ပန်းတောင်း၊ ဖေဖေါ်ဝါရီ ၃-၂၀၁၉
ဂျန်ကိုးလ်(VOM)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ချေထောက်ကျေးရွာအုပ်စုနယ်မြေဖြစ်တဲ့ကျောက်ဖူး၊သူရဲတန်းသစ်တောကြိုးဝိုင်းနယ်မြေအတွင်းမှာ နေပြည်တော်တိုင်းမှုခင်းနှင့်သတင်းစုံသတင်းဌာန သတင်းထောက်ဆိုသူများက အကြမ်းဖက်ခြိမ်းခြောက်ငွေတောင်းတယ်လို့ဆိုပြီး အမှုဖွင့်လိုက်ပါတယ်။
လူအုပ်စုနဲ့ ဝိုင်းဝန်းရိုက်နှက်ပြီး ဥသျှစ်ပင်နယ်မြေရဲစခန်းကို ဖေဖေါ်ဝါရီ၁နေ့မနက်၂နာရီ၁၅အချိန်က ငွေတောင်းခံရသူ ဦးစောနိုင်ကနေ အမှုဖွင့်လိုက်တယ်လို့ ဥသျှစ်ပင်နယ်မြေရဲစခန်းကသိရပါတယ်၊
သမ္မတရဲ့တိုက်ရိုက်အမိန့်ဆိုကာ မီးသွေးဖိုတွေ၊ မျောတိုင်တွေကို ဓာတ်ပုံရိုက် မှတ်တမ်းယူစာရင်းကောက်ပြီး ငွေတောင်းတဲ့ သတင်းထောက်ဆိုသူ၁၀ဦးကို ဒေသခံလူ၅၀ခန့်က ဝိုင်းဝန်းရိုက်နှက်ဖမ်းဆီးကြိုးတုတ်ပြီး ရဲစခန်းကို အပ်နှံခဲ့တာလို့ မျက်မြင်သက်သေတွေကပြောပါတယ်။
“တဲမှာညအိပ်တယ် ည၁၂နာရီလောက်ကြတော့ အစည်းဝေးလုပ်မလို့ တဲပေါ်ကဆင်းပေးပါဆိုလို့ ဗိုက်ကြီးသည်ပါဆင်းပေးရတယ်၊ ဟိုဘက်တဲတိုက်မှာလဲဓာတ်ဘူးတွေ၊ပန်းကန်တွေ ရိုက်ခွဲတယ်၊ မျောတိုင်တွေ့လို့ငွေ၃သိန်းတောင်းတာကို ၆သောင်းပေးလိုက်ရတယ်”လို့ ညောင်ခြေထောက်ရွာကဒေါ်စန်းဌေးကပြောပါတယ်
တရားဝင်မီးသွေးလုပ်ငန်းလုပ်ကိုင်သူ ဦးမြင့်ဦး ကလည်း”ဒီကောင်တွေကငွေတောင်းတာသေချာပါတယ် ပထမတခါငွေ၁၀သိန်းပေးလိုက်ရတယ်၊ အဲဒါကိုရဲကစစ်နေတုန်းမို့လူအမည်မပြောလိုဘူး၊နေပြည်တော်ကလာတာသမ္မတတိုက်ရိုက်အမိန့်လို့ပြောပြီး ဓား၊သံတုတ်၊ဓါးကောက် စတဲ့လက်နက်တွေကိုင်ထားကြတယ်လို့” ပြောပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး သတင်းထောက်ဆိုသူ မျိုးဝေဦးပါ၁၀ဦးကလည်း အမည်မသိလူ၅၀ခန့်ကိုနာကျင်စေတဲ့အတွက် ပြန်လည်အမှု့ဖွင့်ထားတယ်လို့ ရဲစခန်းက သိရပါတယ်။
“နေပြည်တော်တိုင်းသတင်းထောက်အဖွဲကသူတို့ကိုရိုက်နှက်သူတွေကို ပြန်လည်တိုင်တန်းလို့ ၃၂၅/၃၂၃/၄၂၇/၅၀၆/၁၁၄နဲ့အမှု့ဖွင့်ထားပေးပြီး သူတို့ကိုတော့ ၄၅၂/၃၈၄/၄၂၇/၁၇၀/နဲ့ရမန်ယူစစ်ဆေးနေပါတယ်၊ သူတို့အထဲကတစ်ယောက်ဖြစ်တဲ့ ဇေယျာလင်း(ခေါ်)လှိုင်ဌေးက သာယာဝတီခရိုင်တရားရုံးရာထွေ၃၃/၂၀၁၈ရာဇသတ်ကြီးပုဒ်မ၄၂၀/၁/၅၁၂အရဝရမ်းပြေးကြေငြာခံထားရသူဖြစ်တယ်”လို့ဥသျှစ်ပင်နယ်မြေရဲစခန်းမှူးရဲအုပ်သန်းလှ က ပြောပါတယ်။#voiceofmyanmar#ပန်းတောင်း#နေပြည်တော်တိုင်းမ်သတင်းထောက်အမည်ခံပြီးအကြမ်းဖက်ငွေတောင်းသူ၁၀ဦိးနဲ့ငွေတောင်းခံရသူများအပြန်အလှန်အမှုဖွင့်#
ဓါတ်ပုံ-ရဲတပ်ဖွဲ့