ကျောက်တော်၊ ဧပြီ ၁-၂၀၁၉
ခိုင်လင်းစံ(VOM)
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဖက်ဝန်းချောင်း မြိုတိုင်းရင်းသားကျေးရွာထဲကို ဒီနေ့ညနေပိုင်းက လက်နက်ကြီးကျည်ကျရောက်ပြီး ကျေးရွာသား ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာရရှိ ၂ဦးထဲက တစ်ဦးမှာ ဒဏ်ရာပြင်းထန်တဲ့အတွက် ကျောက်တော်ဆေးရုံကနေ စစ်တွေဆေးရုံကိုယူဆောင်လာခဲ့တာမှာ ညနေ၈နာရီကျော်မှ ရောက်ရှိခဲ့ပါတယ်။
“ကျွန်မသားလေးက နေ့လည်ပိုင်းမှာ သူ့အစ်မဆီမှာ အလုပ်လုပ်ပြီးတော့ ရွာထဲကအိမ်ကြီးတစ်အိမ်မှာ သွားနေပါတယ်။ အဲ့ဒီမှာ ရွာသား ၂၀ လောက် ရှိနေတာပါ။ အဲ့ဒီအိမ်ရှေ့ခြံအတွင်းမှာ လက်နက်ကြီးကျည်ကျပြီး ပေါက်ကွဲခဲ့တာပါ။ ကျွန်မသားလေးနဲ့ နောက်တစ်ယောက်ကိုထိသွားပါတယ်။”လို့ ဒဏ်ရာရရှိသူ မောင်မောင်သူရဲ့အမေ ဒေါ်မဝင်းကပြောပါတယ်။
နေအိမ်ခြံဝင်းအတွင်း လက်နက်ကြီးကျည်ကျရောက်တဲ့အတွက် ထိခိုက်ဒဏ်ရာရရှိသူ ၂ဦးမှာ ဖက်ဝန်းချောင်းရွာသား ဦးဇော်မင်း ၃၂ နှစ်နဲ့ မောင်မောင်သူ ၁၅ နှစ်တို့ဖြစ်ကြပါတယ်။
“ဘယ်ကပစ်တယ်ဆိုတာတော့ တိတိကျကျပြောဖို့ခက်ပါတယ်။ ကျွန်တော်တို့ရွာအရှေ့ဘက် ကန်ဇောက်ရွာရှိတဲ့ဘက်ကလာတာပါ။ ညနေ ၃ နာရီလောက်မှာ ရွာနောက်ဘက်က တောင်ပေါ်မှာတစ်လုံးကျတယ်။ နောက် ရွာပြင်မှာတစ်လုံးကျတယ်။ ပြီးတော့ရွာထဲမှာတစ်လုံးကျတာပါ။ အဲ့ဒီမှာရွာသားတွေကို ထိတာဖြစ်ပါတယ်။”လို့ ဖက်ဝန်းချောင်းရွာသား ကိုကျော်မင်းကပြောပါတယ်။
ဖက်ဝန်းချောင်းကျေးရွာဟာ မြိုတိုင်းရင်းသားတွေနေထိုင်တဲ့ကျေးရွာဖြစ်ပြီး အိမ်ခြေ ၅၄ ဆောင်ရှိပြီးတော့ ပစ်ခတ်သံတွေကြားရတဲ့အတွက် ရွာကနေအိမ်တစ်ဆောင်မှာ ပုန်းအောင်းနေတဲ့အချိန် အခုလို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
#voiceofmyanmar #ကျောက်တော် #မြိုတိုင်းရင်းသား #လက်နက်ကြီးကျည်ကျ