဖွဲ့အစည်း ၁၁၀ကျော်နှင့် တစ်သီးပုဂ္ဂလ ၁၀ဦးရဲ့ လက်မှတ်တွေကို နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊လွှတ်တော်အသီးသီးနဲ့ လွှတ်တော်ရေးရာကော်မတီတွေကို ပေးပို့ထားတာဖြစ်ပြီး လက်မှတ်ထိုး ထပ်မံကောက်ခံထားတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar#သင်ခန်းစာတွေမှာဘာသာရေးခွဲခြားဆက်ဆံမှု#

Related posts

Leave a Comment

VOM News

FREE
VIEW