မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲရေးဥပဒေ ကို လက်ခံလိုက်နာခြင်းမပြုဖို့  P.S.L.F/T.N.L.Aက ပလောင်ပြည်သူတွေကိုတိုက်တွန်း

မတ် ၁၁-၂၀၁၉

နေလင်း (VOM)

မြေလွတ် ၊ မြေလပ်၊ မြေရိုင်းတွေကို ဥပဒေအတိုင်းလျှောက်ထားဖို့  နောက်ဆုံးသတ်မှတ်ထားတာဟာ တိုင်းရင်းသားပြည်သူတွေရဲ့ မိရိုးဖလာမြေယာပိုင်ဆိုင်မှုကို ချိုးဖေါက်ရာရောက်တယ်ဆိုပြီး ဒီဥပဒေကို လိုက်နာဖို့မလိုဘူးလို့  ဒီကနေ့မှာ   တအာင်းပြည်နယ်လွတ်မြောက်ရေးတပ်က ထုတ်ပြန်ချက်ထုတ်လိုက်တာဖြစ်ပါတယ်။ သူတို့ထုတ်ပြန်ချက်မှာ ခုလိုရေးသားထားတာကိုတွေ့ရပါတယ်။

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေတရပ်အား မြန်မာအစိုးရ က ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့အတွင်းနောက်ဆုံး လိုက်နာ လျှောက်ထားကြရန်၊ လိုက်နာလျှောက်ထားခြင်းမပြုပါက မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကိုသိမ်းယူခြင်း၊ ဖယ်ရှားခြင်း ခံရမည်ဟူ၍ ထုတ်ပြန်လိုက်သည့် ကြေညာချက်သည် တိုင်းရင်းသားမိဘပြည်သူများ၏ မိရိုးဖလာမြေယာပိုင်ဆိုင်မှုကို အတင်းအဓမ္မဝင်ရောက်ချိုးဖောက်ခြင်းလုပ်ရပ်ဖြစ်သည်။ ထိုကြောင့် မြန်မာအစိုးရ၏ ယင်း မြေယာစီမံခန့်ခွဲရေးဥပဒေကို ကြောက်ရွှံ့စိုးရိမ်ခြင်း၊ လိုက်နာဆောင်ရွက်ခြင်း မပြုကြရန် တအာင်းပြည်နယ်တွင်းရှိ တိုင်းရင်းသားမိဘပြည်သူများ အားလုံးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး P.S.L.F/T.N.L.A မှ အထူးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

ရာစုနှစ်နီးပါးကြာရှည်နေသည့်ပြည်တွင်းစစ်၊ ဒေသခံပြည်သူများဆင်းရဲနိမ့်ကျမှုနှင့် သက်ဆိုင်ရာလူမျိုးများ၏ အဖွဲ့အစည်းများလူထုအကာကွယ်ပေးမှုအားနည်းခြင်းတို့ကြောင့် တိုင်းရင်းသားပြည်သူများ၏ မြေလွတ်၊ မြေလပ်၊ မြေရိုင်းနှင့် လုပ်ကိုင်လျက်ရှိသောမြေယာများသည် တရားဝင်ပိုင်ဆိုင်မှုအထောက်အထားများ လုံးဝ မရှိသလောက် နည်းပါး နေပါသည်။ သို့သော်လည်း ဒေသခံမိဘပြည်သူများသည် ထိုမြေယာသစ်တောများအပေါ် ဘိုးဘွားစဉ်ဆက် မှီခိုလုပ်ကိုင်စားသောက်လာခဲ့ကြသဖြင့် ထိုမြေယာများ၏ နဂိုမူရင်းပိုင်ရှင်များ ဖြစ်ကြပါသည်။

မြန်မာစစ်အစိုးရအဆက်ဆက်က စစ်ဗိုလ်ချုပ်များနှင့် ဒေသခံအာဏာပိုင်များသည် ဒေသခံမိဘပြည်သူများ၏ လယ်ယာမြေများကို ပုံစံအမျိုးမျိုးဖြင့်သိမ်းယူပြီး၊ အဖွဲ့အစည်းအတွက်၊ ကိုယ်ကျိုးအတွက်၊ လုပ်ငန်းရှင်ခရိုနီများအတွက် ခွဲဝေသုံးစွဲခဲ့ကြပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် မြန်မာအစိုးရအနေဖြင့်လည်း ဖွံ့ဖြိုးရေး ကို အကြောင်းပြပြီး တိုင်းရင်းသားမိဘပြည်သူများ၏ လယ်ယာမြေပိုင်ဆိုင်မှုကိုထိန်းချုပ်ခြင်း၊ စစ်အစိုးရလက်ထက်က သိမ်းယူခဲ့သည့်မြေများကို တနည်းနည်းဖြင့် တရားဝင်အသိအမှတ်ပြုရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

မြန်မာအစိုးရ၏ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို လိုက်နာခြင်းမပြုရန်၊ ခေတ်အဆက် ဆက်က သိမ်းယူခံခဲ့ရသည့်လယ်ယာမြေစာရင်းများ စနစ်တကျပြုစုပြီး ပြန်လည်ရယူကြရန် တအာင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားမိဘပြည်သူများကို အလေးအနက်တိုက်တွန်းနှိုးဆော်အပ်ပါသည်။

P.S.L.F/T.N.L.A အနေဖြင့် မိမိတို့၏ လူထုအပေါ်အခြေခံသည့်မြေယာမူဝါဒပေါ်လစီကို လက်ကိုင်ထားပြီး ဒေသခံပြည်သူများ၏ လယ်ယာမြေများဆုံးရှုံးမှုမရှိစေရန်၊ သိမ်းဆည်းခံမြေယာများပြန်လည်ရရှိရန်အတွက် လိုအပ်သည့် လုပ်ငန်းစီမံချက်များဖော်ဆောင်ပြီး လူထုမြေယာအခွင့်အရေးကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပါသည်။

 

တအာင်း ပြည်နယ်တွင်းရှိ မိဘပြည်သူများ၏ မြေယာများကို ပုံစံအမျိုးမျိုးဖြင့်အတင်းအဓမ္မသိမ်းယူဆောင်ရွက်သူ မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို P.S.L.F/T.N.L.A မှ ထိရောက်စွာအရေးယူဆောင်ရွက်ပြီး မိမိတို့၏ ဒေသခံ မိဘပြည်သူလူထုအား ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။

 

ပြီးတဲ့ လကလည်း ချင်းပြည်နယ်က မြို့တချို့မှာ မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲရေးဥပဒေကို ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့ပါသေးတယ်။ https://voiceofmyanmarnews.com/news/2019/02/15/ချင်းပြည်နယ်မှာ-ဘိုးဘွာ/

 

#voiceofmyanmar #မြေလွတ်မြေလပ်မြေရိုင်း #TNLA #PSLF

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW