မန္တလေး၊ ဖေဖေါ်ဝါရီ ၁၃-၂၀၁၉
ဟိန်းကို(VOM)
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ရတနာပုံတက္ကသိုလ်မှာ ကျောင်းတွင်းလုံခြုံရေး တိုးမြင့်ချထားပေးဖို့ နိုင်ငံတော်အကြီးအကဲတွေရဲ့ ဓာတ်ပုံတွေကို မီးရှို့ဆန္ဒပြခဲ့ကြတဲ့ ဗကသကျောင်းသား (၇)ဦး ကို ဒီကနေ့မနက်ပိုင်းက အမရပူရတရားရုံးကနေ အပြီးသတ်အမိန့်ချမှတ်ခဲ့ပါတယ်။
ပုဒ်မ ၄၃၅ နဲ့ ထောင်ဒဏ် သုံးလ၊ ပုဒ်မ ၁၉ နဲ့ ထောင်ဒဏ် နှစ်လ ချမှတ်ခဲ့ရာ အဆိုပါ ပုဒ်မနှစ်ခုမှ ပြစ်ဒဏ်တွေကို တစ်ပေါင်းတည်း ကျခံစေဖို့အတွက် တရားရုံးက အမိန့်ချမှတ်ခဲ့ပြီး ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခံထားရမှုကို ပလပ်ခဲ့တာ ဖြစ်ပါတယ်။ ရတနာပုံတက္ကသိုလ် ဗကသများအဖွဲ့ချုပ် စည်းရုံးရေးမှူး ကိုရဲမျိုးဆွေက စီရင်ချက်ချအပြီးမှာ ခုလိုဆိုခဲ့ပါတယ်။
“ကျွနိတော်တို့က ဒီတရားစ်ီရင်ရေးစနစ်ကို အယုံကြည်မရှိဘူး ၊ပြစ်ဒဏ်ကို သူတို့ကြိုက်သလောက် ချပေါ့ ၊ ကျွန်တော်တို့က ဒီတရားစ်ီရင်ရေးစနစ်ကို အယုံကြည်မရှိဘူး ၊ကျွန်တော်တို့က ကိုယ်ကိစ္စကိုလုပ်တယ်လို့ ” ပြောပါတယ်။
ရတနာပုံတက္ကသိုလ် ဗကသ ကျောင်းသားများဖြစ်တဲ့ ကိုကျော်သီဟရဲကျော်၊ ကိုရဲမင်းထွန်း ၊ ကိုရဲမျိုးဆွေ၊ကိုဘုန်းမြင့်ကျော်၊ ကိုရဲလင်းအောင်၊ ကိုနေဝင်းကျော် နှင့် ကိုဘချစ်(ခ) ကိုမျိုး တို့ ခုနှစ်ဦးဟာ (၂၀၁၈)ခုနှစ် ဒီဇင်ဘာ (၂၈)ရက်က မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဇာနည်အောင် ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဦးကျော်ကျော်မင်း ၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဦးကျော်ဆွေ နဲ့ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်တို့ရဲ့ ဓာတ်ပုံတွေကို အခေါင်းပုံစံပေါ်တင်ပြီး နာရေးပုံစံပြုလုပ် မီးရှို့ခဲ့တာကြောင့် ပုဒ်မ ၁၉/၄၃၅/၅၀၅(ခ) ဖြင့် အမှုဖွင့် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
#voiceofmyanmar#မန္တလေး#ရတနာပုံတက္ကသိုလ် ဗကသကျောင်းသားခုနှစ်ဦးကိုအပြီးသတ်အမိန့်ချ#