ရိုက်တာသတင်းထောက် ၀လုံးနဲ့ ကျော်စိုးဦးတို့ ယူနက်စကိုကပေးတဲ့ သတင်းလွတ်လပ်ခွင့်ဆုရရှိ

ပါရီ၊ မေ-၂-၂၀၁၉
မျိုးဆက် (VOM)
မြန်မာနိုင်ငံမှာထောင်ဒါဏ် ခုနှစ်နှစ်ကျခံနေရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သူ ၀လုံးနဲ့ ကျော်စိုးဦးတို့ဟာ ယူနက်စကိုကနေပေးအပ်တဲ့ 2019 UNESCO/Guillermo Cano Press Freedom Prize ဆုကိုရရှိသွားပါတယ်။
ဒီဆုဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်မြင့်တင်သူတွေအတွက် ဂုဏ်ပြုချီးမြှင့်တာဖြစ်ပြီး ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ၀လုံးနဲ့ ကျော်စိုးဦးတို့ဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် သူတို့ရဲ့ သတ္တိနဲ့ စွမ်းဆောင်မှုတွေကြောင့် ဆုချီးမြင့်ရတာလို့ ယူနက်စကိုက ထုတ်ပြန်ထားပါတယ်။
ရိုက်တာသတင်းထောက်နှစ်ဦးဟာ ရခိုင်ပြည်နယ်မှာ မြန်မာတပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း စုံစမ်းဖော်ထုတ်ရေးသားနေချိန် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်မှာ အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ဒီဇင်ဘာကလည်း အခြားသတင်းထောက်သုံးဦး ၊ သတင်းအဖွဲ့အစည်းတစ်ခုနဲ့အတူ Time မဂ္ဂဇင်းရဲ့ Person of the Year အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
အခုရရှိခဲ့တဲ့ Guillermo Cano Press Freedom Prize ဆုကိုတော့ ယူနက်စကိုကနေ ၁၉၉၇ ခုနှစ်ကစပြီး ကမ္ဘာ့ရဲ့ဘယ်နိုင်ငံမှာဆို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်သူ ဒါမှမဟုတ် မြင့်တင်ဖို့အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သူတွေကို ပေးအပ်တဲ့ ဆုဖြစ်ပါတယ်။
ဒီဆုကိုတော့ အီသီယိုပီးယားနိုင်ငံ အဒစ္စ အဘာဘာမြို့မှာ ယူနက်စကိုက မေ ၂ မှာကျင်းပမယ့် World Press Freedom Day မှာပေးအပ်သွားမှာဖြစ်ပြီး ရိုက်တာသတင်းထောက်နှစ်ဦးဟာ ထောင်ဒါဏ်ကျခံနေရတဲ့အတွက် သူတို့ရဲ့ မိသားစုဝင်သို့ ကိုယ်စားလှယ်တစ်ဦးဦးက လက်ခံရယူဖို့ယူနက်စကိုအဖွဲ့က မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
Ref : TIME Photo : Kyodo

 

Related posts

Leave a Comment

VOM News

FREE
VIEW