ဥရောပနည်းပညာနဲ့ လျှပ်စစ်ကားများ ထုတ်လုပ်ဖို့ သာဂရ အကြီးစားစက်ရုံမှာ စမ်းသပ်ဆောင်ရွက်နေ

နေပြည်တော်၊ဖေဖော်ဝါရီ ၁၃-၂၀၁၉

ဒီပ(နေပြည်တော်)

ဟန်ဂေရီနိုင်ငံ၊ CSEPLE Holding Ltd.မှ ထုတ်လုပ်တဲ့ MODULO Brand Electric Bus များကို ဥရောပနည်းပညာနဲ့ Green Power Myanmar Co.,Ltdနဲ့ ပူးပေါင်းပြီး အမှတ်(၁၄) အကြီးစားစက်ရုံ (သာဂရ)မှာ စမ်းသပ်ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

“လျှပ်စစ်ဘတ်စ်ကားများအတွက် Axle,Suspension, Steering,Brake, Drive Motor, Batteryနဲ့ Control Unitများ၊ အားသွင်းစနစ်များနဲ့ အခြားဆက်စပ် ပစ္စည်းများကိုတော့ ဂျာမနီနိုင်ငံ၊ဟန်ဂေရီနိုင်ငံများက ရယူပြီး တပ်ဆင်ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အဓိကကျတဲ့ ဘတ်ထရီကိုတော့ ဥရောပနဲ့ တရုတ်နိုင်ငံတွေကနေ မှာယူအသုံးပြုသွားမှာ ဖြစ်ပါတယ်လို့ ပြည်ထောင်စုဝန်ကြီးက ဆိုခဲ့ပါတယ်။

ခရီးသည်တင် ဘတ်စ်အမျိုးအစားကိုတော့ Model(၃)မျိုးနဲ့ ထုတ်လုပ်သွားမှာ ဖြစ်သလို ကိုယ်ထည်ကတော့ Modular Type Composite Structure ဖြစ်ပြီး Dash Board Trimming Parts ထိုင်ခုံများနဲ့ အားဖြည့်မှန်များကိုတော့ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်ပြီး တပ်ဆင်သွားမယ်လို့လည်း ၎င်းကဆိုပါတယ်။

လက်ရှိအခြေအနေအရ ဟန်ဂေရီနိုင်ငံက လျှပ်စစ်ကားထုတ်လုပ်မှု ကုမ္ပဏီအနေနဲ့ အိန္ဒိယနိုင်ငံကို အစီးရေ(၅၀၀)ကျော် တင်ပို့ခဲ့ပြီး သီရိလင်္ကာ၊စင်္ကာပူ၊ ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေကိုလည်း အစီးရေ(၇၀၀၀)ကျော် တင်ပို့ရောင်းချဖို့ အမှာစာတွေ ရောက်ရှိပြီး ဖြစ်တဲ့အတွက် ဈေးကွက်ခိုင်မာမှု ရှိနေသလို ကာဗွန်ထုတ်လွှတ်မှု မရှိတာကြောင့် Carbon Cradit ရရှိထားပြီး ဟန်ဂေရီနိုင်ငံ EXIM Bank က (၅)နှစ်သက်တမ်း ချေးငွေနဲ့ ကနဦး(၃၀)ရာခိုင်နှုန်း ပေးသွင်းယုံနဲ့ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့လည်း စက်မှုဝန်ကြီးက ပြောပါတယ်။

ကြိုတင်စီမံ ဆောင်ရွက်တဲ့အနေနဲ့ လျှပ်စစ်ကားတွေကို အသုံးပြုနိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ Charging Stationတွေကို ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် ရန်ကုန်-နေပြည်တော်မြို့တွေမှာ တပ်ဆင်အသုံးပြုဖို့ မိတ်ဖက်ကုမ္ပဏီနဲ့ စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းပြီးတော့ Surveyပြုလုပ်နေပြီး အမြန်လမ်းမှာတော့ (၈)နေရာ ရန်ကုန်မြို့မှာ (၃၆)နေရာနဲ့ နေပြည်တော်မှာ (၅)နေရာ ပမာဏရွေးချယ် ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ(၁၃)ရက်က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာတော့ ရှမ်းပြည်နယ် မောက်မယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်းက မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်မှုကဏ္ဍမှာ ထုတ်လုပ်တဲ့စနစ်(SKD)နဲ့ လာရောက်ရင်းနှီးမြုပ်နှံသူ ပြည်ပကုမ္ပဏီများနဲ့ အရည်အသွေး ကောင်းမွန်မှု ထိန်းချုပ်ပုံများအပြင် အနာဂတ်ကာလ လျှပ်စစ်ဘတ်စကားများ စမ်းသပ်မောင်းနှင် အသုံးပြုဖို့ မည်သို့ စီစဉ်ထားကြောင်းကို မေးမြန်းခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

#voiceofmyanmar#လျှပ်စစ်ကား#လျှပ်စစ်ဝန်ကြီး#ဦးခင်မောင်ချို

Related posts

Leave a Comment

VOM News

FREE
VIEW