မြန်မာအမျိုးသမီးဦးဆောင်တဲ့ အင်္ဂါဂြိုဟ်လေ့လာရေး ရဟတ်ယာဉ်စီမံကိန်းအောင်မြင်

ကယ်လီဖိုးနီးယား ၊ မတ်-၃၁-၂၀၁၉

မျိုးဆက် (VOM)

 

နာဆာရဲ့ Jet Propulsion Laboratory မှာ အကြိမ်ပေါင်းများစွာ စမ်းသပ်မှုတွေ လုပ်ဆောင်ပြီးနောက် အင်္ဂါဂြိုဟ်ပေါ်မှာ စူးစမ်းမှုတွေအတွက် ပျံသန်းမယ့် ရဟတ်ယာဉ်စီမံကိန်း အောင်မြင်ခဲ့ပြီဖြစ်တယ်လို့ နာဆာက ထုတ်ပြန်ပါတယ်။

 

နောက်တစ်ကြိမ်ပျံသန်းမှုကတော့ အင်္ဂါဂြိုဟ်ပေါ်မှာ ပျံသန်းနိုင်တော့မှာဖြစ်တယ်လို့ Mars Helicopter project manager ဒေါ်မီမီအောင်က ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။ လက်ရှိအချိန်အထိ အင်္ဂါဂြိုဟ်ပေါ်မှာ Spirit နဲ့ Opportunity ဆိုတဲ့ဂြိုလ်ဆင်းယာဉ်တွေသာ စေလွှတ်လေ့လာနိုင်ခဲ့တာဖြစ်ပြီး ဂြိုဟ်ပေါ်မှာ ရဟတ်ယာဉ်နဲ့ ပျံသန်းလေ့လာဖို့ လုပ်ဆောင်တာကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

 

ဒါပေမယ့် အင်္ဂါဂြိုဟ်ပေါ်မှာ လက်တွေ့ပျံသန်းနိုင်ဖို့ကတော့ မိုင်ပေါင်းသန်း ၉၀ ကနေ ၆၄၀ ကြားကွာဝေးတဲ့ ကမ္ဘာပေါ်ကနေ ထိန်းချုပ်မောင်းနှင်ဖို့နဲ့ ကမ္ဘာထက်လေထုပါးလွှာပြီး အလွန်အေးခဲ့တဲ့ ရာသီဥတုကြောင့် ရဟတ်ယာဉ်ရဲ့ အီလက်ထရောနစ်ပစ္စည်းတွေ ပျက်စီးနိုင်တဲ့ အန္တရာယ်တွေက စိန်ခေါ်မှုတွေဖြစ်နေပါတယ်။

 

ရဟတ်ယာဉ်ရဲ့ အလေးချိန်ဟာ ၁ ဒသမ ၈ ကီလိုဂရမ်သာရှိပြီး ကယ်လီဖိုးနီးယားမှာရှိတဲ့ နာဆာရဲ့ စမ်းသပ်စခန်းမှာ အဂါင်္ဂြိုလ်ရဲ့ မြေဆွဲအားအပါအ၀င် ရာသီဥတုအခြေအနေတွေအတိုင်း ဖန်တီးပြီး စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

 

နာဆာဟာ  ၂၀၂၀ ခုနှစ်နှောင်းပိုင်းမှာ အင်္ဂါဂြိဟ်ပေါ်ကို စူးစမ်းလေ့လာရေး ယာဉ်စေလွှတ်ရာမှာ အဲဒီရဟတ်ယာဉ်ကို သယ်ဆောင်သွားမှာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အင်္ဂါဂြိုဟ်ပေါ် ရောက်ရှိဖို့ မျှော်လင့်ရပါတယ်။

 

Ref: CNET

Photo : Ashly Cullumber / SpaceFlight Insider

Related posts

Leave a Comment

VOM News

FREE
VIEW