ရန်ကုန် ၊ မေ ၆-၂၀၁၉
သူရိန် (VOM)
ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုအတွင်း စည်းကမ်းလိုက်နာတဲ့ကားများနဲ့ လူကူးမျဉ်းကျား အသုံးပြုတဲ့ ခရီးသွားတွေကိုဆုချမယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ၊ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။
ရန်ကုန်တိုင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီရဲ့ ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ၊ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို ဒီနေ့မနက်(၇)နာရီခွဲက ရန်ကုန်မြို့၊ မြို့တော်ခန်းမမှာကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ၊ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်ပြောပြတာက
‘ ကမ္ဘာလုံးဆိုင်ရာယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုကို မေလ ၆ ရက်ကနေ ၁၂ ရက်အထိ ၇ ရက်တိုင်ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီရက်သတ္တပတ်မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးတာတွေ လုပ်ပါမယ်။ စည်းကမ်းလိုက်နာတဲ့ ပြည်သူတွေ ယာဉ်မောင်းတွေကို ဆုချမယ်။ ဒီလ ၆ ရက်ကနေ ၈ရက်အထိ အဖွဲ့ ၈ ဖွဲ့ ခွဲပြီး ဘတ်စ်ကားပေါ်မှာ ခရီးသွား ပြည်သူတွေကို အသိပညာပေးဟောပြောမယ်။ YBS ဂိတ်စ ဂိတ်ဆုံးမှာ ယာဉ်မောင်းတွေကို အန္တရာယ်ကင်းရှင်းအောင် မောင်းနှင်ဖို့ဟောပြောမယ်။ မီးပွိုင့်တွေမှာစည်းကမ်းလိုက်နာတဲ့ ကားတွေကို ဆုချတာတို့ လူကူးမျဉ်းကျားကို အသုံးပြုတဲ့ ခရီးသွား ပြည်သူတွေကိုဆုချတာတွေလုပ်မယ်လို့’
ဦးလျန်ကျင့်မန်ကပြောပါတယ်။ ဒါ့အပြင်သတ်မှတ်ထားတဲ့ယာဉ်ရပ်နားရမယ့်နေရာတွေမှာ စနစ်တကျ ရပ်ထားတဲ့ကားတွေကို ဆုချတာ၊ မျဉ်းဝါအံကွက်မှာ သတ်မှတ်ချက်နဲ့အညီ ရပ်နားမောင်းနှင်မယ့် ယာဉ်မောင်းတွေကို အသိအမှတ်ပြု Bonus ပေးတာ၊ ဂုံးကျော်တံတားကို အသုံးပြု ဖြတ်ကူးတဲ့ ပြည်သူတွေကိုဂုဏ်ပြုလက်ဆောင်တွေ ပေးအပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံရဲ့ လမ်းတွေပေါ်မှာယာဉ်တိုက်ခိုက်မှုတွေကြောင့် နေ့စဉ် ၁၄ ဦးခန့် သေဆုံးနေပြီး ရန်ကုန်တိုင်းမှာ ယာဉ်တိုက်မှုကြောင့် နေ့စဉ် ၁ ဒသမ ၆ ဦး ခန့် သေဆုံးနေတယ်လို့သိရပါတယ်။
ယာဉ်တိုက်ခိုက်မှုမှာ အများဆုံး သေဆုံးသူတွေကမော်တော်ဆိုင်ကယ် တိုက်ခိုက်မှုကြောင့် သေဆုံးရတာဖြစ်ပြီးဒီဖြစ်စဉ်ကြောင့် သေဆုံးရသူ အများစုကဆိုင်ကယ်စီး ဦးထုပ်မဆောင်းသူတွေ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာလို့ ၁နှစ်ကို ၁ ဒသမ ၃ သန်းကျော် သေဆုံးနေပြီး မြန်မာနိုင်ငံမှာလည်းစည်းကမ်းမလိုက်နာတာကြောင့် ၁နှစ်ကို လူဦးရေ ၅ထောင်ကျော်လောက် သေဆုံးနေပါတယ်။
#voiceofmyanmar #ရန်ကုန် #ယာဉ်အန္တရယ်