ဂျပန်နိုင်ငံမှာ ၁၉၉၉  ခုနှစ်နောက်ပိုင်း တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ဒုတိယအမြင့်ဆုံးအဆင့်သို့ ရောက်ရှိ

၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီ-၂၉-၂၀၁၉

ဇီဝညို

၁၉၉၉ ခုနှစ်ကတည်းက စတင်ပြီး လေ့လာဆန်းစစ်မှုများ ပြုလုပ်နေခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ တတိယပတ် တစ်ပတ်အတွင်းမှာ ဂျပန်နိုင်ငံက ဆေးရုံ၊ ဆေးခန်းတစ်ခုချင်းဆီကို လာရောက်ပြသခဲ့ကြတဲ့ တုပ်ကွေးလူနာဦးရေဟာ ဒုတိယအမြင့်ဆုံးကိန်းဂဏန်းအဆင့်ကို ရောက်ရှိနေကြောင်း ဂျပန်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတ၀ှမ်းက ဆေးရုံ၊ ဆေးခန်းစုစုပေါင်း ငါးထောင်ကို ပုံမှန်စောင့်ကြည့်ခဲ့ရာမှာ တုပ်ကွေးလူနာ ပျမ်းမျှဦးရေဟာ ယခင်ရက်သတ္တပတ်မှာ ရှိခဲ့တဲ့ ပျမ်းမျှလူနာ (၁၅ ဒသမ ၃၇) ကနေ (၅၃ ဒသမ ၉၁) အထိ တစ်ပတ်အတွင်း မြင့်မားလာခဲ့ပြီးတော့ ဒီကိန်းဂဏန်းပမာဏဟာ ၂၀၁၈ ခုနှစ်က စံချိန်တင်တုပ်ကွေးလူနာဦးရေ (၅၄.၃၃) နောက်မှာ ဒုတိယလိုက်ခဲ့တာဖြစ်ကြောင်း ၀န်ကြီးဌာနက ကြေညာခဲ့ပါတယ်။

တစ်ပတ်တာကာလအတွင်း နိုင်ငံတ၀ှမ်း စုစုပေါင်းတုပ်ကွေးလူနာဦးရေ (၂ ဒသမ ၁၃)သန်း ရှိခဲ့ပြီးတော့ ယခင်အပတ်ကထက် တုပ်ကွေးလူနာဦးရေ (၅) သိန်းနီးပါးအထိ တိုးမြင့်ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်ပါတယ်။

အိုက်ချီပြည်နယ်မှာ အများဆုံးဖြစ်ပွားခဲ့ပြီး ပြည်နယ်စုစုပေါင်း (၄၇) ပြည်နယ်ရှိတဲ့အနက် (၃) ပြည်နယ်ကလွဲလို့ ပြည်နယ်အားလုံးမှာ စိုးရိမ်ဖွယ်သတ်မှတ်လူနာဦးရေနဲ့အထက် ဖြစ်ပွားခဲ့တာကြောင့် တုပ်ကွေးရောဂါ ကပ်အသွင်ဖြစ်ပွားမှုဟု ယူဆနိုင်ဖွယ်ရှိကြောင်း the japan times သတင်းဌာနက ရေးသားထားပါတယ်။

ဂျပန်ဈေးကွက်အတွင်းမှာ ဖြန့်ချိလျက်ရှိတဲ့ တုပ်ကွေးရောဂါဆေးအသစ် ဇိုဖလူဇာ (Xofluza) ဆေးကို ယဉ်ပါးနေတဲ့ ဗီဇပုံစံပြောင်း တုပ်ကွေးဗိုင်းရပ်စ်ပိုးများကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လူနာများမှာ စမ်းသပ်တွေ့ရှိခဲ့ကြောင်းလည်း ဂျပန်နိုင်ငံရဲ့ နိုင်ငံအဆင့် ကူးစက်ရောဂါဆိုင်ရာအဖွဲ့ (The National Institute of Infectious Diseases – NIID) က ပြောကြားခဲ့ပါတယ်။

 

ဓာတ်ပုံ – GETTY IMAGES

Source: japantimes.co.jp

(၁) https://www.japantimes.co.jp/news/2019/01/26/national/science-health/number-flu-patients-nationwide-hits-second-highest-level-since-1999/#.XE8mKsk7bIU

(၂) https://www.japantimes.co.jp/news/2019/01/27/national/science-health/flu-viruses-resistant-new-drug-xofluza-uncovered-japan/#.XE8qg8k7bIW

Related posts

Leave a Comment

VOM News

FREE
VIEW