ဖလော်ရီဒါပြည်နယ်က ဆရာ၊ဆရာမတွေ စာသင်ခန်းထဲမှာ သေနတ်ကိုင်ခွင့် ရတော့မယ်

ဖလော်ရီဒါ၊ မေ-၂-၂၀၁၉

မျိုးဆက် (VOM)

 

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ပါ့လန်းရှိ အထက်တန်းကျောင်းတစ်ခုမှာ ပြီးခဲ့တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်တိုက်ခိုက်မှုအပြီး နောက်ထပ် အစုအလိုက်အပြုံလိုက် သတ်ဖြတ်တာတွေကို ကာကွယ်တားဆီးဖို့အတွက် စာသင်ခန်းတွေအတွင်း ဆရာ၊ ဆရာမတွေကို သေနတ် ကိုင်ဆောင်တာကို ကိုခွင့်ပြုတဲ့ ဥပဒေကြမ်းတစ်ရပ်ကို ဖလော်ရီဒါ ဥပဒေပြုလွှတ်တော်က မေ ၁ ရက်မှာ အတည်ပြုလိုက်ပါတယ်။

 

 

ဒီဥပဒေကြမ်းကို ဒီမိုကရက်တစ်တွေ နဲ့ ရီပတ်ဘလီကန်အမတ်တွေအကြား နှစ်ရက်အတွင်း နာရီပေါင်းများစွာ ဆွေးနွေးပြီးနောက် ထောက်ခံမဲ ၆၅ မဲ၊ ကန့်ကွက်မဲ ၄၇ မဲနဲ့ ဖလော်ရီဒါအောက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ဖလော်ရီဒါ အထက်လွှတ်တော်ကတော့ ဒီဥပဒေကြမ်းကို ထောက်ခံမဲ ၂၂ မဲ၊ ကန့်ကွက်မဲ ၁၇ မဲနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က အတည်ပြုခဲ့ပါတယ်။ ဥပေဒကြမ်းကို ဥပဒေအဖြစ် ရီပတ်ဘလီကန် အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်တစ်က လက်မှတ်ရေးထိုးဖွယ်ရှိပြီး လက်နက်ကိုင်ဆောင်တာနဲ့ ပတ်သက်ပြီး ၁၄၄ နာရီကြာ သင်တန်းတက်ရောက်ပြီးခဲ့တဲ့ ဆရာ၊ ဆရာမတွေကို လက်နက်ကိုင်ဆောင်စေပြီး ဆန္ဒအလျောက်စောင့်ကြပ်ရေးအစီအစဉ်မှာ ပါဝင်လိုတဲ့ စာသင်ကျောင်းတွေကို ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။

 

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က ဖလော်ရီဒါပြည်နယ် ပါ့လန်းရှိ အထက်တန်းကျောင်းတစ်ကျောင်းမှာ ကျောင်းသားဟောင်းတစ်ဦးက သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်ခဲ့လို့ လူ ၁၇ ဦးသေဆုံးပြီး အခြား ၁၇ ဦး ဒါဏ်ရာရရှိခဲ့ပါတယ်။ စာသင်ကျောင်းအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့ သေနတ်သမားတစ်ဦးကို လက်နက်ကိုင်ဆောင်ထားတဲ့ ဆရာ၊ ဆရာမတစ်ဦးက အကောင်းဆုံးကာကွယ်မှု ပြုလုပ်နိုင်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် အမျိုးသားရိုင်ဖယ်အဖွဲ့က ယင်းဖြစ်ရပ်အပြီးမှာ စောဒကတက်ပြောဆိုခဲ့ကြပါတယ်။

Ref : CNA

Photo : Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW