ကနီမြို့မှာ လေပြင်းတိုက်ခတ် အဆောက်အဦး ၇၀ ကျော် ပျက်စီး

ကနီ ဧပြီ ၇-၂၀၁၉

မိုင်ချယ်ရီ(VOM)

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်မှာ ဧပြီလ ၆ ရက်နေ့ ညနေပိုင်းနဲ့ ညပိုင်းမှာ တိုက်ခတ်ခဲ့တဲ့ လေပြင်းတွေကြောင့် လူနေအိမ် အပါအ၀င် အဆောက်အဦး ၇၀ ကျော် ပျက်စီးခဲ့တယ်လို့ စစ်ကိုင်းတိုင်း ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနရုံးကနေ သိရပါတယ်။
ကနီမြို့နယ် မှာ တိုက်ခတ်ခဲ့တဲ့လေပြင်းကြောင့် ကျေးရွာ ၁၉ ရွာ က လူနေအိမ် ၆၇ လုံး အမိုးလန်ပျက်စီးခဲ့ပြီး လူနေအိမ် ၃ လုံး ပြိုကျပျက်စီးပြီးတော့ စာသင်ကျောင်းဆောင် နဲ့ ဘုန်းတော်ကြီးကျောင်းဆောင် စုစုပေါင်း (၃)လုံး အမိုးလန်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလို ပျက်စီးခဲ့ပေမယ့် လူသေဆုံး ထိခိုက်ဒဏ်ရာ ရတာတွေ မရှိဘူးလို့ သိရပါတယ်။ပျက်စီးသွားတဲ့ နေအိမ်အတွက် ထောက်ပံ့မှုတွေကိုတော့ ဧပြီလ ၈ ရက်နေ့ တနင်္လာနေ့မှာ ပြုလုပ်မှာ ဖြစ်တယ်လို့ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနရုံး တိုင်းဦးစီးမှူး ဦးစ၀ီလီဖရန့် က ပြောပါတယ်။

“ညနေ ပိုင်းက တိုက်တာ တိုက်ခတ်ချိန် ၁ နာရီလောက် ကြာတယ်။လေတိုက်ပြီးတော့ မိုးတွေ ရွာလာခဲ့တာပဲ။ခုတော့ ပျက်စီးသွားတဲ့ နေအိမ်က မိသားစုဝင်တွေ က နီးစပ်ရာဆွေမျိုးတွေ အိမ်မှာ နေထိုင်နေကြတယ်” လို့ ခုံကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင့်လွင် က ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ မတ်လ ၃၁ ရက်နေ့ကလည်း လေပြင်းတွေ တိုက်ခတ်ခဲ့တာကြောင့် မြို့လေးမြို့ လူနေအိမ် အပါအ၀င် အဆောက်အဦး ၇၀ ကျော် ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ဒါ့အပြင် မတ်လ ၁၈ ရက်နေ့ က တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် လူနေအိမ် အပါအ၀င် အဆောက်အဦး ၆၉ လုံး ပျက်စီးခဲ့ပါတယ်။

 

#voiceofmyanmar #ကနီ #လေပြင်းတိုက်ခတ် #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW