အောက်သကန်ကျေးရွာသို့ လက်နက်ကြီးကျရောက်ပြီး အမျိုးသမီးတစ်ဦးသေဆုံး သုံးဦးဒဏ်ရာရ

မြောက်ဦး၊ မတ် ၂၉-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် မြောက်ပိုင်း အောက်သကန်ကျေးရွာအနီး လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့အတွက် ကျေးရွာအတွင်းမှာရှိနေတဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ဆေးရုံတင်ထားရတယ်လို့  ဒေသခံတွေကပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုဟာ မနက် ၆ နာရီကျော်လောက်ကဖြစ်ပွားခဲ့တာဖြစ်ပြီး အောက်သကန်ရွာနဲ့ တစ်မိုင်လောက်ကွာဝေးတဲ့ တိန်ညိုတံတားနားကနေ တပ်မတော်စစ်ကြောင်းက ပစ်ခတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

“ဖြစ်တာတော့ မနက်ကတည်းကဖြစ်တာပါ။ ဘယ်လိုဖြစ်တယ်ဆိုတာတော့မသိရသေးဘူး။ လက်နက်ကြီးတွေနဲ့ ရွာကိုပစ်လိုက်တဲ့အတွက် အမျိုးသမီးတစ်ဦးသေတယ်။ လေးဦးကတော့ဆေးရုံကိုရောက်နေပြီ။ အဲ့ဒီမှာ တစ်ဦးက နှလုံးရောဂါရှိတဲ့အတွက် စိုးရိမ်ပြီး နှလုံးဖောက်လို့ ဆေးရုံပို့လိုက်ရတာပါ”လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူလေးဦးထဲက မပေါက်စမ (၂၅)နှစ် ကိုတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် မြောက်ဦးဆေးရုံကို ပို့ဆောင်ထားပြီး ကျန်တဲ့လူနာတွေကိုတော့ တိန်ညိုဆေးရုံမှာ ဆေးကုသမှုတွေပြုလုပ်ပေးနေတာဖြစ်ပါတယ်။

“အခြေအနေတွေကို လေ့လာလို့မရဘူးဖြစ်နေတယ်။ အောက်သကန်တစ်ရွာလုံးကို တပ်ကစစ်ဆေးနေတဲ့အတွက် ဖုန်းဆက်လို့မရဘူး။ သေဆုံးသွားတဲ့အမျိုးသမီးကိုလည်း ဆေးရုံကိုမပို့ရသေးဘူး။ ရွာမှာပဲရှိသေးတယ်လို့ သတင်းရပါတယ်။”လို့ ဦးထွန်းသာစိန်ကပြောသည်။

တိန်ညိုဆေးရုံမှာ ဆေးကုသမှုခံယူဖို့ရောက်ရှိနေသူတွေမှာ ဦးလှအောင်တင် ၃၈ နှစ်၊ ဦးခေါင်းနှင့် ရင်ဘတ်ဒဏ်ရာရရှိသူ၊ ဦးဝင်းကျော်သိန်း ၃၃ နှစ်၊ ညာဘက်ရင်အုပ် ကျည်ထိမှန်သူ၊ ဒေါ်မစိုးသန်း ၄၀ နှစ် ကြောက်ရွံ့ပြီး နှစ်လုံးဖောက်နေသူတို့ ဖြစ်ကြပါတယ်။

 

#voiceofmyanmar #ရခိုင်သတင်း #လက်နက်ကြီးထိမှန် #မြောက်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW