ရန်ကုန် ၊ မေ ၄-၂၀၁၉
သူရိန် (VOM)
ကမ်းနီး၊ကမ်းဝေး ငါးဖမ်းရေယာဉ်တွေလှိုင်းဒဏ် ၊လေဒဏ် ခိုလှုံနိုင်ဖို့ ပြည်နယ်နဲ့တိုင်း ၄ခုမှာ ရာသီဥတုဒဏ်ခိုလှုံဖို့ နေရာတွေကို ငါးလုပ်ငန်းဦးစီးဌာနက သတ်မှတ်ပေးလိုက်ပါတယ်။
ငါးဖမ်းရေယာဉ်တွေအနေနဲ့ ရာသီဥတုဒဏ် ခိုလှုံဖို့သတ်မှတ်ပေးထားတဲ့ ၁၅ နေရာမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ကမင်းဂံချောင်းအတွင်း ၊ ပေါက်တောမြို့နယ်က ဖရုံဂါကျွန်း ၊ ကျောက်ဖြူမြို့နယ်က ငလပွေ့ချောင်း ၊ သံတွဲမြို့နယ်က ဆင်ခေါင်း ဆိပ်ကမ်းနဲ့ သဗြုချိုင် ၊ တောင်ကုတ်မြို့နယ်က သင်္ဘောဆိပ် ၊ ဂွမြို့နယ်က တင်တောကျေးရွာအုပ်စု ၊ အမော်ချိုင် ၊ ဧရာဝတီတိုင်းငပုတောမြို့နယ်က ဟိုင်းကြီးကျွန်းနဲ့ ပြင်ခရိုင်ချောင်းဝကျေးရွာ ၊ဘိုကလေးမြို့နယ်က ကဒုံကနိကျေးရွာ ၊ မွန်ပြည်နယ်ရေးမြို့နယ်ကဝါးကျွန်းနဲ့ တနင်္သာရီတိုင်း လောင်းလုံမြို့နယ်က လောင်းလုံဘုတ်ကျွန်း၊ မြိတ်မြို့နယ်က တနင်္သာရီကျွန်း၊ ကျွန်းစုမြို့နယ်က ပြင်စဘုကျွန်းတို့ဖြစ်ပါတယ်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ ကမ်းနီး၊ကမ်းဝေး ငါးဖမ်းရေယာဉ်တွေအနေနဲ့မုတ်သုံရာသီအတွင်း ရာသီဥတုဆိုးရွားချိန်တွေမှာရာသီဥတုဒဏ် ခိုလှုံဖို့အတွက် ရခိုင်ပြည်နယ် ၊ မွန်ပြည်နယ် ၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းတို့မှာခွင့်ပြုနေရာ ၁၅ နေရာ သတ်မှတ်ပေးထားတာပါ။
ကမ်းဝေးငါးဖမ်းသင်္ဘောတွေက ရာသီဥတုကို အကြောင်းပြပြီး ကမ်းနီးမှာ ငါးဖမ်းဆီးရင် မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေအရ အရေးယူသွားမှာပါ။ဒီလိုအရေးယူရာမှာလိုင်စင်ရှိရင် စည်းပျက် ငါးဖမ်းသင်္ဘော၊ လိုင်စင်မရှိရင် တရားမဝင် ငါးဖမ်းသင်္ဘောအနေနဲ့ အရေးယူပြီး ငါးဖမ်းစီးခွင့် ၃လ ပိတ်သိမ်းခြင်းနဲ့ ဒဏ်ငွေပေးဆောင်စေတာတွေနဲ့ အရေးယူသွားမှာဖြစ်ပါတယ်။
ဒဏ်ကြေးအနေနဲ့ ပထမအကြိမ်ဆိုရင် ကျပ် သိန်း ၃၀ ၊ဒုတိယအကြိမ် ဆိုရင် ကျပ် သိန်း ၆၀ နှင့် တတိယအကြိမ်ဆိုရင် လှေဘဏ္ဍာ သိမ်းယူသည်အထိ အရေးယူသွားမှာပါ။
ငါးဖမ်းကွက်တွေအတွင်းမှာ ငါးမဖမ်းရကာလကို ဇွန်လ ၁ ရက်ကနေ သြဂုတ်လ ၃၁ ရက်အထိ သုံးလအကြာသတ်မှတ်ထားပြီး ငါး၊ပုစွန်သားပေါက်ဖွားတဲ့ ရာသီချိန်မှာ ငါးနဲ့သက်ရှိသယံဇာတတွေကို ထိန်းသိမ်းနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပကမ်းဝေး ငါးဖမ်းရေယာဉ်တွေကိုလည်း ထုတ်ပြန်ချက်နဲ့ ညွှန်ကြားထားပြီး ငါးမဖမ်းရသတ်မှတ်ထားတဲ့ ဧရိယာအတွင်း ကမ်းဝေးငါးဖမ်းလုပ်ကွက်ပေါင်း ၁၅၀ခန့် ရှိတယ်လို့ သိရပါတယ်။
ညွှန်ကြားထားတဲ့ ညွှန်ကြားချက်တွေကို မလိုက်နာဘဲ ငါးပုစွန် သားပေါက်ချိန်ကာလမှာ ၀ယ်ယူစုဆောင်းတာနဲ့ တင်ပို့တာတွေပြုလုပ်ခဲ့ရင် တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမှာဖြစ်ပါတယ်။
#voiceofmyanmar #ငါးဖမ်းကွက် #ခိုလှုံရာနေရာ