စစ်ဘေးရှောင်စခန်းမှ တိုင်းပြည်ဂုဏ်ဆောင်မည့် စိန်တစ်ပွင့်

Shwe Paw Mya Tin

 

ပေသုံးဆယ်ပတ်လည်ခန့်ကျယ်ဝန်းသည့်ခန်းမတခုထဲတွင်ကရာတေးအားကစား ၀တ်စုံများဝတ်ဆင်ထားသည့် ကလေးငယ်များ၊ ပုံမှန်အ၀တ်အစား ၀တ်ဆင်ထားသည့် ကလေးငယ်များ အတူတကွ ညီညာစွာလှုပ်ရှားနေကြသည် ။

အဆိုပါကလေးငယ်များ၏ ရှေ့တွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တဦးက တင်းမာခက်ထန်သည့် မျက်နှာထားဖြင့် ကရာတေးကစားကွက်များကို သရုပ်ပြနေပြီး သရုပ်ပြချက်အတိုင်း ကျန်ကလေးငယ်များကလိုက်လံလှုပ်ရှားနေကြသည်။ အဆိုပါနေရာသည် ကချင် ပြည်နယ် မြစ်ကြီးနားမြို့ရှိ ရွှေစက်စစ်ရှောင်စခန်းတည်ရှိရာ ရွှေစက်ကချင်နှစ်ခြင်း ဘုရားကျောင်းဝန်းအတွင်းရှိ ခန်းမအထဲတွင်ဖြစ်သည် ။ အသက် ၇ နှစ်ခန့်အရွယ်မှ အသက် ၁၅ နှစ်အရွယ်အတွင်းရှိ ကလေးငယ်များသည် ရွှေစက်စစ်ရှောင်စခန်းမှ တာဝန်ရှိသူများစီစဉ်ဖွင့်လှစ်ထားသည့် ကရာတေးသင်တန်းကို တက်ရောက်နေကြခြင်း ဖြစ်ပြီး အများစုမှာ စစ်ရှောင်စခန်းအတွင်းမှ ကလေးငယ်များဖြစ်ပြီး အနည်းငယ်သာ ဘုရားကျောင်းပြင်ပရပ်ကွက်အတွင်းမှ ကလေးငယ်များဖြစ်သည်။

 

 

ကလေးငယ်များအားရှေ့ဆုံးမှ သရုပ်ပြနေသူမှာ ကချင်လူမျိုးများသာမက ပြည်မက လူအချို့ကပင်သိရှိကြသည့် ကချင်အမျိုးသမီးငယ် ဆိုင်းနူးပင်ဖြစ်သည် ။ ဆိုင်းနူးသည် စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် Invitational Friendship Tournment Singapore 2018 ပြိုင်ပွဲတွင် နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့ပြီး ချန်ပီယံဆုကို ဆွတ်ခူးရယူနိုင်ခဲ့သည့် ကချင်အမျိုးသမီးငယ်တစ်ဦးဖြစ်သည် ။

“သမီးက Camp ထဲမှာဆိုရင် သူတို့နဲ့ကစားဖော်ကစားဖက် ကလေးဗိုလ်လေ။ ဘယ်သူမှမကြောက်ကြဘူး ။ ဆရာတွေမလာတဲ့နေ့ သူတို့ကို သင်ပေးရရင် ဘာ ခိုင်းခိုင်း မလုပ်လို့ မျက်နှာထားတင်းတင်းနဲ့ ၀ုန်းဒိုင်းလုပ်မှ သူတို့ကကြောက်တာ ။ အဲ့ဒီလိုမလုပ်ရင် သင်ပေးလို့မရဘူး” ဟု ဆိုင်နူးက သင်တန်းတွင် သင်ကြားရပုံကို ရယ်ရယ်မောမောဖြင့်ဆိုသည် ။

 

 

ဆိုင်းနူး၏ နိုင်ငံဂုဏ်ဆောင် အားကစားမယ်တစ်ယောက်၏လမ်းခရီးကား ပန်းခင်းလမ်းမဟုတ်ခဲ့ပေ။ သူနေထိုင်ရာ ရွှေစက်စစ်ဘေးရှောင်စခန်းအတွင်းမှ အဒေါ် ဖြစ်သူ၏ ထောက်ပံ့မှုဖြင့်နို်င်ငံဂုဏ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည် ။ မိဘနှစ်ပါးလုံး ကွယ်လွန် သွားပြီဖြစ်သည့်ဆိုင်းနူးသည်အဒေါ်ဖြစ်သူ၏မိသားစုနှင့်အတူ စစ်ရှောင်စခန်း အတွင်း နေထိုင်ရင်း ပညာရေးတစ်ဖက် အားကစားတစ်ဖက်ဖြင့် သူ၏ပန်းတိုင်သို့ လျှောက်လှမ်း နေသူဖြစ်သည် ။ နံနက်မိုးလင်းသည်နှင့် အဒေါ်နှင့်အတူ ခေါက်ဆွဲဆိုင်ခင်း ၊ ဈေးဝယ် ၊ဈေးရောင်း၊ ကျောင်းတက် ၊ ကရာတေးကျင့် အလုပ်များသည် ဆိုင်းနူးအတွက် နေ့စဉ် အချိန်ဇယားပင်ဖြစ်သည်။ ဆိုင်းနူးသည် မြစ်ကြီးနားမြို့နှင့် အလှမ်းမကွာဝေးသည့် တာလောကြီးကျေးရွာတွင်မွေးဖွားခဲ့သည်ဖြစ်ပြီး သူမထံတွင် အကိုတစ်ဦးနှင့် မောင်ငယ် တစ်ဦးရှိသည်။ သူမ၏ အမေဖြစ်သူသည် အငယ်ဆုံးကလေးငယ်အား မွေးဖွားပြီး မကြာမှီကွယ်လွန်ခဲ့ပြီးအမေဖြစ်သူ၏ဈာပနကြောင့်ထိုအချိန်တွင် သူငယ်တန်း တက်ရောက် ပညာသင်ကြားနေသည့် ဆိုင်နူးသည် ပညာရေးတနှစ်နောက်ကျခဲ့ရသည် ။

 

“သူ့အမေက ကလေးသုံးယောက်ရှိပြီဆိုတော့ နောက်ထပ်ကလေးတွေ မွေးလာရင် အရင်ကလေးတွေ မ၀မလင်ဖြစ်မှာစိုးလို့ ကလေးတွေကို ကျောင်း ကောင်းကောင်းထားချင်လို့ နောက်ထပ်မယူချင်တာကြောင့် တရုတ်ကလာတဲ့ ကိုယ်ဝန်တားတဲ့ဆေးတွေ စားမိတာကနေ ဆုံးသွားတာ ။ သူ့ကလေးတွေကို အရမ်းဖြစ်ထွန်းစေချင်တာ” ဟု ဆိုင်နူး၏ လက်ရှိအုပ်ထိန်းသူဖြစ်သည့် အဒေါ်ဖြစ်သူ ဒေါ်ခေါန်နှောင့်ကပြောသည်။

မြန်မာတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် ( KIA ) တို့အကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့် ၂၀၁၁ ခုနှစ်မှစတင်ပြီး ဖခင်ဖြစ်သူနှင့်အတူ ဆိုင်းနူးသည် ရွှေစက်စစ်ရှောင်စခန်းသို့ရောက်ရှိလာခဲ့သည် ။

 

ဖခင်ဖြစ်သူသည် ရွှေစက် စစ်ရှောင်စခန်းသို့ရောက်ရှိပြီး တစ်နှစ်ခန့်အကြာတွင် ဖျားနာရာမှကွယ်လွန်ခဲ့ပြီး ထိုအချိန်မှစတင်ပြီး အဒေါ်ဖြစ်သူမှ မောင်နှစ်မသုံးဦးအား စောင့်ရှောက်ပေးခဲ့သည် ။ လေဖြတ်ထားသည့် ခင်ပွန်းအား ပြုစုစောင့်ရှောက်ရင်း ခေါက်ဆွဲရောင်းရင်းဖြင့်ပင် စစ်ရှောင်စခန်းအတွင်း ဘ၀ကို ရုန်းကန်နေသည့် ဆိုင်နူး၏ အဒေါ်ဖြစ်သူ ဒေါ်ခေါန်နောင့်ကပင် ဆိုင်နူးအား ကရာတေးအားကစားလမ်းကြောင်းပေါ်သို့ တွန်းပို့ ပေးနိုင်ခဲ့သည် ။

“အန်တီတို့မှာက အားကိုးစရာများများစားစားမရှိဘူး ။ အန်တီနေမကောင်းတဲ့ အခါ သူ့ကိုမကြည့်နိုင်တဲ့အခါ သူ့ကိုယ်သူစောင့်ရှောက်နိုင်ဖို့ ကမ့်ထဲမှာဖွင့်ထားတဲ့ ကရာတေးသင်တန်းတတ်ဖို့ တိုက်တွန်းခဲ့တာ’ ဟု ဒေါ်ခေါန်နောင့်က ဆိုသည် ။

 

ငယ်စဉ်က အနည်းငယ်ချုခြာခဲ့သည် ဆိုင်နူးသည် ကရာတေးကစားချိန်တွင် သန်မာသည့် အမျိုးသမီးတစ်ဦးဖြစ်ခဲ့ပြီး ထိုကြောင့်ပင် သူ၏လေ့ကျင့်ဘက်များသည် အမျိုးသမီးများမဟုတ်ပဲအမျိုးသားများသာဖြစ်ခဲ့သည်။

 

ထိုကဲ့သိုလေ့ကျင့်ခဲ့မှုများကြောင့် ဆိုင်နူးအတွက် ပြိုင်ပွဲလမ်းစသည် ကချင် လွတ်မြောက်ရေးတပ်မတော် (KIA )စစ်ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ကရာတေးပြိုင်ပွဲတွင် အောင်မြင်မှုစတင်ရရှိခဲ့သည် ။ လိုင်ဇာမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် မျိုးရှာဂင်ထောင် ကရာတေးပြိုင်ပွဲတွင် ဆိုင်နူးသည် ဒုတိယဆုရရှိခဲ့ပြီး ကရာတေးအားကစားတွင်ထူးချွန်ကြောင်း တာဝန်ရှိသူများမှ ပိုမို သတိထားမိကြသည်။

 

မျိုးရှာဂင်တောင်ကရာတေးကလပ်သည် စစ်ဘေးရှောင် စခန်းများမှ ကလေးငယ်များ အားကစားလိုက်စားပြီး အခွင့်အလမ်းများ ရရှိလာနိုင် စေရန် ရည်ရွယ်ဖွဲ့စည်းထားသည့် ကရာတေးကလပ်တခုဖြစ်သည် ။ ပြိုင်ပွဲတွင် အမျိုးသမီးကစားသမားနည်းပါးသည့်အတွက် အမျိုးသားများနှင့် တန်းတူ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရပြီး အဆိုပါပြိုင်ပွဲတွင် ဆိုင်နူးသည် ဗိုလ်လုပွဲထိတတ်ရောက်ခဲ့ပြီး ဒုတိယဆု ရရှိခဲ့ခြင်းဖြစ်သည်။အဆိုပါပြိုင်ပွဲမှတဆင့် ဆိုင်းနူးအတွက် နိုင်ငံတကာပြိုင်ပွဲသို့ တက်လှမ်းရန်လမ်းပွင့်ခဲ့ပြီး စင်ကာပူပြိုင်ပွဲသို့သွားရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

 

 

“ဆိုင်နူးက ရိုးသားကြိုးစားတယ်။ စိတ်ထားကလည်းဖြူစင်တယ်။ မဟုတ်မခံ စိတ်မျိုးလည်းရှိတယ်။ ကရာတေးအားကစားအပေါ်လည်း စိတ်ဝင်တစား သင်ယူပြီး တခြားလူတွေအပေါ်ပြန်လည်မျှဝေပေးဖို့စိတ်ထားမျိုးလည်ရှိတဲ့ မိန်းကလေးမျိုး” ဟု ဆိုင်နူး၏ သင်တန်းဆရာဖြစ်သူဘွေလပ်ယိန်းဘောမ် က မှတ်ချက်ပြုသည် ။ ဆိုင်းနူးသည် စင်ကာပူနိုင်ငံသို့ နိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ သော်လည်း မိသားစုထောက်ပံ့မှု အပြည့်ဖြင့်သွားရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ရမှု အပေါ် အဒေါ်ဖြစ်သူ ဒေါ်ခေါန်နောင့်က ၀မ်းနည်းစကားဆိုသည် ။

 

 

“အဒေါ့်အမျိုးသားကလည်း လေဖြတ်ပြီးအိပ်ရာထဲမှာ ။ မိသားစုဝင်တွေ စားဝတ်နေရေးအတွက် ခေါက်ဆွဲရောင်းနေရတာဆိုတော့ ဆိုင်းနူးစင်ကာပူသွားတာ ဘာမှမလုပ်ပေးလိုက်ရဘူး။ ကိုယ်လည်း ကိုယ့်အပူနဲ့ကိုယ်ဆိုတော့သူ့အတွက် စိတ်မကောင်းဘူး” ဟုဆိုသည် ။ စင်ကာပူပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးရရှိသည့် သတင်းကြားသိရချိန်တွင် အတိုင်းမသိပျော်ရွှင်ခဲ့ရကြောင်း ဒေါ်ခေါန်နောင့်က ပြောသည် ။

 

 

“သူပြိုင်ပွဲဝင်နေတဲ့အချိန်မှာအန်တီတွေးပြီး အသားတွေတောင်တုန်တယ်။ ဘုရားမှာတောင်ဆုမတောင်းတတ်တော့ဘူး။ စိတ်ပူတာရော စိတ်လှုပ်ရှား တာတွေ ရောပေါ့ ။သူဆုရတဲ့အကြောင်း ဖေ့ဘုတ်ပေါ်မှာ သတင်းတွေပါလာတော့ တခြားလူတွေ လာပြောတော့ အရမ်းပျော်ရတယ်။ သူအောင်မြင်မှုလမ်းကြောင်းပေါ် ရောက်သွားတော့ ၀မ်းသာတယ် ။ အန်တီလည်း သူ့အပေါ်ရှိတဲ့ တာဝန်တွေပေါ့တာပေါ့” ဟု ဆိုသည်။

 

 

စင်ကာပူပြိုင်ပွဲတွင် ချန်ပီဆုရရှိခဲ့သည် ဆိုင်းနူးအပါအ၀င် ကချင်စစ်ဘေးရှောင် ကလေးငယ်နှစ်ဦးအကြောင်းသတင်းသည် မြန်မာသတင်း မီဒီယာများတွင် လူကြိုက် များသည့် သတင်းများဖြစ်ခဲ့ပြီး ပြည်သူများအကြားတွင်လည်း ဂုဏ်ယူ ၀မ်းမြောက်မှု ရှိကြောင်း အင်တာနက်လူမှုကွန်ယက်များတွင် ဖော်ပြခဲ့ကြသည်။ ဆိုင်းနူးသည် ပြိုင်ပွဲဆုကြေးနှင့် အသင်းတော်များ ၊ လူပုဂိုလ်များဆုချီးမြင့်သည် ဆုကြေးစုစုပေါင်း ဆယ်သိန်းခန့်ရရှိခဲ့ပြီး ရွှေစက်စစ်ရှောင်စခန်း ဆုတောင်းပွဲတွင် ငါးသိန်း ၊ ရွှေစက် ဘုရားကျောင်းအတွင်းရှိ စာသင်ကျောင်းဆောင်အတွက် တစ်သိန်း ၊ လေဖြတ်နေသည့် လူမမာဦးလေးဖြစ်သူအတွက် ဆေးဖိုး တစ်သိန်း ၊ သင်တန်းဆရာဖြစ်သူအား ကန်တော့ငွေ တစ်သိန်း ပြန်လည်မျှကာ အကျိုးရှိရှိ အသုံးချခဲ့သည် ။

 

 

” Camp ကတော့ သူ့အတွက် ဆုတောင်းပေးရုံကကလွဲပြီး ငွေရေးကြေးရေးတို့ ပစ္စည်းတို့ ထောက်ပံ့မှုတော့မရှိဘူး။ ရွေးချယ်ခံရတဲ့ ကလေးတွေအားလုံးကို IKO Myanmar ကနေ ပံ့ပိုးပြီးခေါ်သွားတာပေါ့ “ဟု ရွှေစက်စစ်ရှောင်စခန်းမှ တာဝန်ခံဖြစ်သူ ဦးအာရွန်တူးကဆိုသည်။

 

 

ရွှေစက်စစ်ရှောင်စခန်းရှိ ကရာတေးသင်တန်းကို ရွှေစက်ဘုရားရှစ်ခိုးကျောင်း အသင်းတော်မှပင် တည်ထောင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး YMCA မှ ဆရာများဖြင့် စတင်ခဲ့ခြင်းဖြစ်သည် ။ ဆိုင်နူးသည် အဆိုပါသင်တန်းမှ စတင်ပြီး နိုင်ငံတကာ စင်မြင့်အထိတက်လှမ်းကာ နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့ပြီးနောက် လက်ရှိအချိန်တွင် သင်တန်းဆရာများကိုယ်စား တဆင့်သင်ကြားပြသပေးမှုများကို ပြုလုပ်ပေးနေပြီ ဖြစ်သည် ။

” ရွှေစက်ကရာတေးသင်တန်းက အသင်းတော်က ဦးဆောင်ပြီးဖွင့်ပေးတာ။ အသင်းတော်က ကလေးတွေ ကျန်းမာရေးအတွက်ရော နောက် ထူးချွန်တဲ့ ကိုယ်ခံပညာပေါ့။ အဲ့ဒီလိုမျိုး selection ဖြစ်လာဖို့လည်း ရည်ရွယ်တာပေါ့။ YMCA က ဆရာတွေကို ခေါ်ပြီးတော့မှသင်ခိုင်းတာပေါ့။ သင်းအုပ်ဆရာက ဒါကိုဖွင့်မယ်ဆိုပြီး ပြောတော့ အကုန်လုံးက ဝါသနာပါကြတယ် ကလေးတွေကလည်း အားတဲ့အချိန် လေးတွေပေါ့။ တစ်ပတ်မှာ ၃ရက်ပဲလေ။ “ဟု ဦးအာရွန်တူးကဆိုသည်။

 

ဆိုင်းနူးသည် စင်ကာပူနိုင်ငံတွင် ချန်ပီယံဆုတံဆိပ်ကို ဆွတ်ခူးရရှိပြီးနောက်တွင် ရွှေစက်ဘုရားကျောင်းဝင်းအတွင်းရှိ ကရာတေးသင်တန်းသို့တတ်ရောက်သည့် ကလေးငယ်များပိုမိုများလာခဲ့သည် ။ သင်တန်းတွင် သင်တန်းဆရာ တစ်ဦးမှ နှစ်ဦးအထိရှိတတ်သော်လည်း ဆရာဖြစ်သူများမလာဖြစ်သည့်အချိန်တွင် ဆိုင်းနူးသည် ဆရာများကိုယ်စား မာန်အပြည့်ဖြင့်သင်ကြားသူတစ်ယောက်ဖြစ်လာခဲ့သည် ။

 

” ကရာတေးနဲ့ပတ်သက်ရင် သူက ခုဆိုပိုပြီးစိတ်အားထက်သန်သွားပြီ။ သူ့ကိုဆရာတွေကလည်း ပြောထားတယ်။ ကျန်တဲ့လူတွေကို ပြန်ပြီးတော့မှ သင်ကြားပေးနေတာ။ သူ့ကို ပြန်သင်ခိုင်းတာလေ ” ဟု ဦးအာရွှန်တူးက ဆိုသည်။ ဆိုင်နူးသည် အဒေါ်၏ ခေါက်ဆွဲဆိုင်အားကူညီရင်းတဖက် ၊ စာသင်ကြားတဖက်ဖြင့်ပင် ဆရာများကိုယ်စား အချိန်ပိုင်းကရာတေးနည်းပြအလုပ်ကိုပါ လုပ်ကိုင်နေခြင်းဖြစ်သည် ။ လက်ရှိအချိန်တွင် ဆိုင်နူးအနေဖြင့် ကရာတေးအားကစားကို အားထုတ်ကြိုးပမ်း နေသော်လည်း သူ၏အခြားသောအိမ်မက်တခုလည်းရှိနေသေးသည် ။

 

“ဆိုင်နူးက ငယ်ငယ်ကတည်းက စကားပြန်လုပ်ချင်တယ် ။ အင်္ဂလိပ်စကားပြန်လိုမျိုးပေါ့။ နိုင်ငံခြားမှာလည်း ပညာသင်ချင်တယ် ” ဟု ဆိုင်းနူးက ဆိုသည် ။ ဆိုင်နူးသည် လက်ရှိအချိန်တွင် န၀မတန်းတွင် တတ်ရောက် ပညာ သင်ယူရင်း အနီးဆုံးနိုင်ငံတကာပြိုင်ပွဲဖြစ်သည့် ဂျပန်နိုင်ငံတွင်ကျင်းပပြုလုပ်မည့် International Karate Friendship 2019 ပြိုင်ပွဲအတွက်လည်း အပြင်းအထန် လေ့ကျင့်လျက်ရှိသည်။ “ဒီတခါတည်းကြိုးစားရမယ် ။ ဖြစ်နိုင်ရင်တော့စင်ကာပူမှာလိုပဲ နိုင်ငံဂုဏ်ဆောင်ပြီးပြန်လာချင်တယ်”ဟုဆိုင်းနူးကဆိုသည်။

 

 

ဂျပန်နိုင်ငံတွင်ကျင်းပပြုလုပ်မည့် International Karate Friendship 2019 ပြိုင်ပွဲသို့ Kyoukshin ကရာတေးအမျိုးအစားတွင် မြန်မာနိုင်ငံမှ ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ ဆိုင်းနူးသည် ၅၅ ကီလိုတန်းတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုအားကစားသမား အနေဖြင့် ဆိုင်နူးအပါအ၀င် ကချင်ပြည်နယ်မှ ၅ ဦး ရန်ကုန်တိုင်းမှ နှစ်ဦး ဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည် ။ မြန်မာကိုယ်စားပြုကစားသမား ၇ ဦးတွင် အမျိုးသမီး နှစ်ဦးအမျိုးသားနှစ်ဦးဖြင့် စုဖွဲ့ထားခြင်းဖြစ်ပြီးလက်ရှိကစားသမားများ စာမေးပွဲ ဖြေဆိုပြီးချိန် ဖြစ်သည့်ယခုလကုန်ရက်ပိုင်းမှ စတင်ပြီးစခန်းသွင်း လေ့ကျင့်မည် ဖြစ်ကြောင်း သင်တန်းဆရာဖြစ်သူ ဘွေလပ်ယိန်းဘောမ်က ဆိုသည်။

 

“ဆိုင်းနူးကို ချန်ပီယံဖြစ်မယ်လို့မှန်းထားတယ် ။ ချန်ပီယံဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်”ဟု ဘွေလပ်ယိန်းဘောမ်က ယုံယုံကြည်ကြည်ဖြင့်ပြောသည် ။ International Karate Friendship ပြိုင်ပွဲသည် ဂျပန်နိုင်တွင် နှစ်စဉ် ကျင်းပပြုလုပ်သည့်ပြိုင်ပွဲဖြစ်ပြီး ဂျပန်နှင့် ရုရှနိုင်ငံတို့မှ ကရာတေးအားကစားသမားများ အများစုအောင်ပွဲခံကြသည့်ပြိုင်ပွဲတခုဖြစ်သည် ။ အထောက်အပံ့အပြည့်ဖြင့် နို်င်ငံ ကိုယ်စားပြုအားကစားသမားများအများအပြားလာရောက်ယှဉ်ပြိုင်မယ့် ဂျပန်ပြိုင်ပွဲသည် အသက် ၁၆နှစ်အရွယ် အမျိုးသမီးငယ် ဆိုင်နူးအတွက် ကြီးမားသည့်စိန်ခေါ်မှုဖြစ်သည်။ စိန်ပွင့်များဖြစ်ပေါ်လာရန်အတွက်ကာဗွန်အပေါ်သို့ အပူနှင့်ဖိအား သက်ရောက်ရန် လိုအပ်သကဲ့လို့ မိဘနှစ်ပါးမရှိတော့သည့်အပြင် စစ်ရှောင်စခန်းအတွင်း မည်သည့် ကာလအထိနေထိုင်ရမှန်းမသိသည့်အပူ ၊ ထောက်ပံ့မှုများမရှိပဲ ကိုယ်အားကိုယ်ကိုးဖြင့် ပြိုင်ပွဲဝင်ရမည့် ကြီးမားသည့်ဖိအားဒဏ်တို့သည် အမျိုးသမီးငယ်ဆိုင်နူးအတွက် စိန်ပွင့်ဖြစ်ပေါ်လာနိုင်ရန် အခွင့်အလမ်းများပင်ဖြစ်သည် ။

 

“ဆိုင်နူးကတော့ ဂျပန်ပြိုင်ပွဲမှာလည်းအောင်မြင်အောင် ကစားမယ် ။ နောက်ထပ်လည်း ကစားနိုင်သလောက် ကစားသွားဦးမယ် ။ နောက်ပိုင်း ဆရာတွေလို ကိုယ်ပိုင်ကလပ်တွေဘာတွေဖွင့်ချင်တဲ့အထိတော့ စဉ်းစားထားတယ် ။ တခြား မိန်းကလေးတွေကိုလည်းကရာတေးကစားစေချင်တယ်” ဟု ဆိုင်းနူးက ယုံယုံကြည်ကြည်ဖြင့် နုတ်ဆက်စကားပြောရင်း ကရာတေးလေ့ကျင့်နေတဲ့ သူ့သင်တန်းသားတွေဆီ တက်ကြွတဲ့ ခြေလှမ်းများဖြင့် ထွက်ခွါသွားလေသည်။

 

 

Related posts

Leave a Comment

VOM News

FREE
VIEW