အခန်း (၁၆၃)

ဆူးငှက်

 

လခစား ဓာတ်ပုံ၊ စက်ချုပ်ခုံနှင့်
———————————–

ဟေမာဇလ အိမ်မှာ ကျွန်တော်က လခစားဝန်ထမ်း၊ အောက်ဒိုးဓာတ်ပုံ ရိုက်သည်။ အတူနေ တူမက စက်ချုပ်သည်။ နောက်တူမ တစ်ယောက် က အသုတ်စုံရောင်းသည်။ အမျိုးသမီးက စာအုပ်ငှားသည်။ ထို့ကြောင့် ကျွန်တော်နှင့် ဓာတ်ပုံရိုက်ဖက် ကိုသိန်းဆွေက “လခစား ဓာတ်ပုံ၊ စက်ချုပ်ခုံနှင့် အသုတ်စုံစား စာအုပ်ငှားမလေ..” ဟု စာချိုးခဲ့သည်။ သည်တော့ ကျွန်တော်ကလည်း ထိုစဉ်ကာလ ဆွေမျိုးမိတ်သင်္ဂဟများက ကလေးရပြီလားဟု မေးကြလေတော့..

ဒီလိုနဲ့
အိမ်ထောင်ကျတာ
လာမယ့် ဖေဖော်ဝါရီမှာ
တစ်ခါလည်ပေါ့၊
အိမ်ထောင်ကျစ
၆ လ ကတည်းက
(မိတ်ဆွေများရဲ့)
မေးကြတဲ့စကား
ကလေး ရပြီလား.. တဲ့၊
မိတ်ဆွေများ ခင်ဗျား..
ကျွန်တော်ဟာ လခစား တစ်ယောက်ပါ၊
အောက်တန်းကျလှတဲ့ အောက်တန်းစာရေး လခနဲ့
ခါးလှလှ မလှလှ၊ ဝမ်းဝဝ မဝဝ
ဘဝကို ချစ်သူနဲ့ဆို တဲအိုပျက် အိပ်မက် မက်ခဲ့သူပါ။
အခုတော့ ခါးလှဖို့ အနေသာ
ဝမ်းဝဖို့ အဖြေရှာ
မရေရာတဲ့ လခစားမို့
ကြင်ယာက ဘုတ်အုပ်ငှား
အမှတ်တရ အခမ်းအနားလေးများရှိရင်
ကျွန်တော်.. ဓာတ်ပုံရိုက်တတ်ကြောင်းပါဗျာ..။
ဒါပေမယ့်ဗျာ….
လစာက မလောက်င
စာအုပ်က အပျောက်အရှနဲ့
ဓာတ်ပုံက အကြွေးကျတော့
အဆင်မပြေလှဘူးပေါ့ဗျာ…။
သည်ကြားထဲ
သူ့မိဘ ကိုယ့်မိဘ ဂါရဝ နဲ့
လှူရေး တန်းရေး ပကာသနနဲ့
လူမှုရေးလည်း မလစ်လပ်
ပူတဲ့ကြွေးလည်း အရစ်ကျ ဆပ်နေရတော့..။
ကဲ… ကလေးရပြီလား
မေးလာကြတဲ့ စကား
ဘယ်လိုများ ဖြေရမလဲလေ။
ဟိတ်..
ဈေးချို တိုက်တန်းအဆင်း
ဆေးရောင်းတဲ့ သူငယ်ချင်း
မင်း.. သိရင်လည်း အသာနေ။ ။

ကျွန်တော်က ထိုသို့ ဖြေချင်ကြောင်း ကဗျာလေး စပ်ခဲ့သည်။ သည်လိုနှင့် အိမ်ထောင်ကျတာ ၂နှစ်နီးပါး ဖြစ်လာတော့ ကျွန်တော်က စဉ်းစားသည်။ ကျွန်တော်လည်း ငယ်သေးသည်။ သူက ကျွန်တော့်ထက် ပိုငယ်သည်။ အိမ်ထောင်ကျသော်လည်း အပျိုလူပျိုစိတ်က မကုန်ကြသေး။ ထို့ပြင် လင်မယားထုံးစံ ကတောက်ကဆတ်လေးတွေ အနည်းအကျဉ်းလည်းရှိသည်။

ကလေးအဖေ ဖြစ်ခြင်း
————————

ထိုစဉ်ကာလ ကျွန်တော်က လူပျို တူတော်မောင်များကို လက်ဖက်ရည်ဆိုင်ခေါ်ပြီး ဆရာကြီးလုပ်လျှင် “ မင်းတို့ ရည်းစားဘဝမှာတော့ ဘာမှ ၂ယောက်စလုံးက အပြစ်မမြင်ကြဘူးကွ။ အေး.. အိမ်ထောင်ကျပြီဆိုရင် သီချင်း နားထောင် တာတောင် သူတင်ကိုယ်တင် ဖြစ်ကြတော့တာ။ ကိုယ်က တွံ့တေးသိန်းတန် မာမာအေး ကြိုက်တယ်ကွာ၊ သူက သန်းနိုင်ပုလဲ ကြိုက်တယ်ကွာ၊ ကိုယ်က တွံ့တေးသိန်းတန် ရဲ့ မြသီတာအကြိုထောက် နဲ့ စီးမျောနေချိန် သူက တစ်နေ့လာလည်း ဒီသီချင်း တစ်နေ့လာလည်း ဒီသီချင်း ဘာတွေမှန်းလည်းမသိဘူး တောသီချင်းတွေလို့ပြောပြီး အိမ်အပေါ် ဆောင့်အောင့် တက်အသွား ဘာရမလဲ မရှိမဲ့ရှိမဲ့ ဝယ်ထားတဲ့ နေရှင်နယ် အုံးလီးကက်ဆက်လေး ကိုင်ပေါက်ပစ်လိုက်တော့ အေးရောကွာ” ဟု ပမာပြုကာ ဒဿနတွေ ထုတ်တော့သည်။

ဆိုလိုတာက သမီးရည်းစားဘဝ သည်းခံအလိုလိုက်သလောက် အိမ်ထောင်သည်ဘဝမှာ အထိမခံ ကြွေပန်းကန်တွေ ဖြစ်ကြတော့သည်။ ရုပ်ရှင် ဆိုတော့လည်း ကိုယ်က မြတ်လေး ကောလိပ်ဂျင်နေဝင်း၊ သူက စိုးသူ ကျော်သူ။ သည်လို အကွဲအလွဲလေးတွေ ရှိလာသည်။ ထိုအခါ အပျက်အပျက်နှင့် နှခေါင်းသွေးထွက်ကာ သူ့အိမ်ကိုယ့်အိမ် အပြီးပြန်ရောက်တတ်သည်။ ကျွန်တော်က သည်လို အဖြစ်မခံနိုင်။ ထိုအခါ သားသမီးရှိလာလျှင် သားသမီး သံယောဇဉ်ကြောင့် ထိုသို့သော အမဲ့အရွဲ့စိတ်များ နည်းပါးပျောက်ကွယ် သွားမည်ဟု ကျွန်တော်က ယုံသည်။ ထို့ကြောင့် ဈေးချို တိုက်တန်းအဆင်းက သူငယ်ချင်း၏ ဆေးဆိုင်ဗန်းလေးကို ကျောခိုင်းလိုက်တော့သည်။

နောက်ဆက်တွဲအနေနှင့် ခင်သော်ဇင်လည်း သမဝါယမသင်တန်းကျောင်းဆင်းပွဲ နောက်ရက်တွင် ကျွန်တော့ကို ဦးစိုးဂျစ်ကားလေးနှင့် လာကြိုတော့ ကျွန်တော်က ခင်သီတာတို့ စုံတွဲနှင့် မိတ်ဆက်ပေးပြီး အိမ်အပြန် တပျို့ပျို့တအန်အန် ဖြစ်နေတာ သတိထားမိသည်။ အိမ်ရောက်တော့မှ သူက ၂လရှိပြီတဲ့။ သည်လိုပြောတော့ ရုပ်ရှင်တွေထဲကလို မျက်လုံးပြူးမျက်ဆံပြူးနှင့် ပြေးပွေ့ ပြေးဖက်တော့ မလုပ်ဖြစ်။ ကိုယ့်ကိုကိုယ်တော့ ပို၍ လူကြီးဆန်သွားပြီး ဖခင်စိတ်ဝင်လာတာက သိသာသည်။ ထို့ပြင် ခင်သော်ဇင့်ကို ကြည့်ရတာလည်း အရင်လို ကလေးတစ်ယောက်အသွင် မဟုတ်တော့ မိခင်လောင်းတစ်ယောက် အဖြစ် သံယောဇဉ် တစ်ပင် ရစ်ပြန်ပေါ့။
ဤသို့ဖြင့် ၁၉၈၅ခုနှစ် စက်တင်ဘာလ ၁၃ရက် နံနက် ၅နာရီ၃၀မိနစ်တွင် သားဦးလေး မွေးဖွားခဲ့တော့သည်။

 

ကံကောင်းသည့် သားဦး
—————————–

ခင်သော်ဇင်၏ သားဦးကိုယ်ဝန်ကို သားဖွားမီးယပ်ပါရဂူ ဒေါက်တာဒေါ်ခင်ဝင်းရီထံ အပ်နှံ မီးဖွားခဲ့သည်။ မွေးဖွားချိန်တွင် သားဦးမို့ ခက်ခဲခဲ့သည်။ သို့သော် ဆရာမကြီးစောင့်ရှောက်မှုဖြင့် ကျန်းကျန်းမာမာ မွေးဖွားခဲ့သည်။ သားဦးလေးမွေးတော့ အတူနေ အဘနှင့် အမေအတွက် မြေးဦးမဟုတ်သော်လည်း အတော်ချစ်သည်။ နံမည်ကိုလည်း အဘက ကျွန်တော်တို့ပေးတာထက် အိမ်သို့ အမြဲလာသော ဗေဒင်ဆရာမ ဒေါ်တင်မမခိုင်ကိုပဲ ရွေးခိုင်းသည်။ နံမည်က သူရိန်ထွန်းတဲ့။

ထိုအချိန် အိမ်မှာလည်း ယောက်ဖ ကိုလှဘော်၏ တူဖြစ်သူ ဆရာဝန် ဒေါက်တာစောဝင်း နှင့် ဆက်စပ်ပြီး မန္တလေးဆေးတက္ကသိုလ်တွင် တာဝန်ကျသော ဆရာဝန်တစ်ဦးက အပေါ်ထပ်မှာ နေသည်။ ထိုဆရာဝန်က ဒေါက်တာစိန်မြင့် တဲ့။ ဒေါက်တာစိန်မြင့်က အတော်သဘောကောင်းသည်။ မနက်လင်းသည်နှင့် အိမ်ရှိလူကုန် မျက်နှာကိုကြည့်ပြီး မျက်နှာညှိုးနေသူတွေ့လျှင်ပင် ချက်ချင်း နားကျပ်ဆွဲကာ စမ်းသပ်ကြည့်ရှု ဆေးပေးတော့သည်။ မကြာမီမှာပင် ရှမ်းပြည်နယ်၌ တာဝန်ကျနေသော သူ့အမျိုးသမီး ဆရာဝန်ကလည်း မန္တလေးပြောင်းလာတော့ သားဦး မောင်သူရိန်မှာ ဆရာဝန်၂ယောက်၏ အနီးကပ် စောင့်ရှောက်မှုကို ရရှိခဲ့သည်။

စာအုပ်ငှားရင်း ကလေးချီ
————————-

ထို့ပြင် အိမ်သို့ စာအုပ်လာငှားကြသူများကလည်း ရောက်တာနှင့် ကလေးပွေ့ချီပြီး စာအုပ်ငှားကာ အိမ်သို့ပင် ခေါ်သွားကြသေးသည်။ အထူးသဖြင့် မျက်စောင်းထိုးအိမ်မှ ကျွန်တော်တို့က ခင်အေး နှင့် ခင်မေ ဟု ခေါ်သည့် နန်းခင်အေးနှင့် နန်းခင်မေ ညီအစ်မက မနက်လင်းကတည်းက ကလေးကို ခေါ်သွားကာ ထိန်းကျောင်း ကျွေးမွေးကြသည်။ တစ်ခါ စာအုပ်အမြဲလာငှားသည့် မမာလာနှင့် မအေးအေးမြတ် ညီအစ်မကလည်း ရောက်လာသည်နှင့် ကလေးကို လက်ပေါ်က မချတော့။ ဒီကောင်ကလည်း ငယ်စဉ်က အတော်မျက်နှာ ချိုသည်။ တွေ့သည့်သူတိုင်းနောက် ရယ်ရယ်မောမော ကောက်ကာငင်ကာ လိုက်သည်။

လုပ်ငန်းစိစစ်ရေးက အစ်မကြီးဒေါ်မြင့်မြင့်ဦးကလည်း ကျွန်တော်တို့ ဇနီးမောင်နှံကို မောင်နှမသဖွယ် ခင်မင်ပြီး ကလေးအတွက် လိုအပ်သည့် အနှီးပိတ်စတွေ ဝိုင်အိုလက်ပေါင်ဒါတွေ နို့မှုန့်ဗူးတွေ ပေးသည်။ ခင်သော်ဇင်က နို့ထွက်မကောင်းတော့ သားဦးက နို့မှုန့်ကို အားထားရသည်။ ထိုစဉ်က လက်တိုဂျင် နို့မှုန့် တဗူးက ငွေကျပ် ၉၀ တန်သည်။ ထို့ကြောင့် ကျွန်တော်တို့က နေ့စဉ်ရရှိသည့် ဈေးနုတ်ထဲက ၁၀၀ တန်တစ်ရွက်ရလျှင် သား၏ နို့မှန့်ဗူးဖိုးဆိုကာ ဘေးဖယ်ထားရသည်။

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW