Grab သုံးဘီး စီးနင်းစဉ် မတော်တဆထိခိုက်မှုဖြစ်ခဲ့ရင် ယာဉ်မောင်းနဲ့ ခရီးသည်တွေကို လျော်ကြေးငွေ ပြန်လည်ပေးအပ်မယ် 

ရန်ကုန် ဇန်န၀ါရီ ၂၁ -၂၀၁၉

TGH (VOM)

မြန်မာနိုင်ငံရဲ့ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တဲ့ ပုဂံဒေသမှာ GrabThoneBane စီးနင်းနေစဉ် မတော်တဆ ထိခိုက်မှုတစ်စုံတစ်ရာဖြစ်ပေါ်ခဲ့လျှင် ယာဉ်မောင်းနဲ့ ခရီးသည်တွေအတွက် လျော်ကြေး ငွေပြန်လည်ပေးအပ်သွားမယ်လို့ ကုမ္ပဏီကနေ သိရပါတယ်။

ဒီလိုလုပ်ဆောင်ပေးတာဟာ Grab ရဲ့ အရှေ့တောင်အာရှ ဒေသတွင်း အာမခံပေါ်လစီအရ ဆောင်ရွက် ပေးတာဖြစ်တယ်လို့ Grab Myanmar ရဲ့ Acting Country Manager ဖြစ်သူ Alvin Loh က ပြောပါတယ်။

“ပုဂံမှာ  Grab အက်ပလီကေးရှင်းမလိုဘူး။ကိုယ်သွားချင်တဲ့ခရီးစဉ်ကို စိတ်ကြိုက်ငှားနိုင်တယ်။ အဓိက ကတော့ ယာဉ်မောင်းနဲ့အပြန်အလှန်စကားပြောလို့ရတယ်ဆိုတဲ့ သယ်ယူပို့ဆောင်ရေးပုံစံအသစ်ကိုမိတ်ဆက်ပေးတာပါ။နောက်ပြီးအရပ်ဒေသနဲ့ ကိုက်ညီမှုရှိ အောင်ကြိုတင်စီစဉ်ထားတဲ့ ၀န်ဆောင်မှုဖြစ်ပါတယ်။ပုဂံမှာ သုံးဘီးတရားဝင်မိတ်ဆက်တာကတော့ တစ်လကျော်လောက်ရှိပြီ။ ခရီးသွားတွေလည်းသဘောကျတယ်လို့ ပြန်ကြားရတာရှိတယ်” လို့ ပြောပါတယ်။

ပုဂံဒေသမှာ အသုံးပြုနေပြီဖြစ်တဲ့ GrabThoneBane ငှားရမ်းမှုပုံစံသည် တခြားနေရာဒေသတွေလို အက်ပလီကေးရှင်း အသုံးပြု ငှားရမ်းရခြင်းမျိုးမဟုတ်ဘဲ Grab Call Centre ကိုသာဆက်သွယ်ငှားရမ်းရတာဖြစ်ပါတယ်။ ငှားရမ်းမှုအပိုင်းမှာဆိုရင်လည်း နာရီအလိုက် ဒါမှမဟုတ် လေဆိပ်၊ ကားဂိတ်၊ ရထားဘူတာနဲ့ ည သဘောင်္ဆိပ် အကြို၊ အပို့ လမ်းကြောင်းတွေ အလိုက်ကိုလည်း သတ်မှတ်ထားတဲ့ဈေးနှုန်းအတိုင်း စုံစမ်းငှားရမ်းနိုင်တယ်လို့သိရပါတယ်။

လတ်တလော သတ်မှတ်ထားတဲ့ဈေးနှုန်းတွေကတော့ ၂ နာရီငှားရမ်းမယ်ဆိုရင်  မြန်မာကျပ်ငွေ ၁၀၀၀၀  ၊  ၄ နာရီအတွက်  ၁၅၀၀၀  ၊ ၈ နာရီငှားရမ်းခ  ၂၅၀၀၀ ကျပ်သတ်မှတ်ထားပြီး  လေဆိပ် ၊ ကားဂိတ် ၊ရထားဘူတာ ၊သင်္ဘော ဆိပ် စတဲ့  ခရီးစဉ်တစ်ကြောင်းစာကိုတော့ မြန်မာကျပ်ငွေ ၅၀၀၀ ထားတယ်လို့ သိရပါတယ်။ ခရီးစဉ် တစ်ကြောင်းမှာ  ခရီးသည်နှစ်ဦးနဲ့အတူ ခရီးဆောင်အိတ် နှစ်အိတ်အထိ သယ်ဆောင်နိုင်တယ်လို့လည်းသိရပါတယ်။

ပုဂံဒေသသည် Grab ၀န်ဆောင်မှုဖြန့်ကျက်ထားတဲ့ တတိယမြောက်နေရာတစ်ခုဖြစ်သလို သုံးဘီးအငှားဝန်ဆောင်မှုအနေနဲ့ကတော့ ဒုတိယမြောက်ဝန်ဆောင်မှုရရှိတဲ့နေရာပဲဖြစ်ပါတယ်။

#voiceofmyanmar#grab#grabစီးရင်းမတော်တဆမှုဖြစ်ရင်လျော်ကြေးရ

Related posts

Leave a Comment

VOM News

FREE
VIEW