ကံမ ဥသျှစ်ကုန်းရွာတောင်သူတွေ မြေနုကျွန်းလုပ်ခွင့်မရလို့ ဆန္ဒပြ

ကံမ ဧပြီ ၂၅-၂၀၁၉

ဂျန်​ကိုးလ်​ (VOM)

 

မ​ကွေးတိုင်း သရက်​ခရိုင်​ ကံမမြို့နယ်​ ဥသျှစ်​ကုန်း​ကျေးရွာ​ဘေးက ဖြတ်​သန်းစီးဆင်းတဲ့ မင်းတုန်း ချောင်းအတွင်းမှာ ​ပေါ်ထွန်းလာတဲ့ ​မြေနုကျွန်းများ ပြန်​လည်​လုပ်​ကိုင်​ခွင့်​ရရှိဘို့ ဥသျှစ်​ကုန်း​ကျေးရွာ​ဒေသခံများက ဧပြီလ၂၅ရက်​မနက်​ပိုင်းမှာ ကံမမြို့​ပေါ်မှာ ဆန္ဒ​ဖေါ်ထုတ်​ခဲ့ကြတယ်​လို့​ဒေသခံများထံကသိရပါတယ်​။

 

သူတို့​ကျေးရွာအနီးက​ပေါ်ထွန်း​နေတဲ့ ​မြေနုကျွန်းတွေပေါ်မှာ လုပ်ကိုင်​ခွင့်​အမြန်​ပြန်​ရရှိ​ရေး ​မြေစာရင်းဌာနရဲ့ အလွဲတွေပြင်​ဆင်​​ပေး​ရေးအတွက်​ ​တောင်းဆိုမှု​တွေပြုလုပ်​ခဲ့တာလို့သိရပါတယ်​။

 

“ကျမတို့ ဘိုးဘွားလက်ထက်ကတည်းကလုပ်လာတဲ့မြေတွေ အခုမလုပ်ရတာ သုံးနှစ်လောက်ရှိပြီ အိမ်က ကလေးတွေလည်း အလုပ်မရှိလို့ နိုင်ငံခြားထွက်အလုပ်လုပ်နေရတယ် မြေနုကျွန်းက ကျမတို့ရွာနဲ့ တစ်ဆက် တစ်စပ်တည်း ပေါ်နေတဲ့မြေတွေကို မြေစာရင်းဌာနက တလွဲတွေချထားပေးခဲ့တာ အဲဒီအတွက် အမြန်ဆုံး ပြန်လည် လုပ်ကိုင်နိုင်ဖို့အတွက် တောင်းဆိုရတာပါ”လို့ ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သူ ဒေါ်ကြည်ကြည်မြင့်က ပြောပါတယ်​။

 

ဆန္ဒ​ဖေါ်ထုတ်​သူတွေဟာ​ ကံမမြို့​ထိပ်​က​နေ မြို့တွင်းလှည့်​ကာမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနရှေ့ထိ သွားရောက် တောင်းဆိုမှုများကို ပြုလုပ်ခဲ့ကြကြောင်းသိရပါတယ်​။

 

ဒီကိစ္စအတွက်  ကံမမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထိန်လင်းကိုမေးကြည့်တော့

“ဟုတ်တယ် အရင်တုန်းက ဒီကိစ္စနဲ့ပတ်သက်လို့ လွဲမှားစွာချထားပေးတဲ့အတွက် ၀န်ထမ်းနှစ်ယောက်ကို အရေးယူတာတွေရှိခဲ့ပါတယ်။  အခုအဲတာတွေကို ပြန်စီစစ်ပြီး ရသင့်ရထိုက်တဲ့သူတွေ ရရှိဖို့အတွက် ဆောင်ရွက်နေပါတယ်။”လို့ သူကပြောပါတယ်။

 

ဥသျှစ်​ကုန်းရွာဟာ ကံမမြို့နယ်​​ ရေနံ့သာအုပ်​စုတွင်းမှာရှိပြီး မင်းတုန်း​ချောင်း​ရေကျချိန်​မှာ နုံးတင်​​မြေနု​ပေါ်တတ်​သလို ၇နှစ်​က​နေ ၁၀နှစ်ခန့်​လုပ်​ပြီးချိန်​​ရေ​နောက်​ပြန်​ပါသွားကာ ၃နှစ်​ခန့်​အကြာပြန်​​ပေါ်လာတတ်​​ကြောင်း ဒါ​ကြောင့်​အခြားနယ်​က​မြေနုကျွန်းတွေလို မဟုတ်​ဘဲ ပုံစံ၇ ရရှိတဲ့​မြေနုကျွန်းမျိုးဖြစ်​တယ်​လို့​ ရှေ့မှီ​နောက်​မှီလူကြီးသူမများက​ပြောစကားအရသိရပါတယ်​။

 

#voiceofmyanmar #ကံမ #မင်းတုန်း #မြေနုကျွန်း

Related posts

Leave a Comment

VOM News

FREE
VIEW