စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က တင်သွင်းတဲ့  စစ်ကိုင်းတိုင်းအလံ နဲ့ အမှတ်တံဆိပ် လွှတ်တော်အတည်မပြု

မုံရွာ မတ် ၆-၂၀၁၉

မိုင်ချယ်ရီ (  VOM)

မတ်လ ၅ ရက်နေ့က ကျင်းပတဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးမှာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ အမှတ်တံဆိပ်နဲ့ အလံ အတည်ပြုနိုင်ရေး တင်ပြလာတဲ့ အပေါ် မတ်လ ၆ ရက်နေ့မှာ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ  မဲခွဲဆုံးဖြတ်ခဲ့ရာမှာ အရေးနိမ့်ခဲ့ပါတယ်။

 

ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စာလှယ် ၇၈ ဦးထဲကနေ ကန့်ကွက်တဲ့မဲ ၄၇ မဲ ထောက်ခံမဲ ၄ မဲ ရှိခဲ့တာကြောင့် အစိုးရအဖွဲ့ကနေ တင်ပြလာတဲ့ အမှတ်တံဆိပ် နဲ့ အလံကို လွှတ်တော်ကနေ အတည်မပြုဘူးလို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးသန်းက ပြောပါတယ်။

“စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဟာဆိုရင် ယှဉ်ပြိုင်လာတဲ့ အထဲကနေ အသင့်လျော်ဆုံး ယူဆတဲ့ လိုဂိုကို သဘောထားကြီးမှု ပူးပေါင်းဆောင်ရွက်လို့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမူများနဲ့ အလံနဲ့ လိုဂိုကို ရွေးချယ်တင်ပြရခြင်းဖြစ်ပါတယ်။ တင်ပြလာတဲ့ ပြိုင်ပွဲဝင်တွေထဲကနေ သင့်လျော်တဲ့ အလံနဲ့လိုဂိုကိုသာ ရွေးချယ်တင်ပြခြင်း ဖြစ်ပါတယ်” လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး ၀န်ကြီးဒေါက်တာဇော်ဝင်း က လွှတ်တော်အတွင်း ပြောကြားခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က ကျင်းပခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ မုံရွာမြို့နယ် လွှတ်တော်ကိုယ်စာလှယ်ဒေါ်အမာကြည်က တိုင်းဒေသကြီး အလံနဲ့ လိုဂိုကို ပြုပြင်ပြောင်းလဲရန် တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့ပြီး လွှတ်တော် မှာ မဲခွဲဆုံးဖြတ်တဲ့အခါမှာ ထောက်ခံမဲ များတာကြောင့် တိုင်းဒေသကြီးအလံ နဲ့ အမှတ်တံဆိပ်ကို ပြုပြင်ပြောင်းလဲဖို့ ဖြစ်ပေါ်လာတာပါ။

 

ဒီလို ပြုပြင်ပြောင်းလဲဖို့ အတွက် အမှတ်တံဆိပ်နဲ့လိုဂိုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ရွေးချယ်ခဲ့ပြီးနောက် လွှတ်တော်မှာတင်ပြလာတာဖြစ်ပါတယ်။  အစိုးရအဖွဲ့တင်ပြတဲ့ လိုဂိုမှာ အရင်က အသုံးပြုခဲ့တဲ့ ခြင်္သေ့ပုံ ပြန်လည်ပါဝင်လာခြင်း အစိမ်းရောင်ကနေ အနီရောင်အဖြစ်သာ ပြောင်းလဲပြီး ယခင်အလံ အမှတ်တံဆိပ်နဲ့ ဆင်တူနေတာတွေ များစွာ ရှိနေပါတယ်။  အလံနဲ့ အမှတ်တံဆိပ် ကို ကြည့်လိုက်တာနဲ့ စစ်ကိုင်းတိုင်းပါလားဆိုတဲ့ သိသာထင်ရှားတဲ့ အမှတ်တံဆိပ် မပါတာတွေကြောင့်  လွှတ်တော်ကိုယ်စာလှယ်တွေက ကန့်ကွက်ကြောင်း လွှတ်တော်အတွင်း ဆွေးနွေးခဲ့တာဖြစ်ပြီး မဲခွဲဆုံဖြတ်ရာမှာ ရှုံးနိမ်တဲ့ အတွက် လွှတ်တော်ကနေ အတည်မပြုခဲ့တာ ဖြစ်ပါတယ်။

#voiceofmyanmar#စစ်ကိုင်းတိုင်းလွှတ်တော်#အလံ#အမှတ်တံဆိပ်

Related posts

Leave a Comment

VOM News

FREE
VIEW